စားအုန်းဆီ လက်လီလက်ကား ဈေးကွက် လှုပ်ခတ်


11 May, 2022

စားအုန်းဆီ လက်လီလက်ကား ဈေးကွက် လှုပ်ခတ်

စားအုန်းဆီသိုလှောင်ကန်တွေထဲက ဆီလက်ကျန် တန်ချိန် ၂၀,၀၀၀ နီးပါးကို ထုတ်ရောင်းပေးတာ မလုပ်ဘဲ လက်ရှိပမာဏအတိုင်းပဲ ဆက်ထားရှိရမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းကို ညွှန်ကြားလိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် စားအုန်းဆီကို လက်လီ၊ လက်ကား ရောင်းချနေတဲ့ ဈေးကွက်မှာ လှုပ်ခတ်မှုရှိခဲ့ပြီး ဒီနေ့ဆိုရင် အရောင်း ပိတ်ထားတဲ့ ဆီပွဲရုံတွေလည်း ရှိခဲ့ပါတယ်။

စားအုန်းဆီလက်ကျန် တန်ချိန်ပေါင်း ၁၈,၀၉၇.၁၆ တန်ကို ထုတ်မရောင်းရဘူးဆိုတဲ့ စီးပွားကူးသန်းရဲ့ ညွှန်ကြားချက်ကို ဆီလုပ်ငန်းရှင်များအသင်းက မေလ ၁၀ ရက်နေ့စွဲနဲ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက် ထွက်လာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ပွဲရုံတချို့က စားအုန်းဆီအရောင်းကို ယာယီပိတ်လိုက်ပြီး အခြေအနေ စောင့်ကြည့်နေကြပါတယ်။

ဆီလက်ကားဖြန့်ဖြူးတဲ့ ရန်ကုန်က လုပ်ငန်းရှင်တချို့ကတော့ ဒီရက်ပိုင်းမှာ ဈေးတွေ ထပ်တက်ဦးမလားဆိုတာ တပ်အပ် မပြောနိုင်လို့ ဒီနေ့ အရောင်းပိတ်ထားကြတာလို့ ပြောပါတယ်။ ဘုရင့်နောင်ပွဲရုံက ဆီလုပ်ငန်းရှင်တဦးကတော့ သူတို့အနေနဲ့ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေဆီကနေ ခွဲတမ်းနဲ့ ရဖို့တောင် မလွယ်တော့တဲ့အခြေအနေကို ရောက်သွားနိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ဆီထုတ်လို့ မရဘူးပေါ့နော်။ ဆီခွဲတမ်းတွေ။ ဒီနေ့မှ ဆီက ဘယ်မှလိုက်လို့ မရဘူး ဖြစ်နေတာပေါ့။ အရင်တုန်းက ၁၀ ပီပါလောက် ရောင်းတယ်ဆိုရင် အခုဆိုရင် တပီပါလောက်ပဲ ခွဲတမ်းနဲ့ပေးမယ့် သဘောပေါ့။ ကုန်သည်တွေ မျှပေးရတာပေါ့၊ အရင်တုန်းက ဆီပေါတဲ့အခါကျတော့ ၁၀ လုံးဆိုရင် ၈ လုံး၊ ၇ လုံးလောက် ရောင်းပေးနိုင်တယ်ပေါ့။ အခုဆိုရင် မရောင်းပေးနိုင်တဲ့ အနေအထားမျိုး ရှိမှာပေါ့ ကုမ္ပဏီတွေက။"

တကယ်တော့ ဒီကြေညာချက် မထွက်လာခင် တပတ်လောက်အလိုကတည်းက ဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကိုယ်တိုင် စားအုန်းဆီအရောင်းကို ပိတ်ထားကြပြီး နီးစပ်ရာ ဖောက်သည်တွေကိုပဲ တိုးတိုးတိတ်တိတ် ရောင်းချနေကြတယ်လို့ မန္တလေးက ဆီပွဲရုံတခုက ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် လက်လီဈေးကွက်မှာ စားအုန်းဆီဈေးတွေက အမျိုးမျိုးဖြစ်နေကြတယ်လို့ သူကပြောပါတယ်။

"အမြဲတမ်း စားဆီဈေးဖွင့်ပေးနေတဲ့ လက်ကားဒိုင်ကြီးတွေက ဘယ်ဈေးလဲလို့ မေးလို့ရှိရင် မဖွင့်သေးဘူးတို့၊ အရောင်းမရှိသေးဘူးတို့ပဲ ပြောနေတာ။ တရားဝင် လူသိထင်ရှားပေါ့ဗျာ မဖွင့်ပေးတော့တာ။ ရန်ကုန် ဘုရင့်နောင်မှမဟုတ်ဘူး။