အကောက်ခွန်နှုန်းထား သုံးဆကျော်မြင့်တက်ခြင်းကြောင့် တရုတ်သို့တင်ပို့မည့် ပဲဈေးကွက် ရိုက်ခတ်နိုင်


05 February, 2021

တရုတ်နိုင်ငံကို တင်ပို့တဲ့ သီးနှံများရဲ့ အကောက်ခွန်မှာ သုံးဆကျော်အထိ မြင့်တက်သွားသဖြင့် ပဲဈေးကွက်အတွက် ရိုက်ခတ်မှုများဖြစ်ပေါ်နေကြောင်း သိရပါတယ်။

တရုတ်ကို တင်ပို့တဲ့ သီးနှံများအတွက် မြန်မာနိုင်ငံဘက်က ကောက်တဲ့ အကောက်ခွန်နှုန်းထားများမှာ မေလ ၁ ရက်နေ့မှစကာ မြင့်တက်သွားခဲ့ခြင်းဖြစ်ပါတယ်။ အကောက်ခွန်များမှာ ယခင်က တစ်တန်ကို ကျပ် ၆၀၀၀ ရှိခဲ့ရာမှ မေလ ၁ ရက်နေ့က စတင်ကာ ကျပ် ၂၁၄၀၀ သို့ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်ကို အဓိက တင်ပို့နေတဲ့ သီးနှံအချို့ဈေးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း သိရပါတယ်။

“ဂျူတီ (အကောက်ခွန်)က သုံးဆလောက် တက်သွားတယ်။ တက်တာက ရက်ပိုင်းပဲ ရှိသေးတဲ့အတွက် ဈေးကွက်အတွင်းမှာတော့ သိသိသာသာ ဖြစ်မလာသေးဘူး။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာတော့ သိသာလာမယ်။ ဈေးကွက်ကို ရိုက်ခတ်မှုရှိမှာ သေချာပါတယ်။ အခုလို အကောက်ခွန် သိသိသာသာ မြင့်တက်တာမျိုးကိုလည်း အခုမှကြုံဖူးတာ၊ အရင်က မရှိခဲ့ပါဘူး“ လို့ မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း အတွင်းရေးမှူး ဦးကျော်သွင်ကပြောပါတယ်။

အခုလို အကောက်ခွန် မြင့်တက်လာခြင်းကို တရုတ်သို့ တင်ပို့နေတဲ့ ကုန်သည်များက စောင့်ကြည့်နေကြပြီး ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းထက် လျှော့ချဝယ်ယူရန်မှာလည်း မလွယ်ကူ၍ အခက်တွေ့နိုင်ကြောင်း သိရပါတယ်။

စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က “မြန်မာနိုင်ငံက အရောင်းအဝယ်က ဈေးတက်သွားရင် ချမရောင်းချင်ကြဘူး။ ချဝယ်ဖို့ကလည်း မလွယ်ဘူး။ ဒီအခြေအနေကို ကုန်သည်တွေ စောင့်ကြည့်ပြီး တစ်ပတ်လောက်နေမှ အတက်၊ အကျ အခြေအနေကို ပြောလို့ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

ရွှေဆင်မင်း ပွဲရုံပိုင်ရှင် ဦးမင်းအောင်က “တရုတ်ကိုတင်ပို့နေတဲ့ သီးနှံတွေ အားလုံးအတွက် တိုးမြှင့်ကောက်ခံတာ ဖြစ်တဲ့အတွက် မြေပဲ၊ ပဲတီစိမ်းနဲ့ တခြားသီးနှံဈေးနှုန်းတွေ အနည်းငယ်ကျဆင်းလာတယ်။ ဒီဈေးအတိုင်းဆိုရင် ဒီမှာဝယ်ထားတဲ့သူတွေက တင်ပို့ရာမှာ ဈေးကမကိုက်တော့တဲ့အတွက် အဆင်ပြေကြမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

မန္တလေးမှ တရုတ်နိုင်ငံသို့ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းတို့ကို အများဆုံးတင်ပို့နေပြီး ပဲတီစိမ်းမှာ အကောက်ခွန်နှုန်း တက်သွားခြင်းကြောင့် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် ကျဆင်းသွားပြီး မြေပဲမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀ ခန့် ကျဆင်းသွားခဲ့ပါတယ်။ နှမ်းမှာ ပစ္စည်းလက်ကျန်နည်း၍ အတက်၊ အကျ မသိသာသေးကြောင်း သိရပါတယ်။

The Farmer Myanmar 

Taxation Export, Import Read 2169 times