မေလမှစ၍ ပို့ကုန်၊ သွင်းကုန်တွေအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပြန်လည်ကောက်ခံမည်


19 April, 2019

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပို့ကုန်၊ သွင်းကုန်တွေအပေါ် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံခြင်းကို မေလ ( ၁ ) ရက်နေ့က စပြီး ပြန်လည်ကောက်ခံတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်းအတွက် တင်ပို့တဲ့ ကုန်စည်တန်ဖိုးရဲ့ ၂ % ကိုလည်းကောင်း၊ ပြည်တွင်းသို့ သွင်းကုန်တင်သွင်းခြင်းအတွက် သွင်းကုန်အပေါ် အကောက်ခွန်စည်းကြပ်တန်ဖိုးရဲ့ ၂ % ကိုလည်းကောင်း ဝင်ငွေနှစ်အတွင်း ကြိုတင်ဝင်ငွေခွန်အဖြစ် ၂၀၁၆ ခုနှစ်ကတည်းက ကောက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခွန်ထမ်းကုမ္ပဏီများအနေနဲ့ အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းလာတဲ့အတွက် ယင်းကုမ္ပဏီမာျးရဲ့ ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ % ကောက်ခံခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။

Read: တရုတ်ဖရဲသီးပေါ်တဲ့ ရာသီဖြစ်တာကြောင့် မူဆယ်ဖရဲဈေးနှုန်းများ ကျဆင်းလာ
လက်ရှိ နယ်စပ်ကုန်သွယ်ရေးမှာ လုပ်ငန်းရှင်အချို့က အခွန်သက်သာဖို့အတွက် ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ % ပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ရရှိထားတဲ့ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနဲ့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) တို့ရှိ ကုမ္ပဏီများကို အမည်ခံပြီး တင်ပို့နေတဲ့အတွက် မညီမျှမှုများ ပေါ်ပေါက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ယင်းကုမ္ပဏီများရဲ့ ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ % ပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ကို ပယ်ဖျက်ကာ မေလ (၁) ရက်နေ့မှ စပြီး ရပ်ဆိုင်းထားတဲ့ ကြိုတင်ဝင်ငွေခွန်ကို ပြန်လည်ကောက်ခံရခြင်းဖြစ်ပါတယ်။ အခုလို ပြန်လည်ကောက်ခံခြင်းအတွက် ကုန်သွယ်မှုပိုင်းမှာတော့ သိသိသာသာ ထိခိုက်မှုမရှိနိုင်ဘူူးလို့ သိရပါတယ်။

Kumudra

Taxation Read 402 times