ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်လိုတဲ့ လုပ်ငန်းတိုင်းကို အခွန်ကင်းလွတ်ခွင့်


28 February, 2019

ရန်ကုန်မြို့သစ်စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းများ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ရရှိနိုင်မယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၆ ရက်မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါတယ်။


ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဆိပ်ကြီးခနောင်ဘိုမြို့နယ်မှာ ပါဝင်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေအရ အခွန်ငါးနှစ်ပေးနိုင်ပြီး  အစိုးရက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်လိုတဲ့ လုပ်ငန်းတိုင်းကို အခွန်ကင်းလွတ်ခွင့်ပေးမယ် ဟု ဦးအောင်နိုင်ဦးက ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်လိုတဲ့ လုပ်ငန်းမဟုတ်ပါက ခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိ အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြလာခြင်းမရှိသေးပါ။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်လိုတဲ့ လုပ်ငန်းများမှာ လုပ်သားဦးစားပေးလုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံလုပ်ငန်းများနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ဇုန်အလိုက် အခွန်ကင်းလွတ်ခွင့်ခံစားနိုင်မှာပါ။ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းအစိုးရပိုင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) က ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်နေပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့သစ် ပထမအဆင့် ပြုလုပ်မယ့် လျှပ်စစ်ဓာတ်အားထောက်ပံ့ရေးနဲ့ ဖြန့်ဖြူးရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက်သွယ်ရေး အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေဆိုးစနစ်၊ ဓာတ်ငွေ့ထောက်ပံ့ရေးနဲ့ ဖြန့်ဖြူးရေး ကွန်ဗင်းရှင်းစင်တာကို တင်ဒါခေါ်ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်ကင်းလွတ်ခွင့်ကို ဒေသအလိုက် ဇုန်သတ်မှတ်ထားကာ သုံးနှစ်၊ ငါးနှစ်နဲ့ ခုနစ်နှစ် သတ်မှတ်ထားပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသမှာ လုပ်ငန်းလုပ်ဆောင်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်
ရရှိပြီး ကျန်ဒေသများမှာ ငါးနှစ်နဲ့ သုံးနှစ်ရရှိမည် ဖြစ်ပါတယ်။

7day daily

Myanmar Industry Directory

Taxation Read 532 times