လာအို လျှပ်စစ်ဓာတ်အား  ထိုင်းနှင့်မလေးရှားမှတစ်ဆင့် စင်ကာပူ စတင်တင်သွင်း


24 June, 2022

လာအို လျှပ်စစ်ဓာတ်အား  ထိုင်းနှင့်မလေးရှားမှတစ်ဆင့် စင်ကာပူ စတင်တင်သွင်း

စင်ကာပူသည် လာအိုမှ လျှပ်စစ်ဓာတ်အားကို စတင်တင်သွင်းခဲ့ခြင်းဖြင့်  အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှု သမိုင်းဝင်မှတ်တိုင်တစ်ခု  စိုက်ထူလိုက်ပါတယ်။ 

ယခုလို နယ်ခြားများ ဖြတ်ကျော်ပြီး လျှပ်စစ်ဓာတ်အား ပေးပို့နိုင်ရေးအတွက် အာဆီယံ လေးနိုင်ငံတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ 

Lao PDR-Thailand-Malaysia-Singapore Power Integration Project (LTMS-PIP)  အမည်ရှိ စီမံကိန်းအရ စင်ကာပူက လာအိုနိုင်ငံမှ ပြန်လည်ပြည့်ဖြိုးမြဲ ရေအားလျှပ်စစ်ကို  ၁၀၀ မဂ္ဂါဝပ် (MW) အထိ တင်သွင်းမည် ဖြစ်ကြောင်း စင်ကာပူမှ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ Energy Market Authority (EMA) က ပြောကြားပါတယ်။

လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ပမာဏက   ၄ ခန်းပါ HDB တိုက်ခန်း  ၁၄၄,၀၀၀ ဝန်းကျင်ကို တစ်နှစ်တိုင်တိုင် ဓာတ်အားဖြန့်ဖြူးပေးနိုင်သော ပမာဏ ဖြစ်ပါတယ်။ 

 

လာအိုမှ ပြည်ပပို့ကုန်အဖြစ် တင်ပို့ သည့် လျှပ်စစ်ဓာတ်အားကို ထိုင်းနှင့် မလေးရှားတွင် တည်ရှိပြီးသားဖြစ်တဲ့ မဟာဓာတ်အားလိုင်းများထဲသို့ ပို့လွှတ်ပေးပြီး စင်ကာပူသို့ ပေးပို့ပါတယ်။ 

လာအိုမှ လျှပ်စစ်တင်သွင်းတဲ့အတွက်ကြောင့် စင်ကာပူမှာ ကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အားခ (မီတာခ) နှုန်းထားများ အပြောင်းအလဲ ရှိမှာ မဟုတ်ကြောင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

EMA ရဲ့ သတင်းထုတ်ပြန်ချက်အရ LTMS-PIP  စီမံကိန်းက Asean Power Grid (APG)  မြော်မြင်မှုအတွက် လမ်းဖော်ပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံ လျှပ်စစ်ဓာတ်အား တင်သွင်းမှုအတွက် LTMS-PIP  က ရှေ့ပြေးစမ်းသပ်ချက် ဖြစ်ပြီး ၂၀၃၅ မှာ ၄ gigawatts (GW) အထိ အကြီးအကျယ်တင်သွင်းရန်အတွက်လည်း လမ်းဖော်ပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်။ 

စင်ကာပူမှ Keppel Infrastructure Holdings Pte Ltd ရဲ့ လက်အောက်ခံလုပ်ငန်း Keppel Electric နှင့် လာအိုမှ နိုင်ငံပိုင်လုပ်ငန်း Electricite du Laos (EdL) တို့က ၂ နှစ်တာ သက်တမ်းရှိ လျှပ်စစ်ဓာတ်အား အရောင်းအဝယ်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
LTMS-PIP စီမံကိန်းကို သက်တမ်း ၂ နှစ် သတ်မှတ်ထားပြီး ၂၀၂၂ ဇွန်လ ၂၃ ရက်မှာ သက်တမ်းစတင်ပါတယ်။ 

Keppel Electric က EMA ထံမှ ပထမဆုံး လျှပ်စစ်ဓာတ်အား သွင်းကုန်လိုင်စင်ကို  ရရှိတဲ့လု်ငန်း ဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံက မလေးရှားနိုင်ငံထံမှလည်း လျှပ်စစ်ဓာတ်အား  ၁၀၀ MW ကို တည်ရှိပြီးသား မဟာဓာတ်အားလိုင်းများမှတစ်ဆင့် ယခုနှစ်မှာ တင်သွင်းမှာ ဖြစ်ပြီး  စင်ကာပူမှ YTL PowerSeraya Pte Ltd က ၂ နှစ်သက်တမ်း အရောင်းအဝယ် သဘောတူစာချုပ်ဖြင့် တင်သွင်းတာ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှ ဆိုလာလျှပ်စစ်စခန်းထံမှလည်း စင်ကာပူက လျှပ်စစ်ဓာတ်အား ၁၀၀ MW တင်သွင်းမှာ ဖြစ်ပြီး စင်ကာပူမှ  PacificLight Power Pte Ltd က စီမံကိန်းကို အကောင်အထည်ဖော်ပါတယ်။ ၂၀၂၄ မှာ တင်သွင်းမှုများ စတင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ 
#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U/279
https://t.me/Guid4U

 

 

 

MIG

Energy News Read 666 times