ပြည်ပနေနိုင်ငံသားများ၏လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့်အစီအစဉ်အား အသိပေးကြေညာ


07 October, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန ပြည်ပနေနိုင်ငံသားများ၏လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့်အစီအစဉ်အား အသိပေးကြေညာခြင်း

 

၁။ ရသင့်ရထိုက်သောအခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝရရှိစေရန်နှင့် မြန်မာနိုင်ငံ သားအားလုံးအခွန်တာဝန်ကို သာတူညီမျှ ထမ်းဆောင်နိုင်ကြစေရန် ရည်ရွယ်လျက် ယခင်က ပြည်ပနေနိုင်ငံသားများ၏ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား ၂၀၂၃ ခုနှစ်၊ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေဖြင့် ၁-၁၀-၂၀၂၃ ရက်နေ့မှစတင်၍ ပယ်ဖျက်ခဲ့ပါသည်။ ထို့ပြင် အဆိုပါဥပဒေဖြင့် ပြည်ပနေနိုင်ငံသားများ၏ လစာ ဝင်ငွေအပေါ်တွက်ချက်ရမည့် ဝင်ငွေခွန် နှုန်းထား၊ ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏ သတ်မှတ်ရမည့် နည်းလမ်းနှင့် ပေးဆောင်ရမည့် ငွေကြေးအမျိုး အစားသတ်မှတ်ချက်တို့အား ပြဋ္ဌာန်းခဲ့ပါသည်။ 


၂။ မြန်မာနိုင်ငံ၏ပြင်ပတွင် နေထိုင်အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ မိမိတို့၏ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် အောက်ပါတွက်ချက်မူနည်းလမ်း (၂) မျိုးဖြင့် တွက်ချက်ပြီး ရရှိသည့်အခွန်ပမာဏ(၂) ရပ်အနက် နည်းရာ အခွန်ပမာဏဖြင့် ပေးဆောင်ရမည် ဖြစ်ပါသည်-

(က) ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်းထားဖြင့် တွက်ချက်ခြင်းနည်းလမ်း၊ 
(ခ) ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းနည်းလမ်း။

၃။ ပြည်ပနေ နိုင်ငံသားများအနေဖြင့် ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ်  ဝင်ငွေခွန် ပေးဆောင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိရန်လိုအပ်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

(က) မိမိပေးဆောင်ရမည့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန Website (https://www.ird.gov.mm) ၏ Home Page ရှိ လစာဝင်ငွေခွန် တွက်ချက်ရန် (ပြည်ပနေနိုင်ငံသား) Menu Link မှတစ်ဆင့်

 

(သို့မဟုတ်) https://paye.ird.gov.mm မှ တိုက်ရိုက်ဝင်ရောက်၍ လစာဝင်ငွေခွန် တွက်ချက်မှုစနစ် (PAYE Tax Calculator) တွင် ဝင်ရောက် တွက်ချက်ကြည့်နိုင်ပါသည်၊

(ခ) လစာဝင်ငွေခွန် ပေးဆောင်နိုင်ရန် စနစ်အတွင်းသို့ အချက်အလက်များ ထည့်သွင်းခြင်းကိုသက်ဆိုင်ရာ သံရုံးဝန်ထမ်းများ (သို့မဟုတ်) သက်ဆိုင်ရာ အခွန်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ စနစ်အတွင်းသို့ ထည့်သွင်းရန် လိုအပ်သည့် အချက်အလက်များမှာ 
လစာဝင်ငွေခွန် ပေးဆောင်သူ၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ OWIC အမှတ် (သို့မဟုတ်) CDC/ SIRB အမှတ်၊ နေရပ်လိပ်စာ စသည်တို့ဖြစ်ပါသည်။ 

(ဂ) လစာဝင်ငွေခွန်ကို မိမိရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်သာ ပေးဆောင်ရပါမည်၊ 

