ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပြန်လည်ကောက်ခံ


17 May, 2019

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ပို့ကုန်တင်ပို့မှုများအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း သက်သာခွင့်ပေးထားခြင်းကိုပယ်ဖျက်ကာ ပြန်လည်ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။

အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကျင့်သုံးတဲ့ အခွန်ရုံးများဖြစ်တဲ့ အခွန်ထမ်းကြီးဆိုင်ရာ အခွန်ရုံးနဲ့ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁) တို့ရှိ အခွန်ထမ်းများရဲ့ ပို့ကုန်တင်ပို့တဲ့ ကုန်စည်များအပေါ် ကြိုတင် ခွန်ကောက်ခံခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ကင်းလွတ်ခွင့်ပေးခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ကြိုတင်ဝင်ငွေခွန် ပြန်လည်ကောက်ခံလျက်ရှိကြောင်း ယင်းဌာနထံမှ သိရပါတယ်။

အခွန်ထမ်းများအနေနဲ့ တင်ပိုတဲ့ပို့ကုန်ဟာ ကျပ်ငွေဖြင့် တင်ပို့ခြင်းဖြစ်ပါက တင်ပိုတဲ့ကုန်စည်တန်ဖိုးရဲ့ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကိုလည်းကောင်း၊ နိုင်ငံခြားငွေဖြင့် တင်ပို့ပါက Export Declaration (ED) ဖောင်တွင် ကုန်စည်တန်ဖိုးနဲ့အတူ ဖော်ပြထားတဲ့ ဝင်ငွေခွန်ကြိုတင်ပမာဏကိုလည်းကောင်း ပူးတွဲချလန်ဖြင့် ကုမ္ပဏီအမည်၊ နေရပ် လိပ်စာ၊ ပေးဆောင်တဲ့ပမာဏတို့ကို ဖြည့်စွက်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၃) ငွေစာရင်းအမှတ် MD-010118 ကို ပေးဆောင်ရမှာဖြစ်ပါတယ်။

“အခွန်ထမ်းတွေကတော့ ကြိုတင်ငွေဆောင်တဲ့ သဘောမျိုးပါပဲ။ ပြန်ဆောင်ဆိုတော့လည်း ဆောင်ရတာပေါ့။ အခက်အခဲကတော့ အထွေအထူးသိပ်မရှိပါဘူး” လို့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က သုံးသပ်ပြောကြားပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှ ကင်းလွတ်ခွင့်ရယူထားတဲ့ ကုမ္ပဏီများရဲ့ ပို့ကုန်တွေအတွက် ကင်းလွတ်ခွင့်နဲ့ စပ်လျဉ်းပြီး အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ အခွန်ထမ်းလိုက်နာမှု စိစစ်ရေးဌာနစုသို့ လာရောက် လျှောက်ထားရမှာဖြစ်ပါတယ်။

“ကုန်သည်ကတော့ ပြန်မကောက်ဖို့ တောင်းဆိုကြပေမယ့် အစိုးရက ဘယ်လိုဆုံးဖြတ်ချက်ချလဲတော့မသိဘူး။ ကိုယ့်နိုင်ငံက ကုန်ပစ္စည်းတွေ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ သွင်းကုန်ဆိုရင်တော့ တစ်မျိုးပေါ့လေ” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားပါတယ်။

အခွန်ဆိုင်ရာကိစ္စများနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ အမှတ် (၅၉/၆၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် မြေညီထပ်သို့လည်းကောင်း၊ အခွန်ထမ်းရေးရာဌာနစုသို့ ဖုန်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

The Voice

Taxation Read 378 times