အခွန်ရုံးတွေ ယာယီပိတ်သင့်နေပါပြီ


05 February, 2021

ကုမ္ပဏီအစုရှယ်ယာ ထည့်ဝင်ငွေတွေ၊ အိမ်ခြံမြေဝယ်တာတွေ၊ မော်တော်ကား အမည်ပြောင်းတာတွေ အပေါ်မှာ သက်သာတဲ့ အခွန်နှုန်း ၃% နဲ့ ပေးထားတဲ့ ကာလကလည်းမကြာခင် ကုန်ဆုံး တော့မှာပါ။ 

ဘယ်တော့ကုန်ဆုံးမလဲဆိုရင် လက်ရှိ စက်တင်ဘာလ လကုန်ရင်ဘဲ၃% ကနေ ၆% ကို ပြောင်းလဲတော့မှာပါ။ သက်သာတဲ့၃%အခွန်နှုန်း ကိုခွင့်ပြုပေး ထားတဲ့ အချိန်က သိပ်မကျန်တော့ပါ။ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အချိန် မှာ သက်သာတဲ့အခွန်နှုန်းနဲ့ အခွင့်အရေးလေး မဆုံးရှုံးရအောင် အခု တစ်လော အခွန်ရုံးတွေမှာ သည်းသည်းလှုပ်မျှ အခွန်လာဆောင်နေကြပြီး မြန်မာ့စီးပွားရေးဘဏ်မှာ လည်း လူတွေ များနေပါတယ်၊

လူစုလူဝေး မလုပ်ရ ဘူးဆိုတဲ့ ကိုဗစ်တားမြစ်ချက်က အခွန်ရုံးတွေမှာ အလုပ်မဖြစ်တော့ ဘူး လားလို့ဆိုရတော့မလိုပါဘဲ၊ အခုတစ်လောမှာလည်း ကိုဗစ်ပေါ့စတစ် လူနာတွေက ဒီရေလို တစ်ရိပ်ရိပ်တက် နေတာတွေ့ရပြီး သေဆုံးတဲ့ လူနာများကလည်းမနည်းလှတော့ပါ။ ဒါပေမဲ့ အခွန်သက်သာခွင့် ပေးထားတဲ့ အချိန်ကလည်း သိပ်မကျန်တော့လို့ ပြည်သူတွေ ခမျာ မှာလည်း အခုအချိန်မှာ သက်သာတဲ့အခွန်ကို ကိုဗစ်(ပေါ့စတစ်) နဲ့အလဲ အထပ်လာလုပ် နေသလား လို့တောင်ထင်နေရပါတယ်။

ပိုလို့ စိုးရိမ်စရာ ကောင်းတာကတော့ အခွန်ရုံး တွေက အခွန်ဝန်ထမ်းတွေ ခမျာမှာလည်း နေ့စဉ်နှင့်အမျှ ကိုဗစ်ကူးစက်ခံ နေရပါပြီ၊ တစ်နေ့ထက် တစ်နေ့ တစ်ရုံး ပြီးတစ်ရုံး၊ တစ်ယောက်ပြီး တစ်ယောက် အကူးခံနေရပါပြီလို့ ..... နေ့စဉ် သတင်းတွေကြားကြားနေရပေမဲ့ အခွန်ထမ်းပြည်သူတွေရဲ့ အကျိုးကို ကြည့်ပြီး တစ်ဝက်တက် တစ်ဝက်နားစနစ်နဲ့ အန္တရာယ် တောထဲမှာ ဆက်လက် ဖြတ်သန်းနေရတယ်။

ရန်ကုန်မြို့ အခွန်ရုံးက အဆောင်နေဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ခဲ့ရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ကျောက်တံတားမြို့နယ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာရုံးက ဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ပြည်ပနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာလည်း မရှိဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။သူဟာ လူနာအမှတ် ၁၁၃၁ ဖြစ်ပြီး နေမကောင်းလို့ ဆေးရုံသွားပြရာကနေ ဆေးစစ်ခံခဲ့ရတာပါလို့ ဒီဗီဘီ သတင်းမှာ ပါတယ်။ ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာဖြစ်သလို အခွန်ရုံးကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ဖွင့်သွားမယ်လို့လည်း ပြောပါတယ်လို့လည်း ဖော်ပြထားပါတယ်။ 

အခုလိုအချိန်အခါမျိုးမှာ အခွန်ပေးကြမယ့် အခွန်ထမ်းပြည်သူတွေဘဲဖြစ်ဖြစ်၊ အခွန်ဌာနက အခွန်ဝန်ထမ်း တွေ ဘဲ ဖြစ်ဖြစ် ကိုဗစ်(ပေါ့စတစ်)နဲ့ ဘယ်လိုမှ မလဲသင့်ပါ။ ဒီတော့ နှစ်ဦး နှစ်ဖက် စလုံး အကျိုးရှိစေမဲ့စီမံခန့်ခွဲမှုတစ်ခုတော့ တာဝန်ရှိသူတွေက စဉ်းစားပေးဖို့ လိုနေပြီတိုက်တွန်းချင်ပါတယ်။ ဘာတွေလုပ်ပေးသင့် လဲလို့ မေးကောင်းမေးလာမယ်ဆိုရင်တော့ 
ကိုဗစ်( ပေါ့စတစ် ) တိုးနေတဲ့ အခုချိန်ကစလို့ ကူးစက်မှု တည်ငြိမ် သွားတဲ့ အချိန်ကာလအထိ ( အနည်းဆုံးတစ်လလောက်အချိန်ထိ) အောင် အခွန်ရုံးများကို ယာယီပိတ်ထားပေးရပါမယ်။

ရုံးတွင်း လုပ်ငန်း တွေ လစ်ဟင်းမှာစိုးလို့ မပိတ်ထားရင်တောင် ပြည်သူလူထုနဲ့ ဆက်ဆံ ရတဲ့ အခွန်ကောက်ခံတဲ့ လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်ထား ပေးရ ပါမယ်၊ အခွန်ထမ်းပြည်သူတွေမနစ်နာအောင် ၃% အခွန်နှုန်းနဲ့ အခွန် သက်သာခွင့်ပေးထားတဲ့အချိန်ကိုလည်း ကာလတစ်ခု အထိ ထပ်တိုး ပေးထားပေးရပါမယ်။ 

Taxation Read 477 times