INGO/ NGO ဝန်ထမ်းများ၏ လစာဝင်ငွေနှင့် ပတ်သက်သည့်အခွန်


10 April, 2019

(INGO/NGO) အဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများနဲ့ ပတ်သက်ပြီး လစာဝင်ငွေခွန် ထမ်းဆောင်ခြင်းဆိုင်ရာတွေကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါတယ်။

၁၉၅၄ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ( အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ ) အက်ဥပဒေအရလည်းကောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးနှင့် စပ်လျဥ်းသည့် ဗီယင်နာကွန်ဗင်းရှင်းသဘောတူစာချုပ်အရလည်းကောင်း၊ ၁၉၆၃ ခုနှစ် ကောင်စစ်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်းသဘောတူစာချုပ်အရလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်များ၊ စာချုပ်များအရလည်းကောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရလည်းကောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍လည်းကောင်း ဝင်ငွေခွန်ကင်းလွတ်ခွင့် မပြုထားပါက INGO/ NGO ဝန်ထမ်းများအနေဖြင့် ရရှိတဲ့ လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ လစာနဲ့ လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိထားတဲ့ အခကြေးငွေ၊ ကော်မရှင်ရငွေတို့အပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေပုဒ်မ ၉ အရ လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။

ဒီ INGO/ NGO အဖွဲ့များမှ ဝန်ထမ်းများကို လစာငွေထုတ်ပေးဖို့ တာဝန်ရှိသူအနေနဲ့ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

- ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ ( က ) အရ လစာထုတ်ပေးချိန်မှာ ကျသင့်တဲ့အခွန်ကို တွက်ချက်နုတ်ယူထားခြင်း၊ ( လုံလောက်တဲ့ အကြောင်းမရှိဘဲ နုတ်ယူပေးသွင်းဖို့ ပျက်ကွက်ပါက နုတ်ယူပေးသွင်းဖို့ တာဝန်ရှိသူကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ ( ဃ ) အရ ပျက်ကွက်သူအဖြစ် အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်)

- ဝင်ငွေခွန်စည်းမျဉ်း ၁၄၊ စည်းမျဉ်းခွဲ ( ခ ) နှင့်အညီ နုတ်ယူထားတဲ့နေ့မှ ခုနှစ်ရက်အတွင်း သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံး၏ ငွေစာရင်းသို့ ပေးသွင်းခြင်း၊

- ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈၊ ဝင်ငွေခွန်စည်းမျဉ်း ၁၄၊ စည်းမျဥ်းခွဲ ( ဃ ) နှင့်အညီ ဝင်ငွေနှစ်ကုန်ဆုံးပြီး ၃လအတွင်း လစာဝင်ငွေခွန်ထမ်းဆောင်ခြင်းဆိုင်ရာ လစာနှစ်ချုပ်စာရင်းကို သတ်မှတ် ပတခ ( ဝင ) - ၁၆ ပုံစံဖြင့် ဖြည့်စွက်တင်သွင်းခြင်း၊ ( လုံလောက်တဲ့ အကြောင်းမရှိဘဲ လစာနှစ်ချုပ်စာရင်းအချိန်မီတင်သွင်းဖို့ ပျက်ကွက်ပါက ပေးဆောင်ရမယ့် အခွန်ရဲ့ တစ်ဆယ်ရာခိုင်နှုန်းထက် မပိုတဲ့ငွေကို ဒဏ်ငွေအဖြစ် တပ်ရိုက်ခြင်းခံရနိုင်ပါတယ်)

- ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၂ အရ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးတို့က ဝင်ငွေခွန်နှင့် စပ်လျဥ်းပြီး သိလိုတဲ့ သတင်းအချက်အလက်များကို မေးမြန်းတောင်းခံလာပါက သက်ဆိုင်ရာ INGO/ NGO များအနေနဲ့ ထိုအချက်အလက်များကို ဖြေကြားပေးပို့ကြဖို့ လိုအပ်ပါကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန

Taxation Read 891 times