တစ်မူထူးသည့် ထိုင်းကုန်ဈေးနှုန်း ထိန်းကျောင်းပုံ


18 March, 2023

တစ်မူထူးသည့် ထိုင်းကုန်ဈေးနှုန်း ထိန်းကျောင်းပုံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းပြည်တွင်းဈေးကွက်ထဲတွင် မရှိမဖြစ် လိုအပ်သည်ဟု ယူဆရသော ပစ္စည်းများအတွက် ဒေသန္တရဈေးနှုန်းစာရင်းကို အစိုးရအစီအမံများ၊ စျေးကွက်အင်အားစုများနှင့် မရေးထားသော သဘောတူညီချက်များဖြင့် ထိန်းချုပ်ထားလေ့ရှိသည်။
.
ထိုင်းနိုင်ငံသည်  ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ပြည်တွင်းဈေးနှုန်းများကို ကိုင်တွယ်ရာတွင် တစ်မူထူးခြားသည်။
.
ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထုတ်လုပ်မှုစရိတ် ပိုမြင့်ပြီး ၎င်းတို့၏ ရောင်းစျေးနှုန်းကို မြှင့်တင်ရန် အစိုးရထံ ခွင့်ပြုချက်တောင်းခံသည့်အခါတိုင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ၎င်းတို့နှင့် ပူးတွဲအစည်းအဝေး ခေါ်ယူရန် အမြဲတမ်း မဆိိုင်းမတွ အလျင်စလို ဆောင်ရွက်‌ပေးသည်။
အကြိမ်အများစုတွင် ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင် များသည် စျေးကွက်ကို အာဏာပိုင်များက စောင့်ကြည့်ပေးနေချိန်တွင် စျေးနှုန်းများကို ထိန်းထားရန် "သဘောတူညီချက်" တစ်ရပ်ကို ရရှိကြသည်။
.
မကြာသေးမီက သာဓကတစ်ခုတွင် ကလေးသုံးနှင့် လူကြီးသုံး diaper များ ထုတ်လုပ်သူ ခုနစ်ဦးသည် ၎င်းဌာနနှင့် ဆွေးနွေးခဲ့ပြီး ဈေးနှုန်းများကို ထိန်းထားရန် သဘောတူခဲ့ကြသည်။
ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာမှုနှင့်အညီ မတ်လမှစတင်၍ ဈေးနှုန်းများ တိုးမြှင့်ပေးမည့် အစီအစဉ်ကို ပြည်တွင်းမီဒီယာများသို့ ကြေညာခဲ့ပြီးပြီ ဖြစ်သော်လည်း ဈေးမတက်သေးရန် သဘောတူညီပေးခဲ့ကြခြင်း ဖြစ်သည်။
.
သို့ဖြစ်ရာ စျေးနှုန်းသတ်မှတ်ရန် ဤကုမ္ပဏီများတွင် လုပ်ပိုင်ခွင့် တကယ်ရှိပါသလားဟု မေးခွန်း ပေါ်ပေါက်စေသည်။
.
ပုဂ္ဂလိကကဏ္ဍသည် ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကသာ စျေးကွက်ပေါက်ဈေးကို အဆုံးအဖြတ်ပြုစေရန် လိုလားကြသည်။
.
၎င်းဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Chakra Yodmani က နိုင်ငံတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများအတွက် အစိုးရ၏ လမ်းညွှန်ချက်များကို ရှင်းပြသည်။
 .
၎င်းဌာနသည် ၁၉၉၉ ခုနှစ် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဈေးနှုန်းအက်ဥပဒေ Price of Goods and Services Act of 1999 အရ လုပ်ပိုင်ခွင့် အာဏာ ရှိသည်။ 
