ဩစတေးလျ-စင်ကာပူ ပင်လယ်ရေအောက် ဓာတ်အားလိုင်း သွယ်တန်းခြင်း ၂၀၂၄ တွင် စတင်မည်


11 July, 2022

ဩစတေးလျ-စင်ကာပူ ပင်လယ်ရေအောက် ဓာတ်အားလိုင်း သွယ်တန်းခြင်း ၂၀၂၄ တွင် စတင်မည်

 


သြစတြေးလျမြောက်ပိုင်းမှ ကီလိုမီတာ ၄,၂၀၀ ရှည်လျားသော ပင်လယ်ရေအောက်ကေဘယ်ကြိုးမှတစ်ဆင့် စင်ကာပူနိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ၁၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးမည့် အကြီးစား မီဂါစီမံကိန်းကြီးကို လုပ်ကိုင်နေသည့် ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်တွင် စတင်သွယ်တန်းရန် ရည်မှန်းထားသည်။

ဩစတေးလျနိုင်ငံ၏ အရေးပါသည် အဓိကပရောဂျက်များနှင့်ပတ်သက်၍  ဩစတေးလျအစိုးရအား အကြံပေးသည့် Infrastructure Australia မှ "ရင်းနှီးမြုပ်နှံမှု-အဆင်သင့်" ဖြစ်သည့် အဆင့်ရောက်ပြီဟု အဆုံးအဖြတ်ပြုကာ သတ်မှတ်ခံရပြီးနောက် အဆိုပါစီမံကိန်းသည် ပြီးခဲ့သောသီတင်းပတ်တွင် အကောင်အထည်ဖော်ရန် ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်ပါသည်။
ဩစတေးလျတိုက်မှ အာရှတိုက်သို့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ သွယ်တန်းမည့် လျှပ်စစ်ဓာတ်အား ကေဘယ်လ်ကို Australia-Asia PowerLink  ဟု အမည်ပေးထားပြီး ကုန်ကျစရိတ်  အမေရိကန် ဒေါ်လာ ၂၀.၇ ဘီလီယံဟု ခန့်မှန်းထားသည်။  

ဆောက်လုပ်ရေး လုပ်ငန်းပိုင်း မစတင်ခင်မှာ ဘဏ္ဍာရေး စာရွက်စာတမ်းများ ပြည့်စုံဖို့ လိုအပ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်ရန် ငွေကြေးအင်အား ရနိုင်မည့် အထောက်အထားများ တင်ပြနိုင်ရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ပါဝင်လိုသူများအတွက် အများပိုင်ရန်ပုံငွေများ ထည့်ဝင်ရန် ခွင့်ပြုပေးမည့် အလားအလာ ရှိနေသည်။


Sun Cable က အလွန်ကြီးမားသော ဆိုလာဓာတ်အားထုတ်လုပ်ရေး စခန်းနှင့် သိုလှောင်မှု ဘက်ထရီများကို ကမ္ဘာ့အကြီးမားဆုံး ဖြစ်အောင် ဆောက်လုပ်လိုသည်။ ၁၂,၀၀၀ ဟက်တာ အကျယ်အဝန်းရှိ ဆိုလာလျှပ်စစ်ဓာတ်အားစခန်းကို  ဩစတေးလျ မြောက်ပိုင်းနယ်မြေတွင် တည်ဆောက်ပြီး ဓာတ်အား ထုတ်လုပ်မည်။ ရရှိလာမည့် ဓာတ်အားများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော စွမ်းအင် အသန့်များ ဖြစ်ပြီး ဩစတေးလျနိုင်ငံ ဒါဝင်မြို့သို့ ပို့လွှတ်မည် ဖြစ်သည့်အပြင် အာရှတိုက်မှ စင်ကာပူသို့လည်း ပေးပို့လိုသည်။ 


စင်ကာပူသည် ပြန်ပြည့်မြဲစွမ်းအင် ရယူနိုင်သည့် နည်းလမ်းများကို တိုးချဲ့နေသည်။ လက်ရှိအခြေအနေတွင် စင်ကာပူတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားကို သဘာဝဓာတ်‌ငွေ့များ လောင်ကျွမ်းခြင်းထံမှ ရယူနေသည်။ ထိုနည်းလမ်းဖြင့် ထုတ်လုပ်ခြင်းသည် ကမ္ဘာ့ပူနွေးမှုကို ဖြစ်ပေါ်စေသည်။ 

