ရွှေ/ကျပ်ငွေ သယ်ယူခွင့် လက်မှတ် ထုတ်ပေးမည်


12 September, 2021

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA အလုပ်အမှုဆောင် လပတ်အစည်းအဝေးကို
ယနေ့ စက်တင်ဘာလ (၁၁)ရက်နေ့ မနက်ပိုင်းက အသင်းရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က 
ရွှေစျေးနှုန်းမြင့်တတ်ရခြင်း အကြောင်းအရင်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက်
ရွှေ/ကျပ်ငွေ သယ်ယူခွင့် လက်မှတ် အသင်းဝင်များသို့  ထုတ်ပေးရေးကိစ္စ ပြောကြားခဲ့သည်။

ထို့နောက် ရွှေစျေးကွက်နှင့် ရွှေစျေးနှုန်း တည်ငြိမ်စေရေးကိစ္စရပ်များ၊ ကိုဗစ် ၁၉  စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အစရှိသည့်ကိစ္စများပြောကြားကာ အစည်းအဝေးတွင် ဆုံးဖြတ်ချက် (၆)ရပ် 
ချမှတ်ခဲ့သည်။

ချမှတ်ခဲ့သည့်  အစည်းဝေးဆုံးဖြတ်ချက်များမှာ-
၁။  အသင်းဝင်များအတွက် ရွှေ/ကျပ်ငွေ သယ်ယူခွင့် လက်မှတ် ထုတ်ပေးရန်၊.
၂။ ၂၀၂၂ ခုနှစ်အတွက် နှစ်စဥ်ကြေး ကောက်ခံရန်၊
၃။ ရွေအရောင်းအဝယ် ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြရန်၊
၄။ နှစ်စဥ်ကြေးကောက်ခံမည့်ကိစ္စ သတင်းစာနှင့် YGEA တွင် ကြေညာရန်၊
၅။ ရွှေ/ကျပ်ငွေ သယ်ယူခွင့် လက်မှတ် ထုတ်ယူမည့် အသင်းဝင်များ စာရင်းပေးသွင်းကြရန်
၆။ သြဂုတ်လပတ်ငွေစာရင်းရှင်းတမ်း အတည်ပြုရန်တို့ဖြစ်သည်။ 

ထို့နောက် အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က လချုပ်စာရင်းများ ရှင်းလင်းတင်ပြ အတည်ပြုကာ ​
စျေးကွက် တည်ငြိမ်စေရေးကိစ္စရပ်ကို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 


“ထွေထူးတော့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ထဲမှာ ရွှေသယ်ယူလာရင် အသင်းဝင်ဖြစ်ကြောင်း အသိသက်သေခံလက်မှတ်ပေါ့။ ဥပမာ မဂိုရ်လမ်းကနေ မြောက်ဥက္ကလာကို သွားမယ်ဆို လမ်းမှာစစ်တာဆေးတာရှိရင် ဖြေရှင်းလို့ရအောင် သက်သေခံလက်မှတ်ထုတ်ပေးတာပေါ့။ ကျပ်ငွေဆိုတာကလည်း ဥပမာ ရွှေရောင်းထားတယ်ဆိုရင် ဖြေရှင်းလို့ရအောင် သက်သေခံလက်မှတ်ပေါ့။ ရွှေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်တယ်ဆိုတာကို သက်သေခံလက်မှတ်လေး ထုတ်ပေးတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က eleven သတင်းမီဒီယာကို ပြောကြားသည်။ ထို့ပြင် ယင်းသို့ အသင်းဝင်များအတွက် ရွှေနှင့်ကျပ်ငွေ သယ်ယူခွင့်လက်မှတ်များသာမက ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် လုပ်ဆောင်ရမည့် အခြေအနေများကိုလည်း ဆုံးဖြတ်ခဲ့သည်ဟု ဦးဝင်းမြင့်က ပြောကြားသည်။ “ဒီကာလက စျေးတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဖောင်းပွနေတဲ့သဘောပဲ။ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုယုံပြီး စျေးတွေထိန်းသိမ်းကြဖို့ပါ။ အော်ဒါရှိမှဝယ် အော်ဒါမရှိရင် မဝယ်ကြဖို့ပါ” ဟု ၎င်းက ပြောကြားသည်။
 

Local News Read 11714 times