အစိုးရအနေနဲ့ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းတိုးတက်စေဖို့ ကုန်သွယ်ခွန်ကင်းလွတ်ပေးဖို့ လိုအပ်


29 March, 2019

မြန်မာနိုင်ငံမှာ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းတိုးတက်စေဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ကုန်သွယ်ခွန်များကို ကင်းလွတ်ခွင့်ပေးဖို့ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်အသင်းမှ ပြောကြားပါတယ်။

ဒါ့ပြင် တစ်ဖက်မှာလည်း ချည်မျှင်နဲ့ ဝါတွေများများစိုက်နိုင်အောင် ဝါစိုက်တောင်သူတွေကို အစိုးရက ငွေကြေးထောက်ပံ့ပေးဖို့လိုပါတယ်။ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်တွေဘက်မှာလည်း အဆင့်မြင့်စက်တွေဝယ်ဖို့ ငွေကြေးအခက်အခဲရှိပါတယ်။ဒါ့ကြောင့် အတိုးသက်သာစွာနဲ့ ငွေထုတ်ချေးဖို့လိုပါတယ်။ အခွန်အနေနဲ့လည်း ကင်းလွတ်ခွင့်ပေးဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ ဝါစိုက်တောင်သူတွေ ဝါကိုရောင်းတဲ့အခါ ကုန်သွယ်ခွန်ဆောင်စရာမလိုပါဘူး။ ဒါပေမယ့် ဝါစေ့ကနေ ဝါဂွမ်းထွက်လာတဲ့အခါမှာတော့ အဆင့်ဆင့်ကုန်သွယ်ခွန်တွေ ဆောင်ရပါတယ်။ ကုန်သွယ်ခွန် ၃၁၊ ၃၂ တွေအရ ခုနှိမ်ခွင့်တွေတော့ ပေးထားပါတယ်။ ဒါပေမယ့် ဝါစိုက်သူနဲ့ ဝါဂွမ်းထုတ်လုပ်သူတွေမှာ အခွန်ဆောင်ရတာ မညီမျှတဲ့အတွက် အခက်အခဲဖြစ်စေပါတယ်။

မြန်မာနိုင်ငံမှာ ချည်မျှင်နဲ့ အထည်ချုပ်လုပ်ငန်းဟာ ဖွံ့ဖြိုးမှုနည်းတဲ့အတွက်ရော လုပ်ငန်းရှင်တွေကို အားပေးတဲ့အနေနဲ့ရော ဖြစ်နိုင်ရင် ကုန်သွယ်ခွန်တွေကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုပါတယ်လို့ ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက ပြောပါတယ်။

အခုလတ်တလောမှာ မြန်မာနိုင်ငံချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်များအသင်းနဲ့ ပြည်ပက ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ အထည်အလိပ်နဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းတွေကိုလည်း ဦးစားပေးဖွင့်လှစ်နေပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံက အထည်အလိပ်အသက်မွေးဝမ်းကျောင်းတွေမှာ မြန်မာနိုင်ငံက ပညာတော်သင်တွေကို ဇွန်လနောက်ပိုင်းလောက်မှာ စေလွှတ်သွားဦးမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွေမှာလည်း ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းတွေကို ဖွင့်လှစ်သွားဖို့ရှိပါတယ်။

လက်ရှိ မြန်မာ့ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းမှာ နည်းပညာအခက်အခဲများရှိခြင်း၊ ပြည်ပကအထည်အလိပ်အရည်အသွေးများနဲ့ ဈေးကွက်ထဲမှာ မယှဉ်နိုင်ခြင်း၊ ကုန်သွယ်ခွန်များကြီးမြင့်နေခြင်းတွေကြောင့် ချည်မျှင်နဲ့ အထည်အလိပ်လုပ်ငန်းရှင်တွေမှာ အခက်အခဲဖြစ်ပေါ်နေပါတယ်။

Daily Eleven

Local News Taxation Read 519 times