လျှပ်စစ်ဓာတ်အား လိုအပ်ချက် စုစုပေါင်း၏ ၃၀% ကို ကာဘွန်ထုတ်လွှတ်မှု နည်းပါးသော ရင်းမြစ်များထံမှ စင်ကာပူ ရယူမည်ဟု ယမန်နှစ်က ထုတ်ပြန်ကြေညာခဲ့သည်။ 

စင်ကာပူက လျှပ်စစ်ကို သွင်းကုန်အဖြစ် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား တင်သွင်းသည်။ ဓာတ်အားလိုင်းသည် ထိုင်းနှင့် မလေးရှားတို့မှတစ်ဆင့် စင်ကာပူသို့ ရောက်ရှိသည်။ 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

လာအိုမှ ရေအားဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား  ထိုင်းနှင့်မလေးရှားမှတစ်ဆင့် စင်ကာပူ စတင်တင်သွင်း

 

Power Integration Project ဖြင့် အကောင်အထည်ဖော်ဆောင်သော လျှပ်စစ်ဓာတ်အား ရယူခြင်းသည် လာအိုနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများထံမှ ရရှိသော လျှပ်စစ်စွမ်းအင်ကို စင်ကာပူက ရယူသုံးစွဲခြင်း ဖြစ်သည်။ တည်ရှိပြီးသား ဗို့အားမြင့် ဓာတ်အားလိုင်းများမှတစ်ဆင့် 100MW အထိ ရယူသည်။ ၂၀၂၀ စင်ကာပူ ဓာတ်အားသုံးစွဲမှုပမာဏ စုစုပေါင်းၑ ၁.၅ % ကို ရရှိသည်။ 

Sun Cable  အနေဖြင့် သက်ဆိုင်ရာ အစိုးရများနှင့် သဘောတူညီချက် ရယူဖို့ လိုသည်။ စင်ကာပူရှိ ဓာတ်အားလိုင်းသို့ ချိတ်ဆက်ဖို့အတွက် Energy Market Authority  နှင့် ဆွေးနွေးညှိနှိုင်းနေသည်။ Sun Cable  အနေဖြင့် လျှပ်စစ်ဓာတ်အား တင်ပို့ရန်အတွက် သွင်းကုန်လိုင်စင်များ လိုအပ်မည် ဖြစ်သည်။ 

ကေဘယ်ကြိုး သွယ်တန်းရာ၌ အင်ဒိုနီးရှား ရေပိုင်နက်ကို ဖြတ်သန်းမည်ဖြစ်ရာ အင်ဒိုနီးရှားမှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံမှလည်း သဘောတူ ခွင့်ပြုချက် ရယူဖို့ လိုအပ်မည် ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်နေစဉ် အင်ဒိုနီးရှားတွင် အခြေစိုက် စခန်းများ ထားရှိခွင့်လည်း တောင်းခံရမည် ဖြစ်သည်။ 

ဘဏ္ဍာရေး ဖူလုံဖို့အတွက်လည်း ကျောထောက်နောက်ခံ ရှိဖို့ လိုမည် ဖြစ်သည်။ လက်ရှိ အနေအထားတွင် ဩစတေးလျမှ အချမ်းသာဆုံး သူဌေးနှစ်ဦးဖြစ်သော နည်းပညာ မဟာလုပ်ငန်းရှင် Mike Cannon-Brookes နှင့် သတ္တုတွင်သူဌေး Andrew Forrest တို့က ကျော်ထောက်နောက်ခံ ပြုပေးထားသော်လည်း ၎င်းတို့နှစ်ဦးဖြင့် မလုံလောက်ချေ။

Australia-Asia PowerLink ကို လျာထားချက်များအတိုင်း အကောင်အထည်ဖော်နိုင်ခဲ့လျင် ၂၀၂၉ တွင် လုပ်ငန်း အပြည့်အဝ လည်ပတ်မည် ဖြစ်သည်။ 
#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Source: CNA

Energy News Read 13808 times