ရွှေအပိုင်းများအား ၁၀ ကျပ်သားတိတိ ရောင်းဝယ်ခွင့်ပြုရန် ဆုံးဖြတ်


18 September, 2021

ရွှေအရောင်းအ၀ယ်များကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြရန်နှင့် အသင်းရုံးခန်း ဖွင့်ချိန်ပိတ်ချိန် ပြောင်းလဲသတ်မှတ်သည့် အလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ (၁၈)ရက်နေ့မနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။ 

အစည်းအဝေးတွင် အဖွင့်အမှာစကားကို နာယက ဦးစန်းလွင်က ရွှေ/ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက်လက်မှတ် အသင်းဝင်များသို့ ထုတ်ပေးမည့်ကိစ္စမှာ ကောင်းမွန်ကြောင်း အစချီ၍ အမှာစကားပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ရွှေအရောင်းအ၀ယ်ပြုလုပ်ရာတွင် ထိန်းထိန်းသိမ်းသိမ်း အရောင်းအ၀ယ်ပြုလုပ်ကြရန်၊ အသင်းသားအသစ်လျှောက်ထားမှုကိစ္စများနှင့် ပတ်သက်၍ ပြောကြားခဲ့သလို နှစ်စဉ်ကြေး ကောက်ခံမည့်ကိစ္စများနှင့်ပတ်သက်၍  ပြောကြားခဲ့သည်။ 

ထို့နောက် အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က အသင်းသားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြောကြားရာ ရွှေအရောင်းအ၀ယ်ပြုလုပ်ရာတွင် ရွှေအပိုင်း (၁၀) ကျပ်သားတိတိ ရောင်းဝယ်ခွင့်ပြုရန် ကိစ္စရပ်အား အသင်းသားများ နှင့် ဝိုင်းဝန်းဆွေးနွေးကာ ဆုံးဖြတ်ချက် (၆) ရပ် ချမှတ်ခဲ့သည်။ 

 

ဆုံးဖြတ်ချက်များ

၁။ ၀ယ်ခြင်း၊ ရောင်းခြင်း- ရွှေအပိုင်းများအား ၁၀ ကျပ်သားတိတိ ရောင်းဝယ်ခွင့်ပြုရန်။

၂။ အသင်းသားအသစ်လျှောက်ထားမှုအပေါ်  စီစစ်လက်ခံရန်။

၃။ ရွှေအရောင်းအ၀ယ်ကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြရန် ။

၄။၂၀၂၂ခုနှစ်အတွက် နှစ်စဉ်ကြေးပြန်လည်ကောက်ခံမည်ကို  သတင်းစာနှင့် YGEA  Facebook  စာမျက်နှာများတွင် ကြေညာရန်။

၅။ အသင်းရုံးခန်းကို  မနက် ၁၁နာရီမှ ညနေ ၃နာရီအထိ ဖွင့်လှစ်ရန်။

၆။ ရွှေ/ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက်လက်မှတ်ကို အသင်းဝင်များသာထုတ်ပေးရန် 

Source: YGEA
 

Local News Read 14489 times