အခွန်အမှတ်တံဆိပ်ကပ်နှိပ်မထားတဲ့ အရက်၊ စီးကရက်နဲ့ ဝိုင်အမျိုးမျိုးတို့ကို သိမ်းဆည်းအရေးယူမည်


08 May, 2019

အထူးကုန်စည်တွေဖြစ်တဲ့ အရက်၊ စီးကရက်၊ ဆေးပေါ့လိပ်နဲ့ ဝိုင်အမျိုးမျိုးတို့ကို သတ်မှတ်ထားတဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပြီးမှ ရောင်းချဖို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ထားတဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိတဲ့ အရက်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ ဝိုင်အမျိုးမျိုးအပြင် တရားမဝင်တင်သွင်းထားတဲ့ ဘီယာအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချတာ စိစစ်တွေ့ရှိပါက အထူးကုန်စည်ခွန်ဥပဒေနဲ့အညီ ကုန်စည်တွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမယ့်အပြင် အထူူးကုန်စည်တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သိမ်းဆည်းခြင်းခံရတဲ့ အထူးကုန်စည်များက ပြည်တွင်းမှာ ထုတ်လုပ်ပါက ယင်းကုန်စည်ကို ထုတ်လုပ်တဲ့သူကလည်း အထူးကုန်စည်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိတဲ့ အရက်၊ ဘီယာ၊ စီးကရက်၊ ဆေးပေါ့လိပ်၊ ဝိုင်အမျိုးမျိုးနဲ့ တရားမဝင်တင်သွင်းထားတဲ့ ပြည်ပနိုင်ငံထုတ် ဘီယာအမျိုးမျိုးတို့ကို ရှာဖွေဖော်ထုတ်သိမ်းဆည်းဖို့ ဈေးကွက်အတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းတွေကို အထူးကုန်စည်ခွန်ဥပဒေမှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့ပြင် သတ်မှတ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိတဲ့ အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးနဲ့ တရားမဝင်တင်သွင်းထားတဲ့ ဘီယာအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချခြင်းမပြုကြဖို့ ကြိုတင်အသိပေးထားပါတယ်။

Internal Revenue Department

Taxation Read 671 times