၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံမှုမှ လျာထားချက် ကျော်လွန်ရရှိခဲ့


18 November, 2020

၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံမှုမှ စုစုပေါင်း ကျပ်၇၂၉၆ ဒဿမ ၆၉၇ ဘီလီယံရရှိခဲ့ပြီး လျာထားချက်ထက် အခွန်ပိုမိုရရှိခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က ဆင်ဟွာသို့ နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။

“လျာထားချက်က ကျပ်၇၁၆၈ဒဿမ၃၁၈ ဘီလီယံ ဖြစ်တယ်။ ကောက်ခံရရှိမှုက ၇၂၉၆ ဒဿမ ၆၉၇ ဘီလီယံဖြစ်တဲ့အတွက် ၁၀၁ ဒဿမ ၉၉ ရာခိုင်နှုန်းအထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်’’ ဟု ၎င်းကဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၆၇၄၈ဒဿမ၂၇၉ ဘီလီယံ အခွန်ကောက်ခံရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကျပ်၅၄၈ဒဿမ၄၁၈ ဘီလီယံ ပိုမိုကောက်ခံရရှိခဲ့ကြောင်း သိရသည်။

အခွန်တစ်မျိုးချင်းကောက်ခံရရှိမှုမှာ

ဝင်ငွေခွန် မှ ကျပ် ၃၅၁၅ ဒဿမ ၈၆၂ ဘီလီယံ၊

ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၂၂၀ ဒဿမ ၉၇၂ ဘီလီယံ၊

အထူးကုန်စည်ခွန်မှ ကျပ် ၁၂၇၀ ဒဿမ ၉၇၃ ဘီလီယံ၊

ရတနာခွန်မှ ငွေကျပ် ၁၁ ဒဿမ ၇၅၇ ဘီလီယံ ၊

တံဆိပ်ခေါင်းခွန်မှ ၁၁၆ ဒဿမ ၉၆၁ ဘီလီယံ နှင့်

အောင်ဘာလေသိန်းဆုခွန် မှ ငွေကျပ် ၁၆၀ ဒဿမ ၁၇၂ ဘီလီယံ

အသီးသီး ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

“စာရင်းအရ အခွန်ကောက်ခံရရှိမှုထဲမှာ ပါဝင်မှုအချိုးအနေနဲ့ပြောရရင် ဝင်ငွေခွန် က ၄၈ ဒဿမ ၁၈ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့လို့ အမြင့်ဆုံးဖြစ်တယ်။ ရတနာခွန်က အနိမ့်ဆုံးဖြစ်တယ်။ ဝဒဿမ ၁၆ ရာခိုင်နှုန်ပဲ ပါဝင်ပါတယ်။

အခွန်အရပ်ရပ်ကနေ ကောက်ခံလိုက်တဲ့ အခွန်တွေ အကုန်လုံးက ရသုံးမှန်းချေငွေစာရင်းဦးစီးဌာနထဲကိုဝင်သွားတာဖြစ်တယ်။ အဲဒီရတဲ့ငွေတွေနဲ့ အသုံးစားရိတ်တွေ ကိုခွဲဝေပြီး အသုံးပြုနေတာဖြစ်တယ်။’’ ဒေါ်ဆွေဆွေခိုင်က ဆက်ရှင်းပြသည်။ထို့ပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အောက်တိုဘာ ၁ ရက်မှ စ၍ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် ငွေသားချက်လက်မှတ်ဖြင့် အခွန်ပေးသွင်းမှုအစား အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်ဖြင့်သာ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)

Taxation Read 475 times