တောင်ကိုရီးယားက မြန်မာလုပ်သား ခေါ်ယူမည်


08 November, 2021

တောင်ကိုရီးယားက  ပုံမှန်အနေအထားသို့ ပြန်သွားသည့် အဆင့်များ စတင်လုပ်ဆောင်နေပြီဖြစ်ရာ ပြည်ပလုပ်သား ဝင်ရောက်မှုကို ကပ်ရောဂါကြောင့် ပြဌာန်းထားသည့် တားမြစ်ချက်များကို တစ်စိတ်တစ်ဒေသ ဖယ်ရှားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ပြောကြားသည်။

၁၆ နိုင်ငံမှ ပြည်ပလုပ်သား လာရောက်မှုများ အားလုံးကို အစိုးရက ခွင့်ပြုမည်။ အဆိုပါနိုင်ငံများသည် Employment Permit System ဖြင့် လုပ်သားအင်အားစုများ စေလွှတ်ကြသည်။ ထိုနိုင်ငံများတွင် မွန်ဂိုလီယား၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ်တို့ ပါဝင်သည်။

 မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဂျစ္စတန်တို့မှ လုပ်သားများသည် ဗိုင်းရပ်စ် အ‌ခြေအနေ ဆိုးဝါးနေသည့် နိုင်ငံများ ဖြစ်သဖြင့် ကာကွယ်ဆေး ထိုးပြီး ၂ ပတ်ကြာမြင့်ပြီးချိန်ကျမှသာ ဗီဇာ ရရှိနိုင်မည်။ ၎င်းတို့သည် polymerase chain reaction (PCR) test တွင် ပိုးမတွေ့ကြောင်း  negative ရလဒ် ရဖို့ လိုသည်။

ကျန်သည့် ၁၁ နိုင်ငံမှ လုပ်သားများသည် negative PCR test result ပြသနိုင်မှသာလျှင် ပြည်ဝင်ခွင့် ရရှိမည်။ ရောက်ရှိပြီးနောက် COVID-19 ကာကွယ်ဆေး ထိုးနှံရန် လိုအပ်သည်။


ပြည်ပလုပ်သားများ အားလုံး အစိုးရမှ စီမံသည့် နေရာများတွင် ၁၀ ရက် ကွာရင်တင်း မလွဲမသွေ မိမိစရိတ်ဖြင့် ဝင်ရမည်။ 

 

ယခင်က တောင်ကိုရီးယားသည် မြန်မာအပါအဝင် ၅ နိုင်ငံတို့တွင် ကိုဗစ်ဆိုးဝါးနေခဲ့သဖြင့် ဗီဇာ ပိတ်ထားခဲ့ပါသည်။ ကျန်သည့် ၁၁ နိုင်ငံထံမှ လုပ်သားများကိုလည်း အကန့်အသတ်ဖြင့်သာ ပြည်ဝင်ခွင့် ပြုခဲ့သည်။ 

negative PCR test result ရသူများကိုသာ ပြည်ဝင်ခွင့် ပြုခဲ့ပြီး ကွာရင်တင်း ၂ ပတ် မဝင်မနေရ မိမိစရိတ်ဖြင့် ဝင်ကြရသည်။

တောင်ကိုရီးယားတွင် နှစ်စဉ် ပျမ်းမျှ ပြည်ပလုပ်သား ဦးရေ ၅၀,၀၀၀ ဝင်ရောက်ခဲ့ပြီး  ပြီးခဲ့သည့်နှစ်တွင် ဦးရေ ၇,၀၀၀ အောက်သို့ ရောက်ရှိခဲ့သည်။ 

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အပါအဝင် အသေးစားနှင့် အလတ်စား အရွယ်အစားရှိ လုပ်ငန်းများသည် ပြည်ပလုပ်သား ဝင်ရောက်မှု ထိုးကျသွားသဖြင့် လုပ်သားအင်အား မလုံလောက်သည်ကို မကျေမနပ်ပြောဆိုမှုများ ဖြစ်ပေါ်နေခဲ့သည်။
စက်တင်ဘာလအထိ work permit ရရှိထားပြီးဖြစ်သော လုပ်သားဦးရေ ၅၀,၀၀၀ ခန့်သည် ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းနေကြသည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

