ကိုဗစ်ရှောင် တရုတ်မီလျံနာများ စင်ကာပူကို ရွေးချယ်


26 December, 2022

ကိုဗစ်ရှောင် တရုတ်မီလျံနာများ စင်ကာပူကို ရွေးချယ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

COVID-19 ပြဿနာကြောင့် စိတ်နွမ်းလျနေတဲ့ တရုတ်သန်းကြွယ်သူဌေးတွေဟာ တရုတ်ပြည်တွင်းမှာ ကမောက်ကမဖြစ်နေခြင်းများနှင့် ဘာတွေ ဖြစ်လာနိုင်သလဲ မှန်းလို့မရသည့်ကြားမှာ စင်ကာပူကို မျက်စိကျနေကြပါတယ်။


ပြည်တွင်း စီးပွားရေးနှင့် လူမှုရေးပြဿနာများကြားမှ လွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်တဲ့ လှိုင်းလုံးထဲတွင် ပါဝင်နေသည့် ချမ်းသာသော တရုတ်မိသားစုများအဖို့ တရုတ်ကျွမ်းကျင်သက်‌မွေးပညာရှင်များကို သံလိုက်ဆွဲငင်နေတဲ့ စင်ကာပူတွင် နေထိုင်တဲ့ဘဝကို သဘောကျနေကြပါတယ်။
ပြောင်းရွှေ့အ‌ခြေချတဲ့ တရုတ်သူဌေးများအတွက် ရည်ရွယ်တဲ့ VIP club များ စင်ကာပူမှာ မှိုလို ပေါ်ပေါက်လာပါတယ်။
စင်ကာပူမှာ ပညာလာသင်တဲ့ တရုတ်နိုင်ငံသား ပညာသင်တွေကလည်း ဘွဲ့ရပြီးရင်  စင်ကာပူမှာ ဆက်လက်နေထိုင်ကြပါတယ်။

တရုတ်နိုင်ငံသူ Kristine Zhang ရဲ့ ဆိုရိုးစကားက "ပြန်လည်ပေါင်းစည်းဖို့ ခွဲခွာခြင်း" လို့ ဆိုထားပါတယ်။ သူမရဲ့ ခင်ပွန်းသည်နှင့် နှစ်အတန်ကြာ ကွဲကွာနေခဲ့ပါတယ်။
2015 ခုနှစ်ကစလို့ စင်ကာပူမှာ သူမ အနေများခဲ့ပါတယ်။ သားဖြစ်သူက စင်ကာပူမှာ ပညာသင်နေပါတယ်။ ယခင်က ပြည်ပကုမ္ပဏီမှာ အမှုဆောင်အရာရှိ လုပ်ခဲ့ဖူးသူ ခင်ပွန်းသည်က တရုတ်နိုင်ငံ ကွမ်တုန်းမှာ ကိုယ်ပိုင်လုပ်ငန်း ကားဆေးမှုတ်လုပ်ငန်းမှာ စီမံခန့်ခွဲပါတယ်။

Zhang ရဲ့ ခင်ပွန်းက တရုတ်ပြည်မှာ စီးပွားရေး ပြေလည်နေတာကြောင့်  မိသားစုကို စင်ကာပူသို့ ပြောင်းရွှေ့ရန် တွန့်ဆုတ်နေခဲ့ပါတယ်။ တခြားဘယ်နိုင်ငံကိုမှလည်း ပြောင်းရွှေ့နေထိုင်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ သို့သော် မကြာသေးမီက သူ စိတ်ပြောင်းသွားပါတယ်။
"ကျွန်မတို့ မကြာခင်ပြန်ဆုံကြမယ်၊ ဒါပေမဲ့ အစတုန်းကနဲ့မတူဘဲ စင်ကာပူဟာ ကျွန်မတို့သားအတွက် အကူးအပြောင်းမှာ ဖြတ်သန်းတဲ့နိုင်ငံမဟုတ်တော့ဘဲ အမြဲတမ်းအိအိမ် ဖြစ်မယ်" လို့ Zhang က ပြောပါတယ်။