အဆိုပါ လုပ်ပိုင်ခွင့် အာဏာကို သုံးစွဲပြီး ဌာန၏ အဓိကတာဝန်ဖြစ်သော မျှတသောစျေးနှုန်းနှင့် လုံလောက်သော ပစ္စည်းပေးသွင်းမှု ရရှိစေရန်နှင့် စားသုံးသူများ ခေါင်းပုံဖြတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဆောင်ရွက်ပေးသည်ဟု Mr Chakra က ပြောကြားသည်။
.
လွတ်လပ်သော ကုန်သွယ်မှု မြှင့်တင်ရေးကို  ဌာနက လက်ခံယုံကြည်သည်။
ထုတ်လုပ်မှုကုန်ကျစရိတ်၊ ရောင်းလိုအား၊ ဝယ်လိုအားနှင့် ပြိုင်ဆိုင်မှုအပေါ် အခြေခံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းကို စျေးကွက်က ဆုံးဖြတ်ခွင့်ပေးခြင်းကိုလည်း ဌာနက လက်ခံယုံကြည်သည်ဟု ၎င်းက ဆိုသည်။
.
သို့ရာတွင် “လူတို့၏ နေထိုင်မှု နေ့စဉ်ဘဝများအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ” ကို ကုန်စည်နှင့် ဝန်ဆောင်မှုများဆိုင်ရာ ဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီက သီးခြားကိုင်တွယ်ပေးသည်။ အစိုးရအဖွဲ့၏ အတည်ပြုချက်ကိုလည်း ရယူသည်။
လက်ရှိတွင် သီးခြားကိုင်တွယ်သည့် ကုန်စည် ၅၁ မျိုးနှင့် ဝန်ဆောင်မှု ၅ မျိုး ၊ စုစုပေါင်း ၅၆ မျိုး သတ်မှတ်ထားသည်။ ၎င်းတို့၏ ဈေးနှုန်းများကို ထိန်းချုပ်ထားသည်။ အဆိုပါ  ကုန်စည်နှင့် ဝန်ဆောင်မှုများစာရင်းသည် အခြေအနေနှင့် အချိန်အခါအလျောက် အမျိုးအမည် အတိုးအလျော့ ရှိပါသည်။ 
.
အတင်းကျပ်ဆုံး ကိုင်တွယ်ပေးပုံမှာ အမြင့်ဆုံးဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်း ဖြစ်သည်။ ထိုသို့ ပြဋ္ဌာန်းပေးထားသည့် ကုန်စည် လက်ရှိတွင် တစ်မျိုးတည်းသာ ရှိသည်။ ထိုင်းပြည်တွင်းမှာ ထုတ်လုပ်သည့် ဆေးဘက်ဆိုင်ရာ မတ်စ်ကို ရောင်းဈေး တစ်ခုလျှင် ၂.၅၀ ဘတ်ထက် မပိုရဟု ပြဋ္ဌာန်းထားသည်။
ကျန်သည့် ထုတ်ကုန်များမှာ ယခုလောက် မတင်းကျပ်ချေ။ 
ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အသင့်ပြုတ်စားခေါက်ဆွဲခြောက်၊ နို့နှင့် ငါးစည်သွပ်ဘူး အစရှိသည်တို့ကို ဈေးနှုန်း ချိန်ညှိပေးသည်။ အရွယ်အစား၊ ထုတ်လုပ်သည့် ဖော်မြုလာတို့အရ သတ်မှတ်သည့် ဈေးနှုန်းများကို ဌာနတွင် အရင်တင်ပြရသည်။ ဗဟိုကော်မတီက အတည်ပြုပေးသည်။
အချို့ကုန်စည်များမှာ အချက်အလက် အသေးစိတ် တင်ပြပေးဖို့ လိုအပ်သည်။ ထုတ်ကုန်စျေးနှုန်းများ၊ ပမာဏများ၊ သိုလှောင်မှုတည်နေရာများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို စာရင်းတင်ပြရမည် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ဌာနသည် ဓာတ်မြေသြဇာ၊ အသင့်ပြုတ်စားခေါက်ဆွဲခြောက်ထုပ်နှင့် နို့ ထုတ်ကုန်သုံးမျိုးအတွက် စျေးနှုန်းညှိနှိုင်းမှုကို ဈေးတက်ရန်  ခွင့်ပြုခဲ့သည်။ ထုတ်လုပ်သူများ ပြည်တွင်း၌ ကုန်ပစ္စည်းမရောင်းနိုင်ခြင်းကြောင့် ပြတ်လပ်မှုမဖြစ်စေရန်အတွက် ဈေးတက်ရန် ခွင့်ပြုပေးခဲ့သည်။ 