(ဃ) အထက်အပိုဒ် ၂ ပါ ဖော်ပြချက်နှင့်အညီ တွက်ချက်သတ်မှတ်သည့် ပေးဆောင်ရမည့် ဝင်ငွေခွန် ပမာဏမှ သက်ဆိုင်ရာ ပြည်ပနိုင်ငံ၏ အခွန်ဥပဒေအရ ပေးဆောင်ခဲ့ရသည့် ဝင်ငွေခွန်ပမာဏကို ခုနှိမ်ခွင့်ရရှိပါမည်၊ 

(င) သာမန်အားဖြင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတွင် Passport သက်တမ်းတိုးချိန်၌ ပေးဆောင်ရမည်၊
 (မိမိ၏ လစာဝင်ငွေနှင့် စပ်လျဉ်း၍ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသူများ အနေဖြင့် လစဉ် (သို့မဟုတ်) သုံးလတစ်ကြိမ် (သို့မဟုတ်) နှစ်စဉ်သက်ဆိုင်ရာသံရုံးတွင် ပေးဆောင် လိုပါကပေးဆောင်နိုင်ပါသည်၊) 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးမှ ပေးဆောင်ခြင်းဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ပေးဆောင်ရမည်၊

(စ) သက်ဆိုင်ရာ ဝင်ငွေနှစ်အတွက် အခွန်ပေးဆောင်ပြီးပါက သက်ဆိုင်ရာသံရုံး/မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးမှ QR Code ပါဝင်သည့် အီလက်ထရောနစ် ငွေရပြေစာနှင့် ပြည်ပနေ နိုင်ငံသား၏ လစာဝင်ငွေခွန် ပေးသွင်းခြင်းဆိုင်ရာ အထောက်အထား လက်မှတ် တို့ကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

၄။ ပြည်ပနေနိုင်ငံသားများအနေဖြင့် မိမိတို့၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန် တွက်ချက် ပေးဆောင် ခြင်းသည် မိမိတို့ နိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ခြင်းပင် ဖြစ်ပါသည်။ 
ထို့ပြင် လစာဝင်ငွေခွန် ပေးသွင်းထားသည့် ပြည်ပနေ နိုင်ငံသားများအနေဖြင့် မိမိနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ်အစရှိသည့် အခြေပစ္စည်းများ ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်း စိစစ်မှု ခံယူချိန်တွင် ပြည်ပနေ နိုင်ငံသား၏ လစာဝင်ငွေခွန် ပေးသွင်းခြင်းဆိုင်ရာ အထောက်အထား လက်မှတ်အား တင်ပြ၍ အထောက်အထားလက်မှတ်ပါ ဝင်ငွေပမာဏကို ဝင်ငွေရလမ်း (အရပ်အခေါ် “ငွေ”) အဖြစ် ခံစားခွင့်ရှိမည်ဖြစ်ပါသည်။ အဆိုပါအထောက်အထား တင်ပြနိုင်သည့် ပမာဏအထိ ဝင်ငွေခွန် ကျသင့်မည်မဟုတ်ပါ။

၅။ ပြည်ပနေ နိုင်ငံသားများ၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့် စပ်လျဉ်း၍ ပိုမိုပြည့်စုံစွာသိရှိလိုပါက 


• အခွန်ထမ်း ဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး (ရန်ကုန်)
တယ်လီဖုန်းနံပါတ် 
၀၁-၈၃၈၉၃၁၁၊ 
၀၁-၈၃၈၉၃၂၂၊ 


• အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) 
တယ်လီဖုန်းနံပါတ် 
၀၆၇- ၃၄၃၀၅၂၂၊ 
၀၆၇-၃၄၃၁၅၄၄၊ 


• အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)
တယ်လီဖုန်းနံပါတ် 
၁၂-၄၀၃၀၁၉၂၊ 
၁၂-၄၀၃၀၆၃၈၊ 
၀၂-၄၀၃၀၆၃၉ 


တို့ထံ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန
 


 

Taxation Read 929 times