၎င်းတို့ ဇနီးမောင်နှံဟာ စင်ကာပူရှိ တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု လှိုင်းသစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
 
"နှေးကွေးနေတဲ့ ပြည်တွင်းဈေးကွက်၊ COVID-19 ပြင်းထန်လာတာ၊ အိမ်ရာပိုင်ဆိုင်မှုများ ဈေးကျဆင်းလာတာ၊ ယွမ်ငွေ အားပျော့နေတာ အားလုံးက ကျွန်မတို့ရဲ့ စည်းစိမ်ဥစ္စာကို လျော့ကျစေပါတယ်။ ရှေ့လျှောက် အခွန်ပိုမိုတင်းကျပ်စွာ စိစစ်ဆောင်ရွက်သွားမှာလည်း ရှိသေးတယ်။ ပြောချင်တာက အဲဒါတွေ ဘယ်လောက်ကြာကြာအထိ ဆက်ဖြစ်နေဦးမှာလဲဆိုတာ ကျွန်မတို့ မသိနိုင်ဘူး" လို့ Zhang ကပြောပါတယ်။

တရုတ်တွင် ယွမ် ၁၅ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း) တန်ကြေးရှိသော အိမ်ခန်း ၃ ခန်းကို လာမည့်နှစ်အတွင်း ရောင်းချရန် မိသားစုက စီစဉ်နေသည်။ ထို့နောက် စင်ကာပူမှာ ပြောင်းရြွေနေထိုင်ကြမည်။ စင်ကာပူနိုင်ငံသား ခံယူရန် မျှော်မှန်းထားပြီး စီးပွားရေး လုပ်ကိုင်မည်။

 စင်ကာပူသည် တရုတ်ပြည်မကြီးမှ ရွှေ့ပြောင်းအခြေချသူများအတွက် ရေခံမြေခံကောင်းသည့်နေရာတစ်ခု ဖြစ်သည်။
တရုတ်လူမျိုးများသည် စင်ကာပူနိုင်ငံတွင် လူဦးရေ အများဆုံးလူမျိုးစုဖြစ်ပြီး တရုတ်ရုံးသုံးစကား မန်ဒရင်းဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည်။ ပြည်မသို့ ပြန်ရန် လေယာဉ်ခရီး နီးသည်။ လုံခြုံသည်။ အခွန်နည်းသည်။
စင်ကာပူသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်သည်။ တရုတ်နှင့် အမေရိကန် တင်းမာမှုတွင် ကြားနေသည်။

အသားတင်တန်ဖိုး မြင့်မားသူများ နေထိုင်ရန် ရွေးချယ်သော ထိပ်တန်း ၅ နိုင်ငံတွင် စင်ကာပူ ပါဝင်သည်။ ၎င်း ၅ နိုင်ငံမှာ ၂၀၂၂ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် Henley Global Citizens Report အရ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ သြစတြေးလျ၊ အစ္စရေး၊ ဆွစ်ဇာလန်၊ စင်ကာပူတို့ဖြစ်သည်။ 
အသားတင်တန်ဖိုး မြင့်မားသူများ စွန့်ခွာမှု အများဆုံး ထိပ်တန်း ၅ နိုင်ငံမှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်နှင့် ယူကရိန်းတို့ဖြစ်သည်ဟု လန်ဒန်မြို့အခြေစိုက် ရရင်းနှီးမြှုပ်နှံမှု နိုင်ငံ ရွှေ့ပြောင်းခြင်းဆိုင်ရာ အကြံပေးလုပ်ငန်း Henley & Partners  က ဆိုသည်။

အာရှတွင် စင်ကာပူသည် သန်းကြွယ်သူဌေးများကို ဆွဲဆောင်နိုင်မှု ကြီးထွားလာနေသည်။ ယခုနှစ်တွင် အသားတင်တန်ဖိုး မြင့်မားသူများ၏ အသားတင် ရွှေ့ပြောင်းဦးရေ ၂,၈၀၀ ရှိမည်ဟု မျှော်မှန်းထားသည်။ ၂၀၁၉ ခုနှစ်ထက် ၈၇% တိုးမည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

