မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများ ကျဉ်းမြောင်းနေသော လမ်းကြောင်းကို လျှောက်လှမ်း


24 November, 2022

မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများ ကျဉ်းမြောင်းနေသော လမ်းကြောင်းကို လျှောက်လှမ်း


 
မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရန် ရွေးချယ်ထားသော နိုင်ငံစုံ ပြည်ပလုပ်ငန်းများသည် ရေရှည်တွင် တိုးတက်မှု အလားအလာရှိသော်လည်း ယခုအခါ ကျဉ်းမြောင်းနေသော လမ်းကြောင်းကို လျှောက်လှမ်းနေပါသည်။

Toyota Motor သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းခါနီးတွင် မော်တော်ယာဥ်တပ်ဆင်ရေး စက်ရုံသစ်ကို သီလဝါ အထူးစီးပွားရေးဇုန်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဘက်ပေါင်းစုံတွင် နှောင့်နှေးမှုများကြုံခဲ့ပြီးနောက် ထုတ်လုပ်မှုကို ပြီးခဲ့သည့် စက်တင်ဘာလတွင် စတင်ခဲ့ပါသည်။
သို့သော် စက်ရုံသည် တစ်ရက်လျှင် ကားတစ်စီး နှစ်စီးသာ ထုတ်လုပ်ပါသည်။ ယာဉ်ရပ်နားရန်နေရာတွင် Hilux ပစ်ကပ်ထရပ် အနည်းငယ်သာ ရှိပါသည်။
ပိုးမွှားသတ်ဆေးထုတ်လုပ်သည့် Fumakilla အပါအဝင် ဂျပန်ကုမ္ပဏီ ၃ ခုသည် သီလဝါတွင် စက်ရုံ ဖွင့်လှစ်ခဲ့ပါသည်။ အကြီးစားစက်ကိရိယာလုပ်ငန်း Kubota နှင့် စားသောက်ကုန်လုပ်ငန်း Ajinomoto တို့သည် ယခင်ကတည်းက ဖွင့်လှစ်ခဲ့ကြပြီး လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိသည်။
"ဒီနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ထုတ်ကုန်တွေအတွက် ၀ယ်လိုအားရှိနေတာကြောင့် ကျွန်တော်တို့ ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ" ဟု သီလဝါရှိ စက်ရုံတစ်ခုရှိသည့် ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောကြားသည်။ ကုမ္ပဏီသည် ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် ထပ်မံရင်းနှီးမြှုပ်နှံမည့် အစီအစဉ်များကို ဆိုင်းငံ့ထားသည်။
ကျွန်တော်တို့ရဲ့ ပစ္စည်းပေးသွင်းရေး ကွင်းဆက်ဖွဲ့တည်ပုံ အပြောင်းအလဲကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ရောင်းအား တိုးလာပါတယ်” ဟု အမှုဆောင်အရာရှိက ဆက်လက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုများသည် မြန်မာ့စီးပွားရေးကို ထိခိုက်စေခဲ့သော်လည်း အဆိုးရွားဆုံးသော ကျဆင်းမှုမှာ ပြီးဆုံးသွားပုံရသည်။ မြို့ပြဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်များတွင် ဝယ်ယူသူများ အသွားအလာ ပြန်လည်စည်ကားလာပြီဖြစ်သည်။
 မြန်မာနိုင်ငံသို့ မကြာသေးမီက လာရောက်ခဲ့သည့် ပရမ်းပတာဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားသည့် စီးပွားရေးခရီးသည်တစ်ဦးက သူ့အတွေ့အကြုံကို "အံ့ဩစရာကောင်းလောက်အောင် ပုံမှန်" ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း စီးပွားရေး တစ်ခုလုံးသည် အားနည်းသော အနေအထားတွင် ရှိနေသေးသည်။ ကျပ်သည် ‌ကန်ဒေါ်လာနှင့် လဲနှုန်းတွင် ထက်ဝက်ကျော် ကျဆင်းသည်။ ‌ကုန်ဈေးနှုန်း မြင့်မားခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းတို့က လူအများ၏  အသက်မွေးဝမ်းကြောင်း အပေါ် ဖိအားကျရောက်နေသည်။