ကုန်ပစ္စည်းတစ်ခုစီအတွက် ဈေးနှုန်းညှိရန် ခွင့်ပြုချက်မှာ အကြောင်းအချက်အမျိုးမျိုးပေါ် မူတည်ကြောင်း Mr Chakra က ပြောကြားသည်။
ဥပမာ ဓာတ်မြေသြဇာသည် လုံးဝနီးပါး ပြည်ပမှ တင်သွင်းပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းချသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးနှုန်းများကို ပိုမိုမြင့်မားနေသော ကမ္ဘာ့ဈေးကွက်ပေါက်ဈေးများနှင့် အညီ ဈေးတက်ရန် ခွင့်ပြုခဲ့သည်။ 
ယူရီးယား၊ အမိုးနီယမ်ဆာလဖိတ်နှင့် ဒီယမ်မိုနီယမ်ဖော့စဖိတ်ကဲ့သို့သော အရေးကြီး ဓာတ်မြေသြဇာများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို သိသိသာသာ ထိခိုက်စေသည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ နှစ်ခုလုံးအတွက် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ဈေးကွက်ပေါက်ဈေးများ မြင့်တက်သွားခဲ့သည်။ 
အရေးကြီးသော ဓာတ်ပစ္စည်းမှာ သဘာဝဓာတ်ငွေ့မှ ထွက်ရှိသော အမိုးနီးယားဖြစ်သည်။
သဘာဝဓာတ်ငွေ့ ဈေးမြောက်သောအခါ ဓာတ်မြေသြဇာဈေးနှုန်းများလည်း မြင့်တက်ကုန်သည်မှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖြစ်သည်။ ဈေးထပ်တက်ဦးမည့် အလားအလာများလည်း ရှိနေသဖြင့် ဈေးတက်ရန် ခွင့်ပြုခဲ့သည်။ 

ဂျုံမှုန့်၊ စားအုန်းဆီ၊ လျှပ်စစ်ဓာတ်အားနှင့် အလုပ်သမားအတွက် စရိတ်စက မြင့်မားမှုအပေါ် အခြေခံ၍ ပုံမှန် အရွယ်အစား အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို ၆ ဘတ်မှ ၇ ဘတ်သို့ ၁ ဘတ် တိုးမြှင့်ရန် ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။


အပြည့်အစုံ ဖတ်ရှုရန်
ထိုင်းတွင် ခေါက်ဆွဲခြောက်ထုပ် ၁ ဘတ်ဈေးတက်ရန် ခွင့်ပြု
https://www.industrialdirectory.com.mm/article/thai-instant-noodle-raise-1-baht.html


 

စက်ရုံထုတ်ဈေး နို့စိမ်းဈေးသည် တစ်ကီလိုလျှင် ဘတ် ၁ ဒသမ ၅၀ မြင့်တက်ရန် ခွင့်ပြုခဲ့သည်။ မူလက ၁၉ ဘတ်မှ ၂၀.၅၀ ဘတ်သို့ ဈေးတက်သည်။ 

