စက်မှုကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရန် အကောက်ခွန်ရုံးကုန်လှောင်ရုံ စတင်


02 May, 2019

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဖို့အတွက် အကောက်ခွန်ရုံးကုန်လှောင်ရုံ ( Bonded Warehouse ) အစီအစဉ် အကောင်အထည်ဖော်ခြင်းကို စတင်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ UK aid ရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်တဲ့ Dana Facility မှ ပြောပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနနဲ့ Dana Facility တို့က အကောက်ခွန်အရာရှိတွေနဲ့ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူတွေကို ဒေသတွင်း စက်မှုလုပ်ငန်းများ ပံ့ပိုးတဲ့အခါ အလားအလာရှိတဲ့ အကောက်ခွန်ရုံးကုန်လှောင်ရုံအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

Bonded Warehouse တွေကို စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေဖို့ သီးသန့်ရေးဆွဲထားပြီး အထူးသဖြင့် တန်ဖိုးမြင့်ကုန် သို့မဟုတ် သွင်းကုန်ခွန်တန်ဖိုး မြင့်မားတဲ့ ကုန်ပစ္စည်းများ တင်သွင်းတဲ့ လုပ်ငန်းတွေအတွက် ဖြစ်ပါတယ်။

စက်မှုထုတ်ကုန်လုပ်ငန်းရှင်တွေအနေနဲ့ Bonded Warehouse တွေမှာ ကုန်ပစ္စည်းများထားရှိကာ ဝယ်ယူလိုတဲ့ ဝယ်သူရှာမတွေ့မီ ဒါမှမဟုတ် တင်ပို့ဖို့ဈေးကွက်မရရှိမီ ၎င်းတို့တင်သွင်းတဲ့ သွင်းကုန်ခွန်နဲ့ အကောက်ခွန်တွေကို ပေးဆောင်ဖို့ ရွှေ့ဆိုင်းခွင့်ရှိတဲ့အတွက် ငွေကြေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းက Bonded Warehouse တွေမှာ အလုပ်အကိုင်တွေ တိုးလာရုံမက အကောက်ခွန်နဲ့ အခွန်အခ ကောက်ယူမှုလည်းတိုးလာမှာပါ။ နယ်စပ်ကုန်သွယ်မှုပြုလုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာလည်း အကောက်ခွန်နဲ့ Bonded Warehouse တွေရှိလာရင် ပိုဖွံ့ဖြိုးလာနိုင်ပါတယ်လို့ ပြောပါတယ်။

Bonded Warehouse စနစ်က အထူးသဖြင့် CMP ထုတ်လုပ်ရေးအတွက် အချိန်နဲ့တစ်ပြေးညီ ပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ထုတ်လုပ်ရေးစရိတ်များ ချွေတာနိုင်ခြင်း စတဲ့အချက်များကို တိုးတက်လာနိုင်ပါတယ်။

ဒါ့အပြင် ပို့ကုန်ဈေးနှုန်းမှာ အကောက်ခွန်နဲ့ စည်းကြပ်အခွန်တွေ မပါဝင်တဲ့အတွက် ဒေသတွင်းနဲ့ ကမ္ဘာ့ဈေးကွက်တွေကို တင်ပို့တဲ့ ကုန်ချောထုတ်ကုန်ပစ္စည်းတွေအတွက် ဈေးနှုန်းယှဉ်ပြိုင်မှု ပိုမိုအားကောင်းစေပါတယ်။

Dana Facility ဆိုတာ UK aid က ထောက်ပံ့ပေးနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မေလမှာ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုုပ်နှံမှုနဲ့ ကုန်သွယ်စီးဆင်းမှု၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။

The Voice

Taxation Read 471 times