S&P Global Myanmar Manufacturing Purchasing Managers အညွှန်းကိန်းသည် အောက်တိုဘာလတွင် ၄၅.၇ တွင် ရှိနေသည်။ မျှခြေမျဉ်း ၅၀ အောက်သို့ ရောက်နေသည်မှာ ၆ လ ဆက်တိုက်ရှိပြီဖြစ်သည်။ 


အောက်တိုဘာလ S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်
https://www.industrialdirectory.com.mm/article/pmi-for-myanmar-sept-2022.html



“ရင်းနှီးမြုပ်နှံမှုအသစ်တွေတော့ မမျှော်လင့်ပါဘူး” ဟု သီလဝါသတင်းရင်းမြစ်က ဆိုသည်။
ကပ်ရောဂါမဖြစ်မီတွင် သီလဝါ အထူးစီးပွားရေးဇုန်သည် တိုးချဲ့မှုဆီသို့ မျှော်မှန်းထားပြီး ဖြစ်နိုင်ခြေကို ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့သည်။ ထိုအစီအစဥ်များကို ဘေးဖယ်ထားလိုက်ရပြီ ဖြစ်သည်။
သို့သော် သီလဝါတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

"ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရနေကြရချိန်မှာ ဒီနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ကျွန်တော်တို့မှာ တစ်နည်းနည်းဖြင့် ကာကွယ်ပေးမှ ဖြစ်မယ်" ဟု ၎င်းက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာ့စီးပွားရေးသည် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၁ စက်တင်ဘာလတွင် အဆုံးသတ်သည့် ၂၀၂၁ ဘဏ္ဍာနှစ်တွင် 18% ကျုံ့သွားခဲ့ရာမှ ပြန်မြင့်တက်ခြင်း ဖြစ်သည်။
 ၎င်းသည် ကပ်ရောဂါမဖြစ်ပွားမီ မှတ်တမ်းတင်ထားသော ၆% မှ ၇% အထိ တိုးတက်မှုထက်ထက်ဝက်မက နည်း‌ေနသော်လည်း ပြန်လည်နာလန်ထူခြင်းကို ပြသနေသည်။
သီလဝါပြင်ပတွင် Unilever နှင့် Heineken ကဲ့သို့သော ဥရောပနိုင်ငံပေါင်းစုံလုပ်ငန်းများသည် ထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။
အနောက်တိုင်း ကုမ္ပဏီအများစုသည် ထွက်ခွာမသွားဘဲ စီးပွားရေးတွင် ဆက်ရှိနေနိုင်ဖို့ နည်းလမ်းများကို ရှာဖွေနေကြသည်ဟု JobNet ၏ မန်နေဂျင်း ဒါရိုက်တာ Matt De Luca က ပြောသည်။
“ရှေ့ကိုတိုးပြီး အခွင့်အလမ်းများ ရှာနေကြသူတွေ ပိုများတာကို ကျွန်တော် မြင်တယ်”ဟု သူက ပြောသည်။
ပြင်သစ်နိုင်ငံမှ TotalEnergies၊ ဂျပန်ဘီယာထုတ်လုပ်သူ Kirin Holdings နှင့် တစ်ချိန်က မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ နော်ဝေး Telenor တို့သည် မြန်မာမှ ထွက်ခွာခဲ့ကြသည်။

ဂျပန်ကုမ္ပဏီများတွင် ပရိုဘိုင်အိုတစ်အဖျော်ယမကာထုတ်လုပ်သည့် Yakult Honsha နှင့် ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် Acecook တို့သည် ဈေးကွက်မငြိမ်မသက်မှုနှင့် ပစ္စည်းထောက်ပံ့ရေးအခက်အခဲများကြောင့် သီလဝါတွင် ထုတ်လုပ်မှုကို ပြန်လည်စတင်နိုင်ခြင်းမရှိသေးပေ။