ဈေးနှုန်း ချိန်ညှိပေးခြင်းသည် ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာစေမည် ဖြစ်သည်။
လုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းများကို ပိတ်သိမ်းရခြင်း ကင်းဝေးပြီး ဆက်လက် လုပ်ကိုင်နိုင်စေသည်။  စားသုံးသူများသည် ဈေးတက်ခြင်းကြောင့်  ကျပ်တည်းမှုအနည်းငယ်သာ ရှိစေမည့် စျေးနှုန်းညှိနှိုင်းမှုပုံစံအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြစ်သည်ဟု Mr Chakra က ပြောကြားသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းလာသောအခါ လုပ်ငန်းရှင်များက ဈေးနှုန်းများ လျှော့ချကြသည်။ သာဓကအားဖြင့် ယူရီးယား ဓာတ်မြေဩဇာ ဈေးနှုန်း ၃၀%အထိ လျှော့ချပေးခဲ့ကြသည်။

ယခုလို ဈေးနှုန်း ထိန်းချုပ်သည့်အတွက် မရှိမဖြစ် ကုန်စည်များနှင့် ဝန်ဆောင်မှု အမျိုးအစားတို့ကို လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် အမြတ်အစွန်း ရရှိမှု လျော့နည်းသည်။ သို့သော် ဌာနက ပန်ကြားသည့်အခါ လုပ်ငန်းရှင်များက လိုက်လျောပေးကြသည်ဟု  Mr Chakra က ပြောကြားသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ အများအပြားသည် ကုန်ပစ္စည်းဈေးနှုန်းများ မြှင့်တင်လိုခြင်းမရှိကြချေ။ အထူးသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ပါက ရောင်းအားကို ထိခိုက်မည်ကို စိုးရိမ်ကြကြောင်း ၎င်းက ဆိုသည်။ ဈေးတက်လိုက်ခြင်းကြောင့် ရောင်းအား ကျဆင်းနိုင်သည်။ ပြိုင်ဘက်များ ရောင်းအား တက်သွားနိုင်သည်ဟု Mr Chakra က ပြောကြားသည်။

ကုမ္ပဏီတစ်ခုသည် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားသော်လည်း ဈေးနှုန်းထိန်းထားရန် ဆန္ဒရှိပါက အစိုးရက ထောက်ပံ့ကြေးငွေ ပေးချေပါသလားဟု Mr Chakra ကို မေးခွန်းထုတ်သောအခါ သူက အစိုးရသည် ပြည်သူ့သက်သာချောင်ချိရေးအတွက် တာဝန်ရှိသည်။ သို့ဖြစ်ရာ အစိုးရက ပမာဏနှင့် စျေးနှုန်းအရ ပံ့ပိုးကူညီရန် လိုအပ်လာပါက ဝင်ရောက်လုပ်ကိုင်ပေးမည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 
ဿာဓကအားဖြင့် ဆော်ဒီအာရေဗျနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၄၂၅,၀၀၀ ကို ယမန်နှစ်က ဝယ်ယူနိုင်ရန် အစိုးရက ပါဝင်ကူညီပေးခဲ့သည်။ လုပ်ငန်းရှင်များက တရုတ်နှင့် ရုရှားတို့ထံမှ ဝယ်ယူတင်သွင်းကြရာ၌ တင်သွင်းဖို့ လွယ်ကူအောင် အစိုးရက စီမံပေးသည်။ ပြည်တွင်း ဓာတ်မြေဩဇာ လက်ကျန် ပိုများနေစေပြီး ဈေးကွက်တွင် ဈေးကျစေသည်။

"နောက်တစ်ခု အစိုးရစီမံကိန်းမှာ ပါဝင်တာက တိရစ္ဆာန်အစာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ ၎င်းစီံကိန်းကို  "pig-rice programme"  ဟု အမည်ပေးထားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းကုန်ကြမ်းများဖြစ်သည့် ဆန်လုံးညိုနှင့် အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစာဆန်များ အသုံးပြုမှု မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်းမှာ လယ်သမားများနှင့် ဆန်စက်များထံမှ  ကုန်ကြမ်းဝယ်ယူသဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် ကုန်ကျစရိတ် သက်သာစေသည်။ 

