ဩဇီကျောက်မီးသွေးများ တရုတ်ပြည်သို့ ၂ နှစ်တာမှာ ပထမဆုံးအကြိမ် ဆိုက်ရောက်


10 February, 2023

ဩဇီကျောက်မီးသွေးများ တရုတ်ပြည်သို့ ၂ နှစ်တာမှာ ပထမဆုံးအကြိမ် ဆိုက်ရောက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လွန်ခဲ့သည့် ၂ နှစ်ကျော်က တရုတ်အစိုးရက  တရားဝင် ကြေညာခြင်း မပြုဘဲ ဩစတြေးလျကျောက်မီးသွေးများ တင်သွင်းခွင့်ပိတ်ပင်မှု စတင်ခဲ့ပြီးနောက် ဩစတြေးလျကျောက်မီးသွေးတင်ဆောင်သည့် သင်္ဘောနှစ်စင်းထက်ထက်မနည်းသည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည်။ နောက်ထပ် ဩစတြေးလျ ကျောက်မီးသွေးတင် သင်္ဘောများ လာနေဆဲ လမ်းခရီးတွင် ရှိနေသည်။

တရုတ်အကောက်ခွန် လုပ်ထုံးလုပ်နည်းများ မည်မျှချောမွေ့မည်ကို သိလိုသောကြောင့် ၎င်းကျောက်မီးသွေးများ အကောက်ခွန် ရှင်းလင်းရေးကို ကျောက်မီးသွေးကုန်သည်များက အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လ ဇန်နဝါရီလတွင် ဩစတြေးလျကျောက်မီးသွေး တင်သွင်းခွင့် ပိတ်ပင်မှုကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့သည့်အနေဖြင့် ဩစတြေးလျနိုင်ငံမှ ကျောက်မီးသွေးတင်သွင်းရန် ဗဟိုအစိုးရပိုင် လုပ်ငန်းလေးခုကိုသာ ခွင့်ပြုခဲ့သည်။

Tiger East အမည်ရှိ ကျောက်မီးသွေးတင် သင်္ဘောသည် ဩစတြေးလျနိုင်ငံ ကွင်းစလန်မှအပူသုံးကျောက်မီးသွေး တန်ချိန် ၇၃,၃၀၀ ခန့် တင်ဆောင်ထားသည်။ တရုတ်နိုင်ငံတောင်ပိုင်း တိုင်ရှန်းမြို့မှာ ကုန်ချနေသည်။

အဆိုပါ အပူသုံးကျောက်မီးသွေးကို China Energy Investment Corp မှပိုင်ဆိုင်သော Guoneng Taishan လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံသို့ ပေးပို့မည် ဖြစ်သည်။

နောက်ထပ် ဩစတြေးလျကျောက်မီးသွေးများ တင်ဆောင်လာသည့် သင်္ဘော၏ အမည်မှာ Magic Eclipse ဖြစ်ပြီး စတီးထုတ်လုပ်ရာတွင် သုံးစွဲကြသည့် သတ္တုသုံးကျောက်မီးသွေးများ တင်ဆောင်လာသည်။ Baowu Group အတွက် မှာယူထားခြင်း ဖြစ်သည်။ ကျန့်ကျန်းဆိပ်ကမ်းတွင် ကျောက်ချရပ်နားနေသည်။ ကမ်းကပ်ပြီး ကုန်ချဖို့ စောင့်ဆိုင်းနေသည်။

ဝယ်လက်များဖြစ်သော CEIC နှင့် Baowu တို့သည် အစိုးရထံမှ မီးစိမ်းပြထားသောကြောင့် တရုတ်အကောက်ခွန် ချောချောမွေ့မွေ့ဖြတ်သန်းနိုင်လိမ့်မည်ဟု ကုန်သည်များက မျှော်လင့်ထားကြသည်။

"မူအရတော့ ဒီကုန်စည်နှစ်ခုအတွက် ပြဿနာမရှိပါဘူး။ ပြဿနာက ခွင့်ပြုချက် မရသေးတဲ့ တခြားဝယ်လက်တွေပဲ"ဟု တရုတ်ကျောက်မီးသွေးကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ကျောက်မီးသွေး တင်သွင်းသူများသည် ၎င်းတို့၏ ကုန်စည်များကို ဆိပ်ကမ်းများတွင် ဦးစွာ စွချထားနိုင်ပြီး အကောက်ခွန် ကင်းရှင်းရေးအတွက် နောက်မှ လျှောက်ထားနိုင်သည်။


တရုတ်ဆိပ်ကမ်းများ အထူးသဖြင့် မြောက်ပိုင်းရှိ ဆိပ်ကမ်းများတွင် ကျောက်မီးသွေး လက်ကျန်များ များပြားနေသဖြင့် ထပ်မံရောက်ရှိလာသည့် ကျောက်မီးသွေးများ ထားဖို့ နေရာလက်ကျန် နည်းနေသည်။