SME များအတွက် ပြည်ပလုပ်သား E-9 ဗီဇာဖြင့် ပြန်လည်ခေါ်ယူနိုင်ရန် တောင်ကိုရီးယား စီစဉ်လျက်ရှိ

 ပြည်ပလုပ်သားကိစ္စနှင့် စပ်လျဉ်း၍ ဆိုးလ်မြို့တော်ရှိ မြန်မာသံရုံးမှ ထုတ်ပြန်သည့်စာကို ဖော်ပြအပ်ပါသည်။



Employment Permit System (EPS) အောက်မှ အလုပ်သမားများစေလွှတ်လျက်ရှိသည့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ အလုပ်သမားများအား ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ကိုရီးယားနိုင်ငံအစိုးရမှ ပြည်ဝင်ခွင့်ကန့်သတ်ထားရှိချက်များ လျှော့ပေါ့ပေးခဲ့ခြင်း

 

ကိုရီးယားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှ ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်နေမှုအနေဖြင့် ပြည်ပမှအလုပ်သမား များ ဝင်ရောက်ခွင့်ပြုရေး ပိတ်ပင်ထားရှိမှုကို အနည်းငယ်လျော့ပေါ့ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းဖြင့် ကိုရီးယားအလုပ်သမားဝန်ကြီးဌာနမှ (၅-၁၁-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယင်းထုတ်ပြန်ချက်တွင် EPS သဘောတူညီမှုအောက်တွင်ပါဝင်သည့် အလုပ်သမား များ စေလွှတ်သည့်နိုင်ငံ (၁၆) နိုင်ငံမှ အလုပ်သမားများအားလုံးကို ပြန်လည်လက်ခံမည် ဖြစ် ကြောင်း၊ 
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလျက်ရှိနေသေးသည့် မြန်မာ၊ ဖိလစ်ပိုင်ပါကစ္စတန်၊ ဥဘက်ကစ္စတန်နှင့် ကာဂျစ်စတန် နိုင်ငံများမှ အလုပ်သမားများအနေ ဖြင့် ကိုရီးယားနိုင်ငံသို့ လာရောက်မည်ဆိုပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂) ကြိမ် အပြည့်ထိုးထားပြီး (၂)ပတ်ကြာသည့်အခါမှ ဗီဇာလျှောက်ထားရရှိနိုင်ဖြစ်ကြောင်း၊ 
ထို့ပြင် ကိုရီးယားနိုင်ငံသို့ လေယာဉ်ဖြင့် စတင်မထွက်ခွာမီ (၇၂) နာရီအလိုတွင် သက်ဆိုင်ရာနိုင်ငံရှိ သတ်မှတ်ထားသည့်ဆေးရုံတွင် PCR Test ဖြင့် ကိုဗစ် ရောဂါမရှိကြောင်း စစ်ဆေး၍ အထောက်အထား လက်မှတ်ပါရှိရမည်ဖြစ်ကြောင်း၊ 
ကျန် (၁၁) နိုင်ငံမှ အလုပ်သမားများ အနေဖြင့် PCR စစ်ဆေးမှုဖြင့် ရောဂါမရှိကြောင်း အထောက်အထားလက်မှတ်ပါရှိရုံဖြင့် ကိုရီးယားနိုင်ငံသို့ လာရောက်နိုင်မည်ဖြစ်သော်လည်း၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးလျှင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယင်းအပြင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ အလုပ်သမားများအနေဖြင့် ကာကွယ်ဆေးထိုး ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ ကိုရီးယားနိုင်ငံအစိုးရမှ သတ်မှတ်ထားသည့် Quarantine Center တွင် မိမိစရိတ်ဖြင့် (၁၀) ရက် Quarantine မဖြစ်မနေ နေထိုင်ရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကန့်သတ် ချက်များကြောင့် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရန် ပြည်ပအလုပ်သမား (၅၀,၀၀၀)ခန့်သည် ပြည်ဝင်ခွင့်ရရှိရန် စောင့်ဆိုင်းလျက်ရှိနေကြကြောင်းဖြင့် ဖော်ပြပါရှိပါ သည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့ ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆


 

 

Local News Read 62592 times