ပြည်တွင်းကုန်သွယ်မှုဌာနနှင့် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့ကလည်း ဈေးနှုန်းကြီးမြင့်မှုနှင့် ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ တိရစ္ဆာန်အစာအတွက် ပြောင်းတင်သွင်းမှုများကို ညှိနှိုင်းကူညီခဲ့ကြောင်း Mr Chakra မှ ပြောကြားခဲ့သည်။

ပြောင်းတင်သွင်းမှုများကို ထောက်ကူရန်အတွက် ၂၀၂၂ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ယာယီ တင်သွင်းမှု သက်သာခွင့် အစီအမံများကို ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အများဆုံးခွဲတမ်း ပြောင်းတန်ချိန် ၅၄,၇၀၀ ကို Public Warehouse Organization မှတစ်ဆင့် တင်သွင်းခြင်း အပါအဝင် ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် တိရစ္ဆာန်အစာအတွက် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါသည်။ အခွန် ၂၀% စည်းကြပါသည်။ 
ဖြေလျော့ပေးသည့် စီမံချက်ကာလတွင် ပြောင်းတန်ချိန် ၆ သိန်းကို အခွန်ကင်းလွတ်ခွင့်ဖြင့် ပုဂ္းလိကလုပ်ငန်းများကို တင်သွင်းခွင့် ပေးခဲ့ပါသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အများအားဖြင့် ဂျုံဝယ်ယူတင်သွင်းသူများသည် ပြည်တွင်းပြောင်းကို ၁:၃ အချိုးဖြင့် ဝယ်ယူရန် ပြဋ္ဌာန်းထားပါသည်။ ၎င်းပြဋ္ဌာန်းချက်ကို ယာယီရုပ်သိမ်းပေးခဲ့သည်။ သို့သော် တိရစ္ဆာန်အစာပြောင်းနှင့် ဂျုံ  နှစ်မျိုးပေါင်း တင်သွင်းမှု ပမာဏသည် တန်ချိန် ၁ ဒသမ ၂ သန်းထက် မပိုစေရဟု ကန့်သတ်ပေးထားပါသည်။
အဆိုပါ လျှော့ပေါ့ပေးခြင်းဖြင့် ပြည်တွင်း လုပ်ငန်းရှင်များ ကုန်ကြမ်း လုံလောက်စွာ ရရှိစေရေးအတွက် ဂျုံနှင့် ပြောင်း စုစုပေါင်း တန်ချိန် ၁ ဒသမ ၀၄ သန်း တင်သွင်းခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ဝန်ကြီးဌာနသည် "ရောင်းဝယ်ဖောက်ကား စျေးနှုန်းလျှော့ချရေး လူအများကို ကူညီပေး" "Price Reduction for Commerce! Help the People" နှင့် "ရွေ့လျား ရောင်းဝယ်ဖောက်ကား စျေးနှုန်းလျှော့ချရေး လူအများကို ကူညီပေး"  "Mobile Commerce Price Reduction! Help the People" ကဲ့သို့သော စီမံချက် အမျိုးမျိုးဖြင့်ထုတ်လုပ်သူများအတွက် ဖြန့်ဖြူးရေးလမ်းကြောင်းများကို ပံ့ပိုးပေးခဲ့သည်ဟု Mr Chakra က ပြောကြားသည်။

ယင်းစီမံချက်များသည် ထုတ်လုပ်သူများ ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချရန် အခွင့်အလမ်းများ ပေးစွမ်းပြီး နိုင်ငံတော်မှ ထောက်ပံ့ပို့ဆောင်ရေးနှင့် ရောင်းချမှုအတွက် ကုန်ကျစရိတ် စီမံခန့်ခွဲမှုတို့ကို ပံ့ပိုးပေးလျက် ရှိကြောင်း ၎င်းက ဆိုသည်။ ကုမ္ပဏီများ နှင့် ထုတ်လုပ်သူများ အရောင်းနှင့် ဝင်ငွေ တိုးခြင်း အကျိုးကျေးဇူးများ ရရှိကြသည်။