 ချမ်းသာသောတရုတ်များသည် တရုတ်ပြည်နှင့် နှိုင်းစာပါက လွတ်လပ်မှု ပိုမိုရရှိခြင်း၊ ၎င်းတို့အား ရန်မလိုဘဲ ကြိုဆိုသောပတ်ဝန်းကျင်နှင့် စီးပွားရေး လုပ်သာသော အခြေအနေများ ရရှိသဖြင့် ၎င်းတို့၏ ငွေကြေးပိုင်ဆိုင်မှုများ ထားရှိရန်  လုံခြုံသောနေရာတစ်ခုအဖြစ် ရှုမြင်ကြသည်။
စင်ကာပူနိုင်ငံသားနှင့် အမြဲတမ်းနေထိုင်သူ လူဦးရေ ၄ သန်း၏ လေးပုံသုံးပုံနီးပါးသည် တရုတ်လူမျိုးများဖြစ်ကြပြီး မလေးလူမျိုး 
၁၃ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် အိန္ဒိယလူမျိုး ၉ ရာခိုင်နှုန်း ရှိသည်။

"ကျွန်မတို့ စင်ကာပူရဲ့ လူမျိုးယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းကို နှစ်သက်ကြတယ်။ စင်ကာပူက တရုတ်နှင့်လည်း ချစ်ကြည်ရေး ကောင်းတယ်" ဟု Zhang က ဆိုသည်။

စင်ကာပူနိုင်ငံသား ၆၇ ရာခိုင်နှုန်းခန့်က တရုတ်နိုင်ငံကို နှစ်သက်စရာအဖြစ် ရှုမြင်ကြပြီး ၉၀ ရာခိုင်နှုန်းက ၎င်းတို့နိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု  ရှုမြင်ကြကြောင်း ၂၀၂၂ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် Pew Research Center မှ စစ်တမ်းတစ်ခုအရ သိရသည်။
သို့သော် စင်ကာပူကို တရုတ်သူဌေးများ စိတ်ဝင်စားမှု တိုးလာခြင်းသည် ကမ္ဘာ့နံပါတ် (၂) နိုင်ငံစီးပွားရေးဖြစ်သော တရုတ်ပြည်အတွက် သတင်းဆိုး ဖြစ်နေသည်။

စည်းစိမ်ဥစ္စာများနှင့်အတူ အထုပ်ပိုက်ပြီး ပြောင်းရွှေ့နေထိုင်မှုမှာ အကျည်းတန်လာသည်။

ချမ်းသာသော တရုတ်လူမျိုးဦးရေ  ၁၀,၀၀၀ သည် ယခုနှစ်အတွင်း အထုပ်ပိုက်ပြီး တရုတ် ပြည်မကြီးမှ ထွက်ခွာသွားကြသည့်အပြင် ဟောင်ကောင်မှလည်း ၃,၀၀၀ ဦး ထွက်ခွာခဲ့ကြောင်း Henley & Partners က ခန့်မှန်းသည်။

ရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းခြင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများနှင့် လျှောက်ထားခြင်းများတွင်လည်း သိသိသာသာ မြင့်တက်လာသည်။
ဒုတိယသုံးလပတ်အကုန်တွင်  Henley & Partners ထံ အရှေ့အာရှမှ ဝဘ်ဆိုက်ပေါ်မှာ မေးမြန်းမှုများတွင် ၆၆ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသားများထံမှ ဖြစ်သည်။
မေးမြန်းသည့် တရုတ်နိုင်ငံသားများ အရေအတွက်သည် ပထမ၃ လပတ်ထက် ဒုတိယ၃လပတ်တွင် ၁၃၄% တိုးခဲ့သည်။


