မြန်မာနိုင်ငံ၏ MSME နှင့် စွန့်ဦးတီထွင်နယ်ပယ်အတွက်  ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖော်ဆောင်ပေ


20 March, 2024

 မြန်မာနိုင်ငံ၏ MSME နှင့် စွန့်ဦးတီထွင်နယ်ပယ်အတွက်  ကြီးမားသော အကျိုးသက်ရောက်မှုများကို ဖော်ဆောင်ပေးနိုင်မည့် လုပ်ငန်း (၄) ကို Grow Together BizPitch အစီအစဉ်မှဖော်ထုတ်

ဆုကြေညာခြင်းနှင့် ဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့ရှိ Governor’s Residence တွင် ကျင်းပပြုလုပ်ခဲ့

 

 ရိုးမဘဏ်၏ နှစ် (၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော Grow Together BizPitch အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) နှင့် စွန့်ဦးတီထွင်နယ်ပယ်အတွက် ကြီးမားသောအကျိုးသက်ရောက်မှုများကို ဖော်ဆောင်ပေးနိုင်မည့် လုပ်ငန်း (၄) ခုကို ဖော်ထုတ်လိုက်သည်။

 

 

BB Food Myanmar Ltd (MSME)

 

 

မြန်မာနိုင်ငံ၏ MSME နှင့် စွန့်ဦးတီထွင်မှုနယ်ပယ်အတွင်း၌ ဆန်းသစ်တီထွင်သော စီးပွားရေးအတွေးအခေါ်များ၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ နည်းဗျူဟာများ၊ စီးပွားရေးရေရှည်တည်တံ့မှုဆိုင်ရာအစီအစဉ်များရှိပြီး ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ယူဆောင်ပေးနိုင်မည့် လုပ်ငန်း (၄) ခု ဖြစ်သော သူဌေးစာ ဟင်းချက်အနှစ်မှုန့်လုပ်ငန်း (Start-up)၊ ကိုဖိုးဇော်ကညွတ်စိုက်ပျိုးရေး (Start-up)၊ Gee Leather Craft Company Limited (MSME) နှင့် BB Food Myanmar Ltd (MSME) တို့ကို ဆုရရှိသောလုပ်ငန်းများအဖြစ် ရွေးချယ်ကာ ရန်ကုန်မြို့ရှိ Governor’s Residence တွင် မတ်လ (၁၆) ရက်နေ့၌ ကျင်းပပြုလုပ်သော Thank You Party တွင်တရားဝင်ဆုချီးမြှင့်ခဲ့သည်။

ကိုဖိုးဇော်ကညွတ်စိုက်ပျိုးရေး (Start-up)
 
 
သူဌေးစာ ဟင်းချက်အနှစ်မှုန့်လုပ်ငန်း (Start-up)

 

Gee Leather Craft Company Limited (MSME)

 

 “ဆုရရှိတဲ့ လုပ်ငန်း (၄) ခုဟာ ဆန်းသစ်တီထွင်မှု၊ စွန့်ဦးတီထွင်မှု နဲ့ စိတ်အားထက်သန်မှုတွေ ပြည့်နှက်နေတဲ့အပြင် မြန်မာနိုင်ငံရဲ့ MSME ကဏ္ဍနဲ့ စွန့်ဦးတီထွင်နယ်ပယ်တွေမှာ အောင်မြင်တိုးတက်ပြီး ပြည်တွင်းထုတ်ကုန်တွေကို မြှင့်တင်ပေးနိုင်တဲ့၊ အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလည်းဖြစ်ကြပါတယ်။ Grow Together BizPitch အစီအစဉ်ကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေအတွက် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ဈေးကွက်ပိုင်းဆိုင်ရာ အသိပညာဗဟုသုတတွေကို မျှဝေပေးနိုင်ရုံသာမက အခုလို အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုကိုပါ ပံ့ပိုးပေးနိုင်တာဖြစ်လို့ အားရကျေနပ်မိပါတယ်” ဟု Grow Together BizPitch အစီအစဉ်၏ စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်နှင့် ရိုးမဘဏ် ၏ Head of SME Banking ဖြစ်သူ ဒေါ်မေစန္ဒီသိန်းဇော် မှ ပြောကြားခဲ့သည်။

 

 

 

