မီတာဖတ်ရှုခြင်းကို AMI စနစ် ကျင့်သုံးရန် တင်ဒါခေါ်မည်

28 July, 2020

တစ်မြို့နယ်လုံးရှိ မီတာများကို အချိန်တိုအတွင်း ထိန်းချုပ်ခန်းမှ ဖတ်နိုင်သည့် AMI စနစ်အတွက် တင်ဒါခေါ်ယူဆောင်ရွက်မည်။

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကို လျော့ကျစေသည့်အပြင် မီတာဖတ်ရှုရာ၌ လူကြောင့်ဖြစ်ပေါ်စေသောအမှားများ ပပျောက်စေရန် AMI (Advanced Metering Infrastructure) စနစ်ကို အသုံးပြုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဌာန၏ ထိန်းချုပ်ခန်းမှ တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင် းမီတာဖတ်ရှုနိုင်သည့် အဆိုပါ AMI စနစ်ကို တပ်ဆင်နိုင်ရန်အတွက် မကြာခင် တင်ဒါခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်ဝင်းကပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“လိုအပ်တဲ့တင်ဒါ ခေါ်ယူနိုင်ဖို့ကို စံချိန်စံညွှန်း (specification) တွေ ရေးဆွဲဖို့ နိုင်ငံတကာအဖွဲ့အစည်းနဲ့သဘောတူညီမှုတွေ ရထားပြီးပါပြီ၊အဲဒီ specification တွေ ရေးဆွဲပြီးပြီဆိုတာနဲ့ မကြာခင်မှာ လိုအပ်တဲ့မြို့နယ်တွေ သတ်မှတ်ပြီး တင်ဒါခေါ်ယူဆောင်ရွက်သွားပါမယ်”ဟုလည်း ၎င်းကပြောသည်။

တစ်လအတွင်း သုံးစွဲသည့်လျှပ်စစ်မီးသုံးစွဲယူနစ်များ ဖတ်ယူခြင်းကို ပုံစံသုံးမျိုးဖြင့် ကောက်ယူလျက်ရှိရာ လူကိုယ်တိုင်မီတာတစ်လုံးစီဖတ်ခြင်း၊ အဝေးဖတ်ကိရိယာ (HHU:_ Hand Held Unit)ဖြင့် အလိုအလျောက် ဖတ်ခြင်း၊ ဌာန၏ထိန်းချုပ်ခန်းရှိ ကွန်ပျူတာစနစ်အသုံးပြု၍ တစ်မြို့နယ်လုံးရှိ မီတာများကိုအချိန်တိုအတွင်း ဖတ်ရှုခြင်းနည်းတို့ဖြစ်ကြောင်း၊ လူကိုယ်တိုင်ဖတ်မီတာများအတွက် မီတာစာရေးတစ်ဦးလျှင် မီတာအလုံး ၈၀၀ ဖတ်ရှုရန် တာဝန်ပေးထားကြောင်း၊ကိုယ်တိုင်ဖတ်ရှုပြီး မီးသုံးစွဲပြည်သူကို အသိပေးပြသရန် မှာကြားထားပြီးပြည်သူက မေးမြန်းလာပါက ချက်ချင်းရှင်းလင်းဖြေကြားရန် ညွှန်ကြားထားကြောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင်

မီးသုံးစွဲသူ ၁,၄၄၆,၀၁၅ဦးရှိပြီး

မီတာစာရေးအမြဲတမ်းဝန်ထမ်း၃၄၂ဦးနှင့်

နေ့စားမီတာစာရေး၆၇၁ဦး၊

စုစုပေါင်း၁,၀၁၃ဦး၊

လယ်ဂျာစာရေး၈၃၇ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း၊

အဝေးဖတ် (HHU) ဖြင့် ဖတ်ရှုမှတ်တမ်းတင်၍ရသော smart မီတာများ ပိုမိုကျယ်ပြန့်စွာ ဝယ်ယူတပ်ဆင်နိုင်ရေး meter specification ရေးဆွဲလျက်ရှိကြောင်း၊

smart မီတာများ ပြီးပြည့်စုံစွာ မတပ်ဆင်နိုင်မီ မီတာစာရေးနှင့် လယ်ဂျာစာရေးများကို လုပ်ငန်းလိုအပ်ချက်ရှိလာပါက တိုးမြင့်ခန့်အပ်လျက်ရှိကြောင်း၊

AMI စနစ်သည် မိမိသုံးစွဲသေ ာလျှပ်စစ်မီးသုံးစွဲမှုကို လက်ကိုင်ဖုန်းဖြင့် ကြည့်ရှုစစ်ဆေးနိုင်ပြီး တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင်း ဖတ်ရှုနိုင်သဖြင့် ထို AMI စနစ်ကို ပန်းပဲတန်း၊ ဒေါပုံနှင့် တောင်ဥက္ကလာပမြို့နယ်များတွင် စမ်းသပ်အသုံးပြုနေပြီးဖြစ်ကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်ဆင့် phase by phase ခွဲ၍ တပ်ဆင်အသုံးပြုနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။

(Xinhua)

Taxation Read 901 times