ဝန်ကြီးဌာနသည် ပို့ကုန်လုပ်ငန်းရှင်များကို မြှင့်တင်ပေးခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် ဝင်ငွေမြှင့်တင်ရန်တို့အတွက် အတိုင်းအတာကြီးမားသည့် စီးပွားရေးတစ်ခု ဖန်တီးပေးသည်ဟု Mr Chakra က ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေနည်းသူများနှင့် ဆင်းရဲနွမ်းပါးသူများကို လူနေမှုစရိတ်များ ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံတော် သက်သာချောင်ချိရေးကတ် စီမံကိန်းတစ်ခု ထားရှိ‌ပေးပါသည်။ အဆိုပါ အကူအညီ အစီအစဉ်များတွင် အိမ်သုံး ရေမီးစရိတ်၊ 
သယ်ယူပို့ဆောင်ခများနှင့် စွမ်းအင်စရိတ်စကများ အပါအဝင် ဒီဇယ်စျေးနှုန်းများ တည်ငြိမ်စေရန်နှင့် အိမ်ထောင်စုများကို ထိခိုက်စေနိုင်သော LPG စျေးနှုန်းကစားခြင်းကို တားဆီးခြင်းကဲ့သို့သော အကူအညီများ ပါဝင်သည်။

ကုမ္ပဏီတွေ ပူးပေါင်းလိုက်နာခြင်း မပြုခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲဟု မေးခွန်း ထုတ်သောအခါ ၎င်းက "ပထမအကျိုးဆက်က သူတို့ရဲ့ လုပ်ငန်းကို အပျက်သဘောဆောင်နိုင်တယ်၊ ပြိုင်ဘက်တွေက ဈေးမတင်တော့ ဈေးတင်တဲ့သူတွေရဲ့ ရောင်းအား ကျဆင်းမယ်" ဟု ရှင်းပြသည်။ 
 ထို့ပြင် ထုတ်လုပ်သူများက ခွင့်ပြုချက် မရှိဘဲ ဈေးတက်ပါက ဥပဒေအကျိုးဆက်များ ရှိလာနိုင်သည်။  Price of Goods and Services Act ဖြင့် အရေးယူခံရနိုင်သည်။ 

ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ခွင့်ပြုချက်မရဘဲ ဈေးတက်ပါက ပထမအကြိမ် ကျူးလွန်ခြင်းဆိုလျှင် ထောင်ဒဏ်  ငါးနှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ်တစ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။


ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုမဆို ဈေးနှုန်းသည် မတရားသဖြင့် မြင့်မားနေပါက ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယမန်နှစ်က ၆.၀၈% ရှိခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ မက္ကဆီကို၊ လာအို၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ထက် နိမ့်ကျနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံစီးပွားရေး ၁၂၉ နိုင်ငံအနက် အဆင့် ၃၃ တွင် ထိုင်းရောက်ရှိခဲ့ကြောင်း  Mr Chakra က ပြောကြားခဲ့သည်။


Puey Ungphakorn Institute for Economic Research မှ ပညာရပ်ဆိုင်ရာ သုတေသနပြုချက်အရ ထိုင်းငွေကြေးဖောင်းပွမှုအတွက် အဓိကကျသည့်အရာမှာ စွမ်းအင် (ဓာတ်ဆီ၊ လျှပ်စစ်နှင့် ဟင်းချက်ဓာတ်ငွေ့ LPG တို့၏  ဈေးနှုန်းများ) ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှု၏ ၈၇.၉% ကို ပံ့ပိုးပေးခဲ့ကြောင်း၊ စားသောက်ကုန်ဈေးနှုန်းများသည် ငွေကြေးဖောင်းပွမှု၏ ၈.၉% ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ 

Source Bankokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

How To Read 536 times