နို့နှင့် နို့ထွက်ပစ္စည်းအားလုံး ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးမည်


23 February, 2019

(၂၄) ကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် ငါးလုပ်ငန်းကဏ္ဍ၊ သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကဏ္ဍနှင့် နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်အမျိုးအမည်ဖော်ပြချက်တွင် ‘နို့၊နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး’ ဟု ဖော်ပြထားသဖြင့် ဒိန်ချဉ်မပါဘဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်နေရခြင်းကြောင့် ဒိန်ချဉ်အပါအဝင် အခြားနို့ထွက်ပစ္စည်းများ အကျုံးဝင်စေရန် ‘နို့နှင့် နို့ထွက်ပစ္စည်းများ’ ဟု ပြင်ဆင်သတ်မှတ်ပေးရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံ ဇန်နဝါရီလက တင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် နို့နှင့် နို့ထွက်ပစ္စည်းများ ကုန်သွယ်ခွန်ကင်းလွတ်စေရန်အတွက် ‘နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျို’ အစား ‘နို့နှင့် နို့ထွက်ပစ္စည်းများ’ ဟု ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောဆိုသည်။

ထို့ပြင် ပြည်ပမှတင်သွင်းသည့် မွေးမြူရေးအစာကုန်ကြမ်းများကို အကောက်ခွန်ပေးဆောင်ရာတွင် ယခင်က ၁ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစကာ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့သောကြောင့် ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ပြန်လည်ကောက်ခံပေးရေးကိုလည်း ထည့်သွင်းတင်ပြထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် တင်ပြပါသည်။
၁။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လွယ်ကူရှင်းလင်း၍ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အားပေး ကူညီနိုင်မည့် မြေယာအသုံးပြုမှုဆိုင်ရာ မူဝါဒများ ချမှတ်ပေးပါရန်၊ အမျိုးသားအဆင့် မြေအသုံးပြုမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် မြေယာကိုအသုံးချ၍ လုပ်ငန်းများဆောင်ရွက်ရသည့် အသင်းအဖွဲ့များအားလုံးအား ပါဝင်ဆွေးနွေးခွင့်ပြုပါရန်။

၂။ မန္တလေး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ငါးမွေးမြူရေးလိုင်စင်ဆောင်ခွင့်မရှိဘဲ၊ ငါးနှင့်ပုစွန်မွေးမြူရေးကန်များ ပြုပြင်ခွင့်ကိုလည်း ပိတ်ပင်ထားသဖြင့် တရားမဝင်ငါးကန်များအဖြစ်ရပ်တည်လုပ်ကိုင်နေကြရသောကြောင့် တရားဝင် လုပ်ကိုင်ခွင့်ရရန်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန်။

၃။ လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုခွင့်ရရန် လျှောက်ထားဆဲနှင့် မရသေးသော မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရမှ ဒဏ်ကြေးငွေ (၁) ဧကလျှင် (၁၀) သိန်း တောင်းခံနေသည့် အခက်အခဲအား ညှိနှိုင်းဖြေရှင်းပေးပါရန်။

၄။ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရခြင်း ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကုန်သွယ်မှုများ လွယ်ကူလျင်မြန် ချောမွေ့စေရေးအတွက် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးပါရန်။ လတ်တလော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ငါးတန်ငါးများ တင်ပို့ရာတွင် တွေ့ကြုံနေရသော အခက်အခဲအား ညှိနှိုင်းဖြေရှင်းပေးပါရန်။

၅။ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ခေတ်မီတိုးတက်စေရေးအတွက် လိုအပ်သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ်ချေးငွေများရရှိအောင် အစိုးရမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးရန်။

သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင် တင်ပြပါသည်။

၁။ သံနှင့်သံမဏိ ကုန်ချောသွင်းကုန်များအပေါ်တွင် Safe Guard Law, Anti-Dumping and Countervailling Law များကို ပြည်သူ့လွှတ်တော်မှ အမြန်ဆုံး ပြဌာန်းနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်သူများ၏ လက်ရှိအကြပ်အတည်းအား ယာယီဖြေရှင်းပေးနိုင်မည့် အစီအစဉ်များ ချမှတ်ပေးနိုင်ရန်။

၂။ ASEAN မူဝါဒအရ သံပိုက်နှင့် သံ Channel များကို Form D, E ခံစားမှုအရ ပြည်ပမှအခွန်ကင်းလွတ်မှုနှင့် တင်သွင်းခွင့် ရရှိနေသဖြင့် ပြည်တွင်းထုတ်ပစ္စည်းများဈေးကွက်ပျောက်ဆုံးလာကာ ဆုံးရှုံးမှုဖြစ်ပေါ်နေပါကြောင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေ ရောက်ရှိနေပါကြောင်း။

၃။ အိမ်နီးချင်းနိုင်ငံ Thailand နှင့် Malaysia တို့တွင် ၎င်းတို့၏ထုတ်ကုန်နှင့် စက်ရုံများအား အကာအကွယ်ပေးသည့် Anti-Dumping Duty 25-30% ကောက်ခံ၍ အကာအကွယ်ပေးသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သတ်မှတ် ပေးနိုင်ပါရန်နှင့် ယခုလက်ရှိဖြစ်ပေါ်နေသော သံပိုက်နှင့်သံ Channel အပါအဝင် အခြားသံအခြေခံထုတ်ကုန်များ ဈေးကွက်ကြပ်တည်း ခက်ခဲနေမှုများအပေါ် ယာယီဖြေရှင်းပေးနိုင်မည့် အစီအစဉ်များအား ဝန်ကြီးဌာနများမှ အမြန်ချမှတ်၍ သတ်မှတ်ပေးနိုင်ရန်။

မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကဏ္ဍ
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း တင်ပြပါသည်။

၁။ မြန်မာနိုင်ငံ၏မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအရ Used ကားများကို ပြည်ပနိုင်ငံများမှ တင်သွင်းလျက်ရှိရာ အဆိုပါ Used ကားများမှာ နိုင်ငံခြားမှ စီးနင်းပြီးဖြစ်သော ကားများ ဖြစ်၍ မီးခွက်ပြောင်း ၊ ရှဲပြောင်း၊ ဘန်ဘာပြောင်း ၊ Modified ရုပ်ပြောင်းပြုလုပ်ပြီးကားများလည်းပါဝင်ခဲ့ပါကြောင်း။ ယခင် 2011 မှ 2018 အထိ တင်သွင်းခဲ့သောကားများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှမှတ်ပုံတင်ကိစ္စများ ဆောင်ရွက်ရာတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ မူလစက်ရုံထုတ်ပုံစံအတိုင်း ပြန်လည်ပြုပြင် မှတ်ပုံတင်ရမည်ဟု ကြေငြာချက်ထုတ်ပြန်ခဲ့ပါကြောင်း။

၂။ အရောင်းစင်တာများတွင် လွန်ခဲ့သောနှစ်များက တင်သွင်းထားသော ကားအမျိုးအမည်များစွာ ရှိပါသဖြင့် မူလစက်ရုံ ထုတ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန် အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း။
၃။ နိုင်ငံတကာတွင်လည်း မော်တော်ယာဉ်ဝယ်ယူစီးနင်းသူများသည် မိမိတို့၏ကားများကို မီးလုံးပြောင်း၊ ရှဲပြောင်း၊ ဘန်ဘာပြောင်းပြုလုပ်အလှဆင်ခြင်း၊ Modified ပြုလုပ်ခြင်းကို တွင်ကျယ်စွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခင်ကခွင့်ပြုထားခဲ့ပါကြောင်းနှင့် Modified ပြုလုပ်အလှဆင်ခြင်းသည် Road Safety အတွက် ထိခိုက်ခြင်းမရှိပါက နိုင်ငံတကာနည်းတူခွင့်ပြုဆောင်ရွက်သင့်ပါကြောင်း။

၄။ ဌာနမှ မူဝါဒအပြောင်းအလဲပြုလုပ်ပါက အမိန့်အာဏာသက်ရောက်မည့်နေ့ကို ညွှန်ကြားချက် ထုတ်ပြန်သည့်နေ့မှစ၍ အချိန်ကာလတစ်ခုပေးပါရန်။

နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးကဏ္ဍ
ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီး တင်ပြပါသည်။
၁။ တရုတ်-မြန်မာနယ်စပ်တွင် ကုန်သွယ်မှုပြုလုပ်နိုင်သည့် နယ်စပ်ဂိတ်(၃)ခုသာရှိပါကြောင်း၊ ကုန်စည်စီးဆင်းမှု ပမာဏ များပြားလာချိန်တွင် ကုန်သွယ်မှုလမ်းကြောင်းနှင့် နယ်စပ်ဂိတ်များတွင် ပိတ်ဆို့ကျပ်တောက်မှုများ ဖြစ်ပေါ်နေပါကြောင်း။

၂။ နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်ထားနိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဇုန်များ အလျင်အမြန် ပေါ်ထွန်းလာစေရန်။

၃။ တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် နိုင်ငံကူးလက်မှတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များ ကြောင့် နယ်စပ်ဖြတ်ကျော် သွားလာခွင့် လက်မှတ်သက်တမ်းမှာ (၇)ရက်သာရရှိသည့်အတွက် တစ်ပတ်တစ်ခါ သက်တမ်းတိုးခြင်းကိစ္စကို ဆောင်ရွက်နေရပါကြောင်း။

၄။ အလုပ်သမားများနယ်စပ်ဖြတ်ကျော်သွားလာခွင့် သက်တမ်းတိုးခြင်းကိစ္စကို တစ်ပတ်တစ်ခါ ပြုလုပ် နေရပြီး ရုံးရှေ့တွင် လူဦးရေထောင်ဂဏန်းခန့် နေ့စဉ်တန်းစီစောင့်ဆိုင်းနေရသည့်အတွက် အချိန်ကုန်ခြင်း၊ တစ်ခါသက်တမ်းတိုးလျှင် ကုန်ကျစရိတ် ယွမ်(၇၀/၈၀)၊ မြန်မာကျပ်ငွေ (၁၅,၀၀၀)ဝန်းကျင်ကုန်ကျခြင်း စသည့်ဝန်ထုတ်ဝန်ပိုးများဖြစ်ပေါ်နေပြီး ဆောင်ရွက်ပေးရသည့် လူဝင်မှုကြီးကြပ်ရေးနှင့် သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း ဝန်ထုတ်ဝန်ပိုးများ ဖြစ်ပေါ်နေပါကြောင်း။

၅။ တရုတ်နိုင်ငံဘက်မှ မြန်မာအလုပ်သမားကို နိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ခွင့် (၆)လ ခွင့်ပြုပေးထား သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်သွားလာခွင့်လက်မှတ် သက်တမ်းကို (၆)လ ခွင့်ပြု ပေးထားပါက တရုတ်နိုင်ငံ အတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ အလုပ်သမားများ အဆင်ပြေချောမွေ့စွာ သွားလာ လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း တင်ပြခဲ့သည်။

Voice, UMFCCI

Taxation Read 490 times