ကုန်သေတ္တာတင်ယာဉ်များအပေါ် အခွန်ကောက်ခံမှုနှုန်း ဖြေလျှော့ပေးရေး သက်ဆိုင်ရာသို့ ပြန်လည်တင်ပြ


07 February, 2019

ကုန်သေတ္တာတင်ယာဉ်များအပေါ် အခွန်ကောက်ခံမှုနှုန်း ဖြေလျှော့ပေးရေး သက်ဆိုင်ရာသို့  ပြန်လည်တင်ပြတောင်းခံရန် ရှိကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ်အသင်း ဒုတိယ ဥက္ကဋ္ဌ(၂)ဦးစိုးနိုင်က ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ယခုနှစ်ကစ၍ ကုန်သေတ္တာတင်ယာဉ်များ၏ နောက်တွဲများကို နှစ်လဲ သက်တမ်းတိုး ဘီးခွန်သီးခြား ကောက်ခံနေခြင်းကြောင့် ယခင်ကထက် ပေးဆောင်ရသည့်ငွေ ပမာဏပိုများလာသည်ဟု ၎င်းကဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ကုန်သေတ္တာတင်ယာဉ်များ၏ နောက်တွဲများကို နှစ်လဲသက်တမ်းတိုးပါက တစ်နှစ်လျှင် ဘီးခွန် ကျပ် ၁၀၉,၅၀၀ ပေးဆောင်ရန် ကြေညာထားပါတယ်။

‘‘အရင်က ခေါင်းတွဲနဲ့နောက် တွဲနှစ်တွဲအပါဆိုပြီး ပေးဆောင်ရတာ။ အခုက ခေါင်းနဲ့နောက်တွဲ သီးခြားလုပ်လိုက်တဲ့သဘောပဲ။ လုပ်ငန်းတွေ သိပ်အဆင်မပြေကြတဲ့အချိန်မှာ ဒီလိုလုပ်တော့ ကုန်ကျမှုတွေ ပိုများသွားတာပေါ့’’ ဟု ဦးစိုးနိုင်က ပြောပါတယ်။

ထို့အပြင် ကုန်သေတ္တာယာဉ် တစ်စီးအတွက် ဘီးခွန်အပါအဝင် တစ်နှစ်လျှင် ပေးဆောင်ရသည့် အခွန်ငွေကျပ်ငါးသိန်းခန့်ရှိသဖြင့် အခွန်ဖြေလျှော့ပေးနိုင်ရေးတင်ပြရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ ယခင်က ခေါင်းတွဲနှင့် နောက်တွဲနှစ်တွဲအတွက် ပေးဆောင်ရသည့် ဘီးခွန်ငွေတန်ဖိုးသည် ကျပ်သုံးသိန်းခန့်ရှိပြီး ယခု ပြောင်းလဲသည့် စနစ်ကြောင့် ခေါင်းတွဲနှင့်နောက်တွဲ နှစ်တွဲအတွက် ပေးဆောင်ရမည့် ငွေတန်ဖိုး ကျပ်သုံးသောင်းခန့် ပိုလာကြောင်း ကုန်သေတ္တာတင် ယာဉ်လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

7day daily

Taxation Read 433 times