အခွန်ရငွေစာရင်းများအရ လျာထားချက်ထက်လျော့နည်းခဲ့


03 December, 2018

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ခံရရှိခဲ့သည့် အခွန်ရငွေစာရင်းများအရ ထိုနှစ်အတွက် လျာထားသောပမာဏကို ပြည့်မီခဲ့ခြင်းမရှိဘဲ ကျပ်ဘီလျံ ရာဂဏန်းအထိ လျော့နည်းရရှိခဲ့သည်ကို တွေ့ရပါတယ်။သာမန်အားဖြင့် အခွန်ရငွေတွင် လျာထားသည့်ပမာဏထက် ပိုမိုကောက်ခံနိုင်လေ့ရှိသော်လည်း ထိုနှစ်တွင်မူ လျာထားချက်ကိုပင် ပြည့်မီခဲ့ခြင်းမရှိပေ။ ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ထိုနှစ်အတွက် ကျပ် ၇,၅၄၆ ဒသမ ဝ၃ဝ ဘီလျံရရှိရန် လျာထားခဲ့ခြင်းဖြစ်ပြီး ကျပ် ၇,၄၂၃ ဒသမ ၄ဝ၇ ဘီလျံသာ ကောက်ခံရရှိခဲ့ကာ ကျပ် ၁၂ဝ ဘီလျံကျော် လျော့နည်းခဲ့ခြင်းပင် ဖြစ်ပါတယ်။

 ''တစ်ခုခုတော့ လွဲချော်နေတာ သေချာတယ်။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးရဖို့ရှိတယ်''ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ပြောသည်။ အထက်ပါ အခွန်အကောက် ရငွေများနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုဝင်ဘာ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သကဲ့သို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကလည်း အစီရင်ခံစာ တင်သွင်းချက်အရ သိခဲ့ရပါတယ်။

 နိုင်ငံတွင် အခွန်အခ အမျိုးအစား ၂၁ မျိုးရှိပြီး ၁၄ မျိုးက လျာထားချက်ထက် ကျော်လွန်ရရှိခဲ့သော်လည်း ခုနစ်မျိုးမှာမူ လျာထားချက်ကို ပြည့်မီခဲ့ခြင်းမရှိပေ။ အထူးသဖြင့် အခွန်ပမာဏ ထုထည်ကြီးမားသော ကုန်သွယ်လုပ်ငန်းခွန်သည် ကျပ် ၂,ဝ၇၅ ဘီလျံကျော် လျာထားခဲ့သော်လည်း ကျပ် ၁,၉၇၅ ဘီလျံကျော်သာ ရရှိခဲ့ကာ ကျပ်ဘီလျံ ၁ဝဝ ကျော် လျော့နည်းရရှိခဲ့သည်။ ''အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၂ဝ၁၆-၁၇ ဘဏ္ဍာရေးကထက် လျော့နည်းခဲ့သည်ကို တွေ့ရပါတယ်''ဟု ဦးမောင်မောင်ဝင်းက ပြောကြားချက်အရ သိခဲ့ရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုသော ကုမ္ပဏီ ၃ဝဝ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကြောင့် အခွန်ငွေ ဘီလျံ ရာနှင့်ချီ လျော့နည်းခဲ့သည်ဟု ဆိုသည်။ ''ကုန်သွယ်လုပ်ငန်းခွန်နဲ့ အကောက်ခွန် ကင်းလွတ်ခွင့်ပြုခဲ့မှုကြောင့် ကျပ် ၂၅၈ ဒသမ ၆၇၃ ဘီလျံ လျော့နည်းကောက်ခံရရှိခဲ့ပါတယ်။ အထူးသဖြင့် MIC က ခွင့်ပြုထားတဲ့ကုမ္ပဏီ ၃၉၄ ခုကို ကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်ပါတယ်''ဟု ကော်မတီကိုယ်စား ရှင်းလင်းတင်ပြသည့် ချောက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ဆိုခဲ့ပါတယ်။