နိုဝင်ဘာ ၁ ရက်တွင် သီလဝါရှိ ကုမ္ပဏီ ၁၀၀ ခန့်တို့၏ စက်ရုံများတွင် ထက်ဝက်ကျော်သည် ထုတ်လုပ်နိုင်စွမ်း ပမာဏ၏ ၅၀ ရာခိုင်နှုန်းအထက်တွင် လည်ပတ်နေကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။
နိုင်ငံခြားငွေ သုံးစွဲခွင့်သည် ဆက်နေရန် သို့မဟုတ် ထွက်သွားရန် ဆုံးဖြတ်ချက်အတွက် အဓိကအချက်ဖြစ်သည်။

လက်ထဲ ရှိသည့် နိုင်ငံခြားငွေကို ကျပ်ငွေလဲလှယ်ရန်  ဧပြီလတွင် ချမှတ်ခဲ့သည့် စည်းကမ်းချက်များသည် အထူးစီးပွားရေးဇုန်ရှိ ကုမ္ပဏီများနှင့် မသက်ဆိုင်သော်လည်း ပြည်တွင်းရောင်းအားမှ ကျပ်ငွေကို ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သောပစ္စည်းများဝယ်ရန် လိုအပ်သော ကန်ဒေါ်လာသို့ လဲလှယ်ရာတွင် ပြဿနာများ ဆက်လက်ရှိနေပါသည်။
အထည်ချုပ်ထုတ်လုပ်သူများ ကဲ့သို့သော ပို့ကုန်ကို ဦးတည်သည့် ကုမ္ပဏီများအတွက် အားနည်းသော ကျပ်ငွေသည် လေစုန်ကို ကြုံရခြင်းဖြစ်သည်။

 မြန်မာနိုင်ငံဈေးကွက်ထဲ ထုတ်ကုန်များ ရောင်းချဖို့ စူးစိုက်ထားသည့် ကုန်ထုတ်လုပ်သူများအနေဖြင့် ကုန်ထုတ်လုပ်ရန် လိုအပ်သော ပစ္စည်းများအတွက် သွင်းကုန်အပေါ်  တည်မှီနေရသဖြင့်  ရုန်းကန်နေကြရဆဲ ဖြစ်သည်။
 
သီလဝါတွင် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခုရှိသည့် Suzuki Motor သည် အစိတ်အပိုင်းများဝယ်ယူရန်အတွက် နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် ဇူလိုင်လတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့သည်။ တိုယိုတာသည်လည်း အလားတူ ပြဿနာများနှင့် ရုန်းကန်နေရပုံရသည်။

ကုမ္ပဏီအများအပြားသည် ထိုင်းဘတ်ငွေဖြင့် ပေးဆောင်ကာ ထိုင်းနိုင်ငံမှ ကုန်းလမ်းဖြင့် တင်သွင်းလာကြသည်။ မြန်မာအာဏာပိုင်များသည် ယေဘုယျအားဖြင့် ဘတ်ငွေ သို့မဟုတ် ယွမ်ငွေဖြင့် ကုန်းလမ်းနယ်စပ်ကုန်သွယ်မှုအတွက် ခွင့်ပြုထားသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်မှ ရရှိသော နိုင်ငံခြားငွေတွင် ၃၅% ကို မဖြစ်မနေ ပြောင်းလဲရန် စည်းမျဉ်းမှ ကင်းလွတ်ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။ အချို့သော သွင်းကုန်လုပ်ငန်းရှင်များသည် လက်ရှိပေါက်ဈေးငွေလဲနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် ပို့ကုန်လုပ်ငန်းရှင်များထံမှ ဒေါ်လာ ဝယ်ယူကြသည်ဖြစ်ရာ တရားဝင်နှုန်းထား ၂,၁၀၀ ကျပ်ထက် ပိုများပါသည်။
Source nikkei asia 
 

Industry Reviews Read 7167 times