အခွန်ထမ်းများမှ ရရှိနိုင်သည့် ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် (၁)


08 April, 2019

အခွန်ထမ်းပြည်သူများအနေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိတဲ့ ဝင်ငွေခွန်နဲ့ ပတ်သက်တဲ့ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို တည်ဆဲဥပဒေနဲ့အညီ ခံစားခွင့်ရရှိနိုင်ပါတယ်။

တည်ဆဲဥပဒေဆိုတာ ဝင်ငွေခွန်ဥပဒေ ( ၁၉၇၄ )၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ( ၁၉၉၀ ) ၊ အထူးကုန်စည်ခွန်ဥပဒေ ( ၂၀၁၆ )၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ( ၂၀၁၈ ) တို့ ဖြစ်ပါတယ်။

အခွန်ကင်းလွတ်ခွန်၊ သက်သာခွင့်နှင့် အခွန်နှုန်းထားများဟာ နှစ်စဉ်အတည်ပြုပြဋ္ဌာန်းတဲ့ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများအရ အခါအားလျော်စွာပြောင်းလဲနိုင်ပါတယ်။

 

ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေအမျိုးအစားများ

ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိတဲ့ ဝင်ငွေအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။  ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးအဖွဲ့အစည်းတစ်ခုခုက ရရှိကာ ဘာသာရေး ကုသိုလ်ရေးကိစ္စများအတွက် အသက်သက်အသုံးပြုတဲ့ ဝင်ငွေ၊
၂။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အခွန်အခရရှိငွေ ( ဥပမာ - စည်ပင်သာယာရေးအဖွဲ့များ၊  ဆိပ်ကမ်းအာဏာပိုင်များမှ အခွန်အခကောက်ခံရရှိငွေ )၊
၃။ ပင်စင်နှင့် ပင်စင်မှ ပြောင်းလဲ၍ရရှိတဲ့ ဝင်ငွေနဲ့ လုပ်သက်ဆုငွေ ( Gratuity )၊
၄။ သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိတဲ့လျော်ကြေး၊
၅။ အာမခံပေါ်လစီအတွက် ထုတ်ပေး၍ ရရှိငွေ၊
၆။ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံ ရရှိတဲ့ငွေ ( အခြေပစ္စည်းမှ မြတ်စွန်းငွေနဲ့ လုပ်ငန်းတစ်ရပ်ရပ်မှ ရရှိတဲ့ ဝင်ငွေတို့ မပါဝင်ပါ )၊

၇။ ပုဂ္ဂိုလ်စုတစ်ခုခုမှ ဝင်ငွေခွန်ပေးဆောင်ပြီး ရရှိတဲ့ အမြတ်ဝေစု၊
၈။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရရှိမှု သို့မဟုတ် တရားမဝင်ပစ္စည်းများဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်းရရှိတဲ့ စုစုပေါင်းဝင်ငွေရဲ့ ကျပ်သိန်း ( ၁၀၀ ) အထိ၊
၉။ နိုင်ငံတော်မှ ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနဲ့ အတူရရှိတဲ့ ချီးမြှင့်ငွေများ၊
၁၀။ ပြည်ပနေနိုင်ငံသားရဲ့ ပြည်ပမှာ နိုင်ငံခြားငွေဖြင့်ရရှိတဲ့ လစာခေါင်းစဉ်မှ ဝင်ငွေ၊
၁၁။ အစိုးရအောင်ဘာလေသိန်းဆု ဆုမဲမှ ထုတ်ယူရရှိငွေ၊
၁၂။ ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ၊

ပြည်တွင်းအခွန်များဦးစီးဌာန

Taxation Read 1217 times