ကုမ္ပဏီများအတွက် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၂၅ ဒသမ ၅ ဘီလျံနှင့် အကောက်ခွန်မှ ကျပ် ၇၆ ဒသမ ၃၂၃ ဘီလျံ စုစုပေါင်း၂ဝ၁ ဒသမ ၈၄၁ ဘီလျံကျော် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အခြား ကင်းလွတ်ခွင့်ပြုသည့် အဖွဲ့အစည်းများအဖြစ် ဝန်ကြီးဌာန ၂ဝ သို့ ကျပ် ၃ဝ ဒသမ ၄ ဘီလျံ၊ သီလဝါ အထူးစီးပွားရေးဇုန်သို့ ကျပ် ၂၄ ဒသမ ၉ ဘီလျံ၊ NGO၊ INGO များသို့လှူဒါန်းသဖြင့် ကင်းလွတ်ခွင့်ပြုသည့် ပမာဏ ကျပ် ၁ ဒသမ ၁၂၅ ဘီလျံနှင့် တိုင်း/ပြည်နယ်အစိုးရအဖွဲ့နှစ်ခုသို့ ကျပ် ၃၃၁ သန်း ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

 အခွန်အကောက်ရငွေတွင် ပမာဏအများဆုံးဖြစ်သော ဝင်ငွေခွန်သည်လည်း လျာထားချက်ကို ပြည့်မီခဲ့ခြင်းမရှိပေ။ ဝင်ငွေခွန်သည် လျာထားချက်အောက် ကျပ် ၉၂ ဘီလျံကျော် လျော့နည်းရရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှစပြီး ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်မှုကို ကင်းလွတ်ခွင့်ပြုခဲ့ခြင်းကလည်း ဝင်ငွေခွန်လျော့နည်းခဲ့ခြင်းနှင့်သက်ဆိုင်ကြောင်း ဦးမောင်မောင်ဝင်းက ပြောပါတယ်။လှိုင်းဘွဲ့မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုကမူ ရသင့်ရထိုက်သောဝင်ငွေခွန်များမှ လစ်ဟင်းမှုများရှိနေကြောင်း ထောက်ပြခဲ့သည်။လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ ၇) အရ လယ်ယာမြေကို ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းပေးကမ်းခွင့် တရားဝင်ခွင့်ပြုထားသောကြောင့် တရားဝင်ရောင်းဝယ်မှုများ ရှိနေသော်လည်း ထိုအရောင်းအဝယ်အတွက် တံဆိပ်ခေါင်းသာ ဝယ်ယူပြီး သက်ဆိုင်ရာ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအကြီးအကဲက အသိအမှတ်ပြုရုံနှင့် အရောင်းအဝယ်အထမြောက်သွားခြင်းဖြစ်ပါတယ်။

  ''အဲဒီမှာ ဧကအလိုက် သိန်း ၃ဝ၊ ၄ဝ ကနေ ရာဂဏန်းအထိ ရောင်းနေဝယ်နေကြတယ်။ ဒီငွေက ဖြူလားမည်းလား မသိရသလို အခွန်လည်းမရဘူး''ဟု ဦးခင်ချိုက ပြောသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့အထွက်နှုန်းကျဆင်းခဲ့ခြင်းနှင့် ဈေးနှုန်းကျဆင်းခဲ့မှုကြောင့်လည်း လျာထားချက်အောက် ကျပ် ၁၉ ဘီလျံကျော် လျော့နည်းရရှိခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ၎င်းဝင်ငွေသည် ယခင်ဘဏ္ဍာနှစ်ထက်လည်း ၉ဝ ဘီလျံကျော် လျော့နည်းခဲ့ပါတယ်။အထက်ပါ အခွန်အမျိုးအစားများလောက် အခွန်ပမာဏ မများပြားသော်လည်း ပြည်သူများ၏ စီးပွားရေးအခြေအနေကို ထင်ဟပ်နေသည့် တံဆိပ်ခေါင်းခွန်သည်လည်း လျာထားချက်အောက် လျော့နည်းရရှိခဲ့သည်။ ၎င်းအခွန်အမျိုးအစားတွင် ကျပ်ခုနစ်ဘီလျံကျော် လျော့နည်းရရှိခဲ့ပါတယ်။

