အခွန်ထမ်းများမှ ရရှိနိုင်သည့် ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် (၂)


08 April, 2019

ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိတဲ့ ဝင်ငွေအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁၃။ အသစ်ထူထောင်သော စက်မှုလက်မှုကိုအခြေခံတဲ့  လုပ်ငန်းတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ရပ်ရပ်နဲ့ စပ်လျဉ်းကာ လုပ်ငန်းစတင်တဲ့နှစ် အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း တစ်နှစ်စုစုပေါင်း အသားတင်အမြတ်ဝင်ငွေ ကျပ်သိန်း ( ၁၀၀ ) ထိ၊

၁၄။ ကုလသမဂ္ဂ၊ သံတမန် ကောင်စစ်ရေးရာ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အထူးစီးပွားရေးဇုန်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့မှာ ပြဋ္ဌာန်းပါရှိတဲ့ ဝင်ငွေခွန်နဲ့ သက်ဆိုင်တဲ့ အကျိုးခံစားခွင့်များ။

 

ဝင်ငွေခွန်တွက်ချက်ရာတွင် သက်သာခွင့်အဖြစ် ခွင့်ပြုငွေများ

အခွန်စည်းကြပ်ဖို့ ဝင်ငွေတွက်ချက်ရာမှာ ပုဂ္ဂိုလ်စုနဲ့ တစ်ဦးချင်းပုဂ္ဂိုလ်များအတွက် ဝင်ငွေအမျိုးအစားတစ်ခုစီရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေ ( ကျပ်သိန်း ၁၀၀ ထက် မပိုစေရ ) အား အခြေခံသက်သာခွင့် ခွင့်ပြုငွေအဖြစ် ခံစားခွင့်ရှိပါတယ်။

ဒါ့အပြင် တစ်ဦးချင်းပုဂ္ဂိုလ်များအတွက် အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေမရရှိတဲ့ အတူနေမိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊ အိမ်ထောင်ဘက်တစ်ဦးတည်းအတွက် ကျပ် ၁၀ သိန်း၊ သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ ( အသက် ၁၈ နှစ်အောက် အိမ်ထောင်မရှိသူ၊ ၁၈ နှစ်ပြည့်ပြီးပေမယ့်လည်း ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အခြားပညာရေးဌာနတစ်ခုခုမှာ အချိန်ပြည့်ပညာသင်ကြားနေသူ သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှာ အရည်အချင်းပြည့်စုံဖို့အတွက် အလုပ်သင်ဆရာဝန်ကဲ့သို့ အလုပ်သင်လျှက်ရှိနေသူ )၊ အခွန်ထမ်းနဲ့ အိမ်ထောင်ဖက်ရဲ့ အသက်အာမခံပရီမီယံ၊ လူမှုဖူလုံရေး ထည့်ဝင်ငွေတို့ကို သက်သာခွင့်အဖြစ် နုတ်ပယ်တွက်ချက်ပေးပါတယ်။

ဝင်ငွေခွန်ဥပဒေအရ နိုင်ငံတော်အဖွဲ့အစည်းအဆင့်ဆင့်က ကမကထပြုတဲ့ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသိအမှတ်ပြုတဲ့ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုကို လှူဒါန်းထည့်ငွေ ( အခွန်ထမ်းစုစုပေါင်းင်ငွေ၏ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေထက် မပိုစေရ) အား သက်သာခွင့်အဖြစ် နုတ်ပယ်တွက်ချက်ပေးပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန

Taxation Read 818 times