ခြောက်လတာကျင်းပခဲ့သော Grow Together BizPitch အစီအစဉ်တွင်  ပါဝင်သူလုပ်ငန်းရှင်များအနေနှင့် အစီအစဉ်တစ်လျှောက်တွင် ဝါရင့်စီးပွားရေးပညာရှင်များ၏ စီးပွားရေးအကြံပြုချက်များ၊ အသိပညာဗဟုသုတများ အပြင်  စီးပွားရေးလုပ်ငန်းများအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကိုလည်း ရရှိခဲ့ကြသည်။ လျှောက်လွှာတင်သော လုပ်ငန်းပေါင်း (၆၄၄) ခုအနက် ကနဦးအဆင့် ရွေးချယ်ခံရသော လုပ်ငန်း (၂၀၀) ကို (၂) ရက်တာလမ်းညွှန်သင်တန်းပို့ချခဲ့ပြီး အရည်အသွေးကောင်းမွန်သော “လုပ်ငန်းအဆိုပြုချက်” (Business Plan) များကို ပြင်ဆင်ခဲ့သည်။ ထိုမှတစ်ဆင့် ဆန်ခါတင်လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်ခဲ့ပြီး စိစစ်ရွေးချယ်ရေး ကော်မတီ၏ရွေးချယ်မှုဖြင့် MSME နှင့် စွန့်ဦးတီထွင်နယ်ပယ်အတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖော်ဆောင်နိုင်သော လုပ်ငန်း (၄) ခုကို ဝါရင့်စီးပွားရေးပညာရှင်များပါဝင်သော စိစစ်ရွေးချယ်ရေးကော်မတီက အစီအစဉ်တစ်လျှောက်လုံး၌ ပွင့်လင်းမြင်သာမှုရှိပြီး သမာသမတ်ကျစွာဖြင့် အဆင့်ဆင့်ရွေးချယ်ခဲ့ကြသည်။

 

 

ရွေးချယ်ခံရသော လုပ်ငန်း (၄) ခုသည် ၎င်းတို့တင်ပြထားသော “လုပ်ငန်းအဆိုပြုချက်” များကို Grow Together BizPitch က ပေးအပ်သော လုပ်ငန်းရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်း (၅၀၀) ဖြင့်  သုံးလတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ လုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ တိုးတက်မှုများနှင့်ပတ်သက်၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် Grow Together BizPitch အစီအစဉ်က စီးပွားရေး အကြံပြုချက်များကို Coaching and Mentoring အစီအစဉ်များမှတစ်ဆင့် တစ်နှစ်တာကာလအတွင်း ပေးအပ်သွားမည်ဖြစ်သည်။

 

 

Grow Together BizPitch အစီအစဉ်တွင် ပါဝင်ခဲ့သော လုပ်ငန်းပေါင်း (၂၀၀) က ဆန်းသစ်တီထွင်မှု၊ စျေးကွက်အလားအလာဖော်ဆောင်မှု၊ လုပ်ငန်းချဲ့ထွင်နိုင်မှု၊ လူမှုအကျိုးသက်ရောက်မှုစသည့် စီးပွားရေးဆိုင်ရာ အတွေးအခေါ်နှင့် ဗဟုသုတများ သိရှိလေ့လာခဲ့ရသည့်အပြင် လုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုအခွင့်အလမ်းများ မှတစ်ဆင့် မိမိလုပ်ငန်းအတွက် အကျိုးရလာဒ်များကိုလည်းရရှိခဲ့သည်။

 

 

ရိုးမဘဏ်အကြောင်း

 

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာ၌ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းဘဏ်များထဲတွင်  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရင်းနှီးမြှုပ်နှံထားသော ပထမဦးဆုံး ပြည်တွင်းဘဏ်တစ်ခု ဖြစ်သည်။ ထို့ပြင် Greenwood Capital Private Limited, GIC  မိတ်ဖက် လုပ်ငန်းစုနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအတွက် နော်ဝေနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း ဖြစ်သည့် Norfund စသည်တို့သည် ရိုးမဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများအဖြစ် ပါဝင်ထားသည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်ချက် ခိုင်မာမှုနှင့် ရေရှည်တည်တံ့သော အရင်းအနှီးများ တိုးပွားလာစေရန်ဟူသော ကတိကဝတ်များကို သက်သေပြနိုင်ခဲ့သည်။

.

.

.

Tips Read 361 times