စင်ကာပူသို့ တရုတ် ရွှေ့ပြောင်းနေထိုင်သူများတွင် လူအများတို့ သတိအပြုမိဆုံးမှာ စင်ကာပူတွင်  မိသားစုရုံးများ ဖွင့်လှစ်သည့် ချမ်းသာသော လုပ်ငန်းရှင်များဖြစ်သည်ဟု ကြွယ်ဝသောမိသားစုများအတွက်  ပိုင်ဆိုင်မှုစီမံခန့်ခွဲမှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီတစ်ခုမှ အမှုဆောင်တစ်ဦးဖြစ်သူ Joylin Su က ပြောကြားသည်။

စင်ကာပူငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS)၏ အချက်အလက်အရ စင်ကာပူတွင် မိသားစု ရုံးခန်းပေါင်း ၇၀၀ ကျော်ကို ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၅၀ မျှသာ ရှိခဲ့သည်။ 

မိသားစုရုံးများသည် ပုံမှန်အားဖြင့် မိသားစုများ၏ အရင်းအနှီးထိန်းသိမ်းမှု၊ ဆက်ခံမှုအစီအစဉ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲရန် ရည်ရွယ်ချက်များအတွက်ဖြစ်စေ၊ အလွန်မြင့်မားသော အသားတင်တန်ဖိုးရှိသော ပုဂ္ဂိုလ်များ၏  ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အုပ်ချုပ်စီမံခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဖြစ်စေ၊ တရားဝင်ရပ်တည်ထားသည့် ရုံးခန်းဖြစ်ပါသည်။

MAS သည် ယခုနှစ် ပထမလေးလအတွင်း မိသားစုတစ်စုရုံးများ ဖွင့်လှစ်ရန် လျှောက်လွှာပေါင်း ၁၀၀ ကျော်ကို အတည်ပြုခဲ့သည်။
 
MAS ၏ အဆိုအရ စင်ကာပူမှ စီမံခန့်ခွဲမှုအောက်ရှိ ပိုင်ဆိုင်မှုများသည် ယမန်နှစ်က စင်ကာပူဒေါ်လာ ၄.၇ ထရီလီယံ ရှိခဲ့ရာမှ ယခုနှစ်တွင် စင်ကာပူဒေါ်လာ ၅.၄ ထရီလီယံအထိ တိုးလာခဲ့သည်။ 
၎င်းပမာဏထဲမှ ထက်ဝက်ကျော်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟောင်ကောင်မှာ  ကြွယ်ဝမှုများကို သိမ်းဆည်းထားသူများ အပါအဝင် ချမ်းသာသော တရုတ်မိသားစုများမှ ဖြစ်သည်ဟု Joylin Su က ပြောကြားသည်။

ရုံးခန်းဖွင့်လှစ်ရန် အတည်ပြုချက် လျှောက်ထားသူများ များပြားလာသဖြင့် စောင့်ရသည့် အချိန် ပိုကြာလာသည်။ “အရင်က လေးလလောက် ကြာပေမယ့် အခု စင်ကာပူမှာ မိသားစုရုံးခန်း ထူထောင်ဖို့အတွက် အတည်ပြုချက် ရဖို့ ၁၈ လလောက် ကြာတယ်”ဟု Joylin Su က ပြောကြားသည်။

“စင်ကာပူက အရှေ့တိုင်းနှင့်အနောက်တိုင်းအကြား ဟန်ချက်ညီအောင် ကောင်းကောင်းထိန်းသိမ်းထားတာကြောင့် ချမ်းသာတဲ့ မိသားစုများအတွက် ပြည်မကြီးမှ ပြောင်းရွှေ့ရမည့်နေရာများစာရင်းမှာ ထင်ပေါ်နေပါတယ်။ စင်ကာပူရဲ့ ရှင်းလင်းတဲ့ အခွန်စနစ်က ကမ္ဘာတစ်ဝှမ်းမှ ချမ်းသာသူများအဖို့ ချမ်းသာကြွယ်ဝမှုစီမံခန့်ခွဲဖို့အတွက် ဘေးကင်းစေပါတယ်” ဟု Joylin Su က ပြောကြားသည်။
Source SCMP 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Taxation Read 291 times