အခွန်ပေးဆောင် ကုန်ဆုံးရက် ဖြေလျော့ပေးကြောင်း အသိပေးကြေညာ


08 September, 2020

အခွန်ပေးဆောင် ကုန်ဆုံးရက် ဖြေလျော့ပေးကြောင်း မြန်မာနိုင်ငံရဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် ကြေညာချက်တစ်ရက်ထုတ်ပြန်လိုက်ပါသည်။

အဆိုပါ ကြေညာချက်မှာ -

၁။ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် နိုင်ငံတော်မှဖြေလျှော့ ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ် လုပ်ငန်းခွန်တို့နှင့်စပ်လျဉ်း၍ -

(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ် အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် စတုတ္ထသုံးလပတ် အတွက်လည်းကောင်း၊ သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်မှစတင်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင် ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

Taxation Read 919 times