မြန်မာနိုင်ငံ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှု အားပျော့လာနေချိန်  ထုတ်လုပ်မှု ကျဆင်းခြင်း


02 November, 2022

 မြန်မာနိုင်ငံ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှု အားပျော့လာနေချိန်  ထုတ်လုပ်မှု ကျဆင်းခြင်း ပြေလျော့လာ

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

၂၀၂၂ နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

 

 


 

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းမှု အားပျော့လာနေချိန်မှာ ထုတ်လုပ်မှု ကျဆင်းမှု ပြေလျော့လာခြင်း

 

အဓိက တွေ့ရှိချက်များ

 

  • ထုတ်လုပ်မှုနှင့် စက်ရုံအော်ဒါ နှစ်ရပ်စလုံး၏ ကျဆင်းမှုအရှိန် အားပျော့လာခြင်း

  • ဈေးနှုန်း ဖိအားပေးမှုများမှာ စက်တင်ဘာလ၏ အမြင့်ဆုံး ရောက်ရှိနေခဲ့သည့် နေရာမှ သိသိသာသာ အားပျော့လာခဲ့ခြင်း

  • လက်ကျန်အလုပ် စာရင်းများမှာ မကြုံစဖူးနှုန်းဖြင့် မြင့်တက်လာခြင်း


 

 

S&P Global ထံမှ PMI™ နောက်ဆုံးဒေတာအရ မြန်မာနိုင်ငံ တစ်ဝန်းတွင် ထုတ်လုပ်ရေး အခြေအနေများသည် စစ်တမ်း၏ နောက်ဆုံးလအတွင်းမှာ ဆက်လက် ဆုတ်ယုတ်လာခဲ့ပါသည်။ 

ထုတ်လုပ်မှုရော စက်ရုံအော်ဒါများပါ ပြင်းပြင်းထန်ထန် ကျဆင်းလာခဲ့သော်လည်း စက်တင်ဘာလနှင့်စာလျှင် နှုန်းမှာ အားပျော့လာခဲ့သည်။ 

ထို့အပြင် သွင်းအားစု ကုန်ကျစရိတ်နှင့် သွင်းအားစု ဈေးနှုန်း နှစ်ရပ်လုံး၏ ငွေကြေးဖောင်းပွမှုနှုန်းများမှာ စက်တင်ဘာလ၏ စံချိန်တင်နှုန်းမှ သိသာစွာ အားပျော့လာခဲ့ပြီး နောက်ဆုံးသုံးလပတ်၏ အစပိုင်းတွင် ထုတ်လုပ်ရေး ကဏ္ဍထဲက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ အသင့်အတင့်သာ ရှိခဲ့ခြင်းကို ထောက်ပြနေသည်။

 

သို့သော်လည်း ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် စွမ်းအင် ပြတ်တောက်မှုများက ထုတ်လုပ်မှုကို ဆက်လက် ထိုးနှက်နေသည့်အပြင် ဈေးဝယ်များ ရင်ဆိုင်နေကြရသည့် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရောင်းချရေး အခြေအနေမှာ အားပျော့လာခဲ့ပါသည်။

 

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI™ - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်းမှာ - စက်တင်ဘာလ၏  ၄၃.၁ မှ အောက်တိုဘာတွင် ၄၅.၇ သို့ တက်လှမ်းလိုက်ခြင်းက ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် အခြေအနေများ ခြောက်လဆက်တိုက် ဆုတ်ယုတ်လျက် ရှိနေခြင်းကို အရိပ်အမြွက်ပြသနေသည်။ 

သို့သော်လည်း ထုတ်လုပ်ရေး ကဏ္ဍသည် ကျဆင်းမှု နယ်မြေထဲတွင် ကျန်ရစ်လျက် ရှိနေသည့်တိုင်အောင် အောက်တိုဘာလတွင် မှတ်တမ်းတင်ဖြစ်ခဲ့သည့် နှုန်းမှာ အားပျော့လာခဲ့ပါသည်။

 

ကုန်စည် ထုတ်လုပ်သူတို့၏ ထုတ်လုပ်မှု ပမာဏများသည် သုံးလအတွင်းမှာ အနှေးဆုံးအရှိန်ဖြင့် ကျဆင်းလာခဲ့ပါသည်။ 

အလားတူစွာပင် အော်ဒါ ရရှိမှ လျော့နည်းလာမှု အရှိန်သည်ပါ အောက်တိုဘာလတွင် အားပျော့သွားခဲ့သည်။ ဆက်လက်လေ့လာကြည့်လျှင် စီးပွားရေး လိုအပ်ချက်များ ဆိုးဝါးလာနေချိန်မှာ လက်ရှိ လေးလဆက်တိုက်ကျဆင်းမှု ဖြစ်စဉ်ထဲတွင် ဤလ၏ အလုပ်နေရာ ဖြတ်တောက်မှ နှုန်းသည် အမြန်ဆုံးဖြစ်လာခဲ့သည်။

 

 

ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်းတွင် ဝယ်ယူမှုများမှာ မသိမသာ အားပျော့လာခဲ့သော်လည်း လျင်မြန်စွာ ကျဆင်းလာခဲ့ကြောင်း ကုန်စည်ထုတ်လုပ်သူတို့က မှတ်တမ်းတင်ခဲ့ကြသည်။ 

ကုမ္ပဏီများသည် ဝယ်ယူမှု ပမာဏများကို မြှင့်တင်ရန် လက်တွန့်နေကြလျက် အဓိကအကြောင်းရင်းမှာ ထုတ်လုပ်ပြီး ကုန်စည်များအတွက် ဝယ်လိုအား ပျော့နေခဲ့ခြင်းနှင့် ကုမ္ပဏီများက ချက်ချင်း ပစ္စည်းပေးသွင်းရန် တောင်းဆိုမှုများကြောင့်ဖြစ်သည်။ 

ထို့အပြင် ကုမ္ပဏီများက သွင်းအားစုများနှင့် ကုန်ချောနှစ်ရပ်စလုံး၏ လက်ကျန်စာရင်းများ ဆက်လက်ပြီး လျှော့ချခဲ့ကြသည်။

 

နောက်ဆုံး ဒေတာက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ်  ဖိအားပေးမှု အချို့ လျော့နည်းသွားကြောင်းကို ဖေါ်ပြပါသည်။ အောက်တိုဘာလတွင် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ တိုးလာမှုမှာ ရှစ်လအတွင်း အနည်းဆုံး ဖြစ်ခဲ့ပါသည်။ ကြာမြင့်ချိန်မှာ မြင့်မားလျက် ရှိနေသော်လည်း မှတ်တမ်းထဲတွင် အများဆုံးဖြစ်ခဲ့သည့် စက်တင်ဘာလ၏ ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များနှင့်စာလျှင် သိသာသည့် တိုးတက်မှု ဖြစ်ပါသည်။

 

မည်သို့ပင်ဖြစ်စေကာမူ ပစ္စည်းပြတ်လပ်မှုများနှင့် ကြန့်ကြာမှုများ ရှိမြဲရှိနေခြင်းက စစ်တမ်း၏ နောက်ဆုံးလအတွင်းမှာ လက်ကျန်အလုပ်များ မကြုံစဖူး နှုန်းဖြင့် ဆက်မြင့်တက်လာမှုကို ဖြစ်စေပါသည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်းမှာ သုံးလဆက်တိုက် မြင့်တက်လာခဲ့ပြီး အောက်တိုဘာလတွင် စစ်တမ်း စံချိန်သစ် တင်ခဲ့ပါသည်။

 

ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ သိသိသာသာ အားပျော့လာမှုမှာ ထုတ်လုပ်ရေး ကဏ္ဍအတွက် အားတက်စရာ အချက်ဖြစ်သည်။ လွန်ခဲ့သည့်လတွင် မြင်ခဲ့ရသည့် စံချိန်တင်နှုန်း၏ နောက်ပိုင်းမှာ သွင်းအားစု ဈေးနှုန်းများနှင့် စက်ရုံ ရောင်းစျေးများ၏ ငွေကြေးဖောင်းပွမှုမှာ သင့်တင့်သည့် နှုန်းများဆီသို့ အားပျော့သွားခဲ့သည်။ ရာသီအလိုက် ညှိပေးထားသည့် သွင်းအားစု ဈေးနှုန်း အညွန်းကိန်းသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာမှစပြီး အနိမ့်ဆုံးသို့ ထိုးကျသွားသည်။ တချိန်တည်းမှာပင် ထုတ်လုပ်ရေး ကုမ္ပဏီများက တောင်းဆိုကြသည့် ရောင်းဈေးများသည်လည်း လ ၂၀ အတွင်းမှာ အားအပျော့ဆုံး အရှိန်ဖြင့် မြင့်တက်လာခဲ့ပါသည်။

 

နောက်ဆုံးအနေနှင့် ကုမ္ပဏီများက အောက်တိုဘာလတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု မသိမသာ တိုးတက်လာကြောင်းကို အစီရင်ခံခဲ့ကြသည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းကိန်းသည် ယခုလတွင် ပိုအားကောင်းလာခဲ့ရာ မေလမှစပြီး အားအကောင်းဆုံး အကောင်းမြင်မှုကို မှတ်တမ်းတင်လိုက်ပါသည်။ သို့သော်လည်း ယုံကြည်မှု အဆင့်မှာမူ အသင့်အတင့်မျှသာ ဖြစ်ပြီး ရေရှည် သမိုင်းစဉ် ပျမ်းမျှထက် နိမ့်ကျလျက် မှတ်တမ်းတင်ခဲ့ပါသည်။

.

.

သုံးသပ်ချက်

 

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသွားသည်မှာ

 

"နောက်ဆုံး PMI ဒေတာအရ ဝယ်လိုအား အခြေအနေ အားပျော့လာနေပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ ဆက်ရှိနေသည့် အကြားမှာ မြန်မာ ထုတ်လုပ်ရေးကဏ္ဍက ခြောက်လမြောက် ဆက်တိုက်ကျဆင်းမှုကို အစီရင်ခံခဲ့ကြပါတယ်။

 

"အဲဒီလိုပြောလိုက်ရပေမဲ့ ယခုလရဲ့ ကျဆင်းမှုနှုန်းမှာ အားပျော့သွားတယ်။ အောက်တိုဘာလမှာ ထုတ်လုပ်မှုရော၊ အော်ဒါအသစ်များပါ ကျဆင်းခဲ့တဲ့ နှုန်းများကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါ့အပြင် သွင်းအားစု ကုန်ကျစရိတ်များနှင့် ရောင်းဈေးနှုန်းများရဲ့ ငွေကြေးဖောင်းပွမှုကပါ သိသိသာသာ အရှိန်ကျလာကြောင်း မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများပါ အားပျော့လာခဲ့ကြကာ ပစ္စည်းပေးသွင်းမှု ပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာမှုမှာ ရှစ်လအတွင်း အနည်းဆုံး ဖြစ်ပါတယ်။

 

"ဘယ်လိုပဲဖြစ်ဖြစ် ထုတ်လုပ်ရေးကဏ္ဍဟာ ဆက်လက်ပြီး အားကောင်းတဲ့ ဘက်စုံကျဆင်းမှုကို အစီရင်ခံခဲ့ပါတယ်။ ဖြည့်စွက်ပြောချင်တာက ထုတ်လုပ်မှုရဲ့ အနာဂတ်ဟာ မရေမရာ ရှိနေတုန်းပါ။ ဒေါ်လာအတွက် ကျပ်ငွေရဲ့ တန်ဖိုး ကျဆင်းလာမှု၊ စွမ်းအင် ဈေးနှုန်းများ မြင့်တက်လျက် ရှိနေခြင်း၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲက ဖိအားပေးမှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက ထုတ်လုပ်ရေး ကဏ္ဍအပေါ်မှာ ဆက်လက် ဖိစီးမြဲဖိစီးနေကြဦးမှာပါ။"

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 



 

Industry Reviews Read 422 times