  ''အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ရောင်းဝယ်ခြင်းအပေါ် လျော့နည်းကောက်ခံ ရရှိခဲ့ခြင်းကြောင့်ဖြစ်ပါတယ်''ဟု ဦးမောင်မောင်ဝင်းက ပြောသည်။ လျာထားချက်အောက် လျော့နည်းရရှိခဲ့သော အခြားအခွန်အခ အမျိုးအစားများမှာမူ ရေအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် ကောက်ခံသည့် ဓာတ်အားခ ကျပ် ၄၃၃ သန်း၊ ရေခွန် ၁၄ သန်းနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၃၇၉ သန်းတို့ဖြစ်ကြောင်း တွေ့ရသည်။ တစ်ဖက်တွင်မူ လျာထားချက်ထက် ပိုမိုကောက်ခံရရှိခဲ့သော အခွန်အမျိုးအစားများလည်း ရှိနေသည်။ ဆက်သွယ်ရေးကဏ္ဍတွင် My Tel ဝင်ရောက်လာသဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခအမျိုးအစားတွင် လျာထားသည်ထက် ကျပ် ၁ဝ ဘီလျံခန့် ပိုမိုရရှိခဲ့ကြောင်း သိရသည်။ My Tel သည် 1800MHz Option အတွက် လှိုင်းနှုန်းစဉ် သုံးစွဲခပေးသွင်းလာသဖြင့် ပုံမှန်ရရှိနေသော အခွန်ထက်ပိုမိုရရှိခဲ့ကြောင်း ဦးမောင်မောင်ဝင်းက ပြောခဲ့ပါတယ်။

အကောက်ခွန်တွင်လည်း လျာထားချက်ထက် ကျပ် ၃၃ ဘီလျံကျော် ကျော်လွန်ရရှိခဲ့သည်။ ထို့ပြင် မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများခေါင်းစဉ်မှ ရရှိသည့် အခငွေသည်လည်းလျာထားသည်ထက် ကျပ် ၃၆ ဘီလျံကျော် ပိုမိုရရှိခဲ့သည်ကို တွေ့ရပါတယ်။အဆိုပါခေါင်းစဉ်မှ ကျပ် ၁၉၆ ဒသမ ၇ ဘီလျံ လျာထားပြီး အမှန်တွင် ကျပ် ၂၃၃ ဘီလျံခန့်အထိ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအတွက် သီးခြားရှင်းလင်းခြင်းမရှိခဲ့သော်လည်း ထိုဘဏ္ဍာနှစ်အတွင်း မော်တော်ယာဉ် တစ်သိန်းတစ်သောင်းကျော်ကို စည်းကြပ်ကောက်ခံခဲ့ကြောင်း သိရပါတယ်။

အထက်ပါအခွန်အမျိုးအစားများမှ အခွန်လျာထားသည်ထက် ကျော်လွန်ကောက်ခံ ရရှိခဲ့သော်လည်း အခွန်ပမာဏ ကြီးမားသော ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်ကဲ့သို့သောအခွန်အမျိုးအစားတွင် လျာထားချက် မပြည့်မီခဲ့သောကြောင့် တစ်နှစ်စာအတွက် စုစုပေါင်းအခွန်ရငွေတွင် လျာထားချက်အောက် လျော့နည်းခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ဝင်ငွေခွန်သည် ယခုအစိုးရလက်ထက်တွင် တိုးတက်ရရှိ မလာသည့်အပြင် တစ်နှစ်ထက်တစ်နှစ် လျော့နည်းသွားသည်ကို တွေ့ရပါတယ်။

၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁,၄၃၂ ဘီလျံကျော်သာ ရရှိခဲ့ရာမှ ၂ဝ၁၅-၁၆ တွင် ကျပ် ၂,၃၂၆ ဘီလျံကျော်သည်အထိ အလျင်အမြန်တိုးတက်ရရှိလာသော ဝင်ငွေခွန်သည် ယခုအစိုးရ စတင်တာဝန်ယူသည့် ၂ဝ၁၆-၁၇ တွင်မူ ကျပ် သုံးဘီလျံခန့် လျော့နည်းခဲ့ကာ ကျပ် ၂,၃၂၃ ဘီလျံကျော်သာ ရရှိခဲ့သည်။ ထို့ပြင် ၂ဝ၁၇-၁၈ ဘဏ္ဍာတွင်လည်း ကျပ်ဘီလျံ ၆ဝ ခန့်အထိ ထပ်မံလျော့နည်းခဲ့ပြီး ကျပ် ၂,၂၆၃ ဘီလျံကျော်သာ ရရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။ထို့ကြောင့် အခွန်ပမာဏ အများဆုံးဖြစ်သော ဝင်ငွေခွန်အပါအဝင် အခြားသော အရေးကြီးသည့် အခွန်အမျိုးအစားများမှပါ အခွန်ဝင်ငွေများ ပိုမိုရရှိလာရေးအတွက် လွှတ်တော်က လိုလားလျက်ရှိသည်။''စီးကရက်၊ ဆေးပေါ့လိပ် စသည့်ဆေးရွက်ကြီးထွက်ပစ္စည်းများနဲ့ အရက်၊ ဘီယာ၊ ဝိုင် စသည့်အထူးကုန်စည်များ၏ အခွန်နှုန်းထားများကို တဖြည်းဖြည်း တိုးမြှင့်ကောက်ခံသွားရန် မှတ်ချက်ပြုပါတယ်''ဟု ဦးဘိုကြီးက ပြောပြချက်အရ သိရပါတယ်။

 စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သူ ဦးသန်းစိုး (ဘောဂဗေဒ) ကမူ အခွန်စနစ် ပြောင်းခြင်းထက် လူ (ဖွဲ့စည်းပုံ)ကို ပြောင်းလဲသင့်ကြောင်း မှတ်ချက်ပေးသည်။ ''အခွန်အကောက်ဘုတ်အဖွဲ့ ဖွဲ့စည်းချင်တယ်။ ဘုတ်အဖွဲ့မှာ အခွန်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူ ပညာရှင်တွေပါမယ်။ အခုသိရတာက အခွန်အကောက်နဲ့ပတ်သက်လို့ ညွှန်ချုပ်တစ်ယောက်တည်းကနေ လုပ်တာပေါ့နော်။ ဒီလိုလုပ်နေရာကနေ သူ့ကို ပါဝါအပြည့်မပေးဘဲနဲ့ ဘုတ်အဖွဲ့ကို အပြည့်ပေး၊ ဘုတ်အဖွဲ့က မူဝါဒချ။ အဲဒီလိုတည်ဆောက်ပုံကို ပြောင်းသင့်တယ်''ဟု ၎င်းက ပြောပါတယ်။

 ကျောက်စိမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စသည့် နိုင်ငံပိုင်ကဏ္ဍမှရနိုင်သည့် အခွန်များကို ပိုမိုကောက်ခံသင့်သည်ဟုလည်း ဆိုသည်။''သေချာတယ်၊ ဆွေးနွေးကြလိမ့်မယ်''ဟု ဒေါ်ခင်စန်းလှိုင်က ပြောပြချက်အရ သိခဲ့ရပါတယ်။

 

Taxation Read 564 times