၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ဝင်ငွေခွန် နှုန်းထားအသစ်များ


16 July, 2020

အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး   စည်းကြပ်မှုမှလွတ်ကင်း နေသည့် ဝင်ငွေများ အပေါ် ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင်  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍   မဲခွဲဆုံးဖြတ်ကာ အတည်ပြု ခဲ့ပါသည်။ 

 နိုင်ငံသားမည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ်  တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်    အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံပါသည်။ 

 ကောက်ခံသွားမည့် ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်များမှာ 

တစ်ကျပ်မှ  ကျပ်သိန်း ၁၀ဝ၀ အထိကို ၃ ရာခိုင်နှုန်း၊  

ကျပ် ၁၀ဝ၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ အထိကို ၅ ရာခိုင်နှုန်း၊

 ကျပ် ၃၀ဝ၁ သိန်းမှ ကျပ်သိန်း ၁၀ဝ၀ဝ အထိ ကို ၁၀ ရာခိုင်နှုန်း၊

 ကျပ် ၁၀ဝ၀၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ဝ အထိကို ၁၅ ရာခိုင်နှုန်းနှင့်

 ကျပ်သိန်းသုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း စသည်ဖြင့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံသည်။

၂၀၁၈- ၂၀၁၉ဘဏ္ဍာနှစ်တွင် ကောက်ခံခဲ့သည့်ဝင်ငွေခွန်နှုန်း ထားမှာ

 တစ်ကျပ်မှ ကျပ်သိန်း ၃၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊ 

ကျပ်သိန်း ၃၀ဝ အထက်မှ ကျပ်သိန်း ၁၀ဝ၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် 

ကျပ်သိန်း ၁၀ဝ၀ နှင့်အထက်အား ၃၀ ရာခိုင်နှုန်း  

သတ်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ တစ်နှစ်သက်တမ်း ကုန်တော့မှာမို့ လက်ရှိကောက်ခံနေတဲ့ နှုန်းထားကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီး လာမည့် ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာ မှ ၂၀၂၁ စက်တင်ဘာ အထိ) ကောက်ခံမည့် နှုန်းထားများကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ ဝင်ငွေခွန် နှုန်းထားများမှာ 

၁ ကျပ်မှ ကျပ် ၂,၀၀၀,၀၀၀ ထိ ၀ %

ကျပ် ၂,၀၀၀,၀၀၁ မှ ကျပ် ၅,၀၀၀,၀၀၀ ထိ ၅ %

ကျပ် ၅,၀၀၀,၀၀၁ မှ ကျပ် ၁၀,၀၀၀,၀၀၀ ထိ ၁၀ %

ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ် ၂၀,၀၀၀,၀၀၀ ထိ ၁၅ %

ကျပ် ၂၀,၀၀၀,၀၀၁ မှ ကျပ် ၃၀,၀၀၀,၀၀၀ ထိ ၂၀ %

ကျပ် ၃၀,၀၀၀,၀၀၁ နှင့်အထက် ၂၅ %

ယခု ကျင့်သုံးနေသည့် အခွန်သက်သာခွင့်နှုန်းထားများ သည်  ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက်မှ  ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက် သည်။

ရှေးယခင်ကလည်း ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းကို  ၂၀ဝ၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊  ၂၀၁၅  ခုနှစ်တွင်လည်း ကောင်း ဆောင်ရွက်ခဲ့သည်။ 

 ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ်ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ တင်ပြခဲ့သည်။

 ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင် ၎င်းက “ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေမှာပါဝင်တဲ့ ထူးခြားချက်များကို တင်ပြရမယ်ဆိုရင် အထူးကုန်စည်ခွန်နှုန်းထားများ တိုးမြှင့်သတ်မှတ်ခြင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရ ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစားများ ထပ်မံဖြည့်စွက်ခြင်း၊ အပိုဒ် ၁၄ မှာ အပိုင်ခွဲအသစ် ထပ်မံဖြည့်စွက်ခြင်းနဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်ကောက်ခံတဲ့ ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ထားခြင်းအား ပယ်ဖျက်ခြင်းတို့ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ထိုစဉ်က အခွန်နှုန်းထားလျှော့ချခြင်းသည် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုကောင်းမွန်လာစေရန်အတွက် ပြည်သူများလက်ဝယ်ရှိ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေများ ပြန်လည်ပေါ်ထွက်လာစေရန်နှင့် ပြည်ပတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသော နိုင်ငံသားများ၏ဝင်ငွေများ ပြန်လည် ဝင်ရောက်လာစေရန် ပြဋ္ဌာန်းသတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဝင်ငွေခွန်လျှော့ချခြင်းသည် ငွေကြေးခဝါချမှုကို အထောက်အကူဖြစ်စေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ဝေဖန်ထောက်ပြခဲ့ကြကြောင်း၊ မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသ ငွေကြေားခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၊ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့်အတွက် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ စံနှုန်းများကို လိုက်နာရကြောင်း၊ ထို့ကြောင့် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်နှုန်းထားများ လျှော့ချပေးခြင်းကို ပယ်ဖျက်ကာ မူလ အခွန်နှုန်းထားရှိရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ 

ပြီးခဲ့တဲ့နှစ်  ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့တွင် "ဝင်ငွေခွန်နှုန်းထား" လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြရာမှာ အခွန်လျှော့သည့်ဘက်က မဲအသာရပြီး လက်ရှိကောက်ခံနေတဲ့ ဝင်ငွေခွန် ၃% က အတည်ဖြစ်စေခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ အခန်း(၇) ဝင်ငွေခွန်ကို လေ့လာနိုင်ရန် ဖော်ပြအပ်ပါသည်။

Taxation Read 919 times