တရုတ်နိုင်ငံမြောက်ပိုင်းရှိ အဓိကဆိပ်ကမ်းများတွင် ကျောက်မီးသွေး သိုလှောင်မှုသည် ယခုသီတင်းပတ်အတွင်း တန်ချိန် ၃၄ ဒသမ ၆၅ သန်းသို့ ရောက်ရှိခဲ့သည်။ ၆ လတာအတွင်း အများဆုံး ဖြစ်သည်။ 

ဩစတြေးလျကျောက်မီးသွေးများ တင်ဆောင်ထားသည့် သင်္ဘော အနည်းဆုံး ၇ စီးသည် တရုတ်ပြည်သို့ လာမည့် သီတင်းပတ်များတွင် ရောက်ရှိလာမည် ဖြစ်သည်။

China Energy Investment Corp သည် ၂၀၂၀ ခုနှစ်တွင် ဩစတြေးလျမှ ကျောက်မီးသွေးတင်သွင်းမှုအပေါ် တရားဝင် ‌မကြေညာသော တားမြစ်ချက်ကို တရုတ်အစိုးရက ဖြေလျှော့ပေးပြီးနောက်ဩစတြေးလျ ကျောက်မီးသွေး တင်သွင်းရန် ပထမဆုံး မှာကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်ပိတ်ပင်မှုများကို ဖြေလျှော့ပေးပြီးနောက်  စွမ်းအင်သုံးစွဲမှု မြင့်မားလာသဖြင့် ကျောက်မီးသွေး တင်သွင်းမှု တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

China Energy Investment Corp က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများတွင် သုံးစွဲသည့် အပူသုံးကျောက်မီးသွေးများကို ဝယ်ယူတင်သွင်းသည်။

ဩစတြေးလျသည် တရားဝင် မကြေညာဘဲ  ပိတ်ပင်မှု မတိုင်မီတွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကျောက်မီးသွေး ရောင်းချသူဖြစ်ခဲ့သည်။

 ဩစတေးလျမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကျောက်မီးသွေး ကုန်စည်များသည် ၂၀၁၉ ခုနှစ်တွင် ဩစတြေးလျ ကျောက်မီးသွေး တင်ပို့မှု အားလုံး၏ လေးပုံတစ်ပုံနီးပါး ပမာဏ ရှိခဲ့သည်။ ၂၀၂၀ တွင် သံခင်းတမန်ခင်း တင်းမာခဲ့ပြီး ပိတ်ပင်လိုက်သဖြင့် ၂၀၂၁ နှင့် ၂၀၂၂ တို့တွင် တင်ပို့မှု လုံးဝ မရှိခဲ့ချေ။ 
တရုတ်က ဩစတေးလျ ကျောက်မီးသွေးအစား အင်ဒိုနီးရှားထံမှ ကျောက်မီးသွေး တင်သွင်းမှုကို ၂၀၂၁ တွင် တိုးမြှင့်ခဲ့သည်။ ၂၀၂၂ တွင် ရုရှားကျောက်မီးသွေးများ တင်သွင်းခဲ့သည်။

တရုတ် မဝယ်တော့သည့်အတွက် ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့သည် ဩစတေးလျထံမှ ကျောက်မီးသွေးများ တိုးမြှင့် တင်သွင်းခဲ့ကြသည်။ 
ဩစတြေးလျသည် ဂျပန်နိုင်ငံ ကျောက်မီးသွေးတင်သွင်းမှု၏ ၃၆ ဒသမ ၅ ရာခိုင်နှုန်းကို ပေးပို့ခဲ့သည်။  ၂ဝ၁၉ ခုနှစ်ထက် ၂၇ ဒသမ ၆ ရာခိုင်နှုန်းမှ ပိုများပါသည်။
အိန္ဒိယ၏ ဩစတြေးလျကျောက်မီးသွေး ဝေစုသည် ၁၂.၃% ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁၅.၇% သို့ တိုးလာခဲ့သည်။
 ဥရောပတွင်  ဩစတြေးလျကျောက်မီးသွေး ဝေစုသည် ၄.၆% မှ ၈% သို့ တိုးလာသည်။
Source Reuters 


နောက်ဆက်တွဲဖြစ်ရပ် ဖတ်ရှုရန်
ဩဇီကျောက်မီးသွေးတင်သင်္ဘော တရုတ်မှာ ကုန်ချခွင့်မရသဖြင့် ဗီယက်နမ်သို့ ထွက်ခွာ
https://www.industrialdirectory.com.mm/article/australian-coal-cargo-bound-for-china.html



 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 1061 times