၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်ပေးဆောင်မှု အများဆုံးနိုင်ငံခြားကုမ္ပဏီစာရင်း


22 December, 2018

၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင်များစာရင်း ထုတ်ပြန်ခဲ့ပြီး ဝင်ငွေခွန်တွင် Moattama Gas Transportation Co.,Ltd က ကျပ်သန်း ၁၀၀၀၀၀ အထက် (ကျပ်ဘီလျံ ၁၀၀ ကျော်)၊ ကုန်သွယ်လုပ်ငန်းခွန်တွင် Telenor Myanmar Ltd က ကျပ်သန်း ၅၀၀၀၀ အထက် (ကျပ်ဘီလျံ ၅၀ ကျော်) ဖြင့် အများဆုံး ပေးဆောင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သော အခွန်ထမ်းဆောင်မှုပမာဏ စာရင်းအရသိရပါတယ်။

 ယခုစည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သူများစာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင်ပါဝင်သည့် နိုင်ငံခြားလုပ်ငန်းများမှာ ကျပ်သန်း ၁၀၀၀၀၀ အထက်တွင် Telenor Myanmar Ltd၊ ကျပ်သန်း ၈၀၀၀၀ အထက်တွင် Telenor Myanmar Ltd၊ ကျပ်သန်း ၅၀၀၀၀ အထက်တွင် Taninthayi Pipeline Company LLC၊ ကျပ်သန်း ၄၀၀၀၀ အောက်တွင် Myanmar Brewery Ltd၊ ကျပ် ၃၀၀၀၀ အောက်တွင် KDDI Summit Global Myanmar Co.,Ltd၊ PTTEP International Ltd၊ Yangon Aerodrome Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် Total E & P Myanmar Co.,Ltd၊ ကျပ်သန်း ၈၀၀၀ အောက်တွင် Unocal Myanmar Offshore Co.,Ltd၊ ကျပ်သန်း ၆၀၀၀ အောက်တွင် Myanmar C.P Livestock Co.,Ltd တို့ဖြစ်ပြီး ထိပ်သီး ဝင်ငွေခွန် ထမ်းဆောင်သူများစာရင်း (၁၀ ဦး) တွင် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှစ်ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းသုံးခု၊ ဆက်သွယ်ရေး လုပ်ငန်းနှစ်ခု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းနှစ်ခု၊ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုတို့ ပါဝင်ခဲ့ပါတယ်။

ထို့အတူ ယခုစည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများစာရင်း၌ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သည့် နိုင်ငံခြားလုပ်ငန်းများမှာ ကျပ်သန်း ၅၀၀၀၀ အထက်တွင် Telenor Myanmar Ltd၊ ကျပ်သန်း ၅၀၀၀၀ အောက်တွင် Ooredoo Myanmar Ltd၊ Myanmar Brewery Ltd၊ Shwe Li (1) Hydropower Co.,Ltd၊ Virginia Tobacco Co.,Ltd၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် Myanmar Distellery Co.,Ltd၊ Huawei Technologies (Yangon) Co.,Ltd၊ DKSH (Myanmar) Ltd၊ Lhuvia Ltd၊ Coca-Cola Pinya Beverages Myanmar Ltd တို့ဖြစ်ပြီး ထိပ်သီးကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်သူများစာရင်း (၁၀ ဦး) တွင် ဆက်သွယ်ရေး လုပ်ငန်းနှစ်ခု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းခြောက်ခု၊ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု၊ ကုန်သွယ်ရေး လုပ်ငန်းတစ်ခုတို့ ပါဝင်ပါတယ်။

 နိုင်ငံခြားလုပ်ငန်းများ ဝင်ငွေခွန်အများဆုံး ပေးဆောင်သူများစာရင်းတွင် လုပ်ငန်းပေါင်း ၁၀၅ ခုပါဝင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သဘာဝဓာတ်ငွေ့သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လက်ခစား အပ်ကုန်စနစ်လုပ်ငန်း၊ အသေးစား ငွေချေးလုပ်ငန်း စသည်တို့ဖြစ်ပါတယ်။ထို့ပြင် နိုင်ငံခြားလုပ်ငန်းများ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူများ စာရင်းတွင် လုပ်ငန်းပေါင်း ၁၆၆ ခုပါဝင်ပြီး ဆက်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း စသည်တို့ ပါဝင်ပါတယ်။

ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင် အရေအတွက်နှင့် ထမ်းဆောင်သည့် အခွန်ပမာဏများ ကျဆင်းခဲ့သည်။ ယခင်နှစ်က ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းသည် ကျပ်သန်း ၁၄၀၀၀၀ အထက် ပေးဆောင်ခဲ့ပြီး ဝင်ငွေခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြားကုမ္ပဏီများ စာရင်းတွင် လုပ်ငန်းပေါင်း ၂၆၉ ခု ပါဝင်ခဲ့သည်။ ထို့အတူ ယခင်နှစ်က ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းသည် ကျပ်သန်း ၁၀၀၀၀၀ အထက်ပေးဆောင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် နိုင်ငံခြား ကုမ္ပဏီများ စာရင်းတွင် လုပ်ငန်းပေါင်း ၂၉၉ ခု ပါဝင်ခဲ့ကြပါတယ်။

Eleven

Taxation Read 2600 times