စည်ပင်အခွန်အခများကို အွန်လိုင်းမှတစ်ဆင့် ပေးချေနိုင်ရန်စီစဉ်နေ


22 January, 2019

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကောက်ခံသည့်အခွန်အခများကို အွန်လိုင်းမှတစ်ဆင့် ပေးချေနိုင်ရန် စီစဉ်နေကြောင်းကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။မန္တလေးမြို့တော်စည်ပင်က ကောက်ခံသည့် အိမ်ခွန်၊ ဆိုင်ခန်းခွန်၊ ရေမီတာခွန် စသည်တို့ကို ဖုန်းမှတစ်ဆင့် ပေးဆောင်နိုင်မည့် ဆော့ဖ်ဝဲရေးဆွဲရန်စီစဉ်နေသည်ဟု ဆိုသည်။

အခွန်အခများပေးဆောင်ရန် သက်ဆိုင်ရာဘဏ်နှင့် ချိတ်ဆက်ကာ ငွေကြိုတင်ထည့်သွင်း၍ လစဉ်အခွန်အခများပေး ဆောင်ရမည့်စနစ်ဖြစ်သည်။ အခွန်အခများကို အွန်လိုင်းမှပေးချေနိုင်ရန် Mandalay City Payment အမည်ရှိ ဆော့ဖ်ဝဲရေးဆွဲ ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် နည်းပညာ ရှင်ဦးရဲမြတ်သူ ဦးဆောင်၍ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

‘‘အချိန်ကုန်သက်သာသလို ၅၀ အစွန်းထွက်လို့ ပြန်မအမ်းတာ တွေမရှိတော့ဘူး။ လကုန်တိုင်းရုံး သွားအခွန်ဆောင်ရတဲ့ဘဝကနေ ကင်းဝေးသွားမယ်’’ ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူက ပြောသည်။ ယင်းဆော့ဖ်ဝဲသည် ငွေကြေးထည့်သွင်းကာ အခွန်ပေးဆောင်ရမည့်စနစ်ဖြစ်၍ ဟက်ကာများတိုက်ခိုက်မှုမရှိစေရန် လုံခြုံရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းအစီအစဉ်ကို ပြည်ထောင်စုအစိုးရသို့တင်ပြရန် စီစဉ်နေကြောင်း တာဝန်ရှိသူက ဆိုသည်။

‘‘အွန်လိုင်းကဆောင်ရမယ့် စနစ်ကတော့ အချိန်ကုန်သက်သာတယ်ဆိုပေမယ့် အဆင်ပြေပြေအသုံးပြုနိုင်ဖို့ တချို့သောသူတွေမှာ အခက်အခဲတွေရှိနိုင်တယ်။ အများအသုံးပြုလို့ လွယ်ကူနိုင်တဲ့အနေအထားမျိုးမှ အဆင်ပြေနိုင်မယ်’’ ဟု မန္တလေးမြို့ခံ အိုင်တီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

အခွန်အခများကို အွန်လိုင်းမှတစ်ဆင့် ပေးချေနိုင်ရန်စီစဉ်ခြင်းသည် တိုင်းဒေသကြီးအစိုးရက ဖော်ဆောင်နေသည့် e-Government အရဆောင်ရွက်ခြင်း ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ဆိုသည်။

7 day daily

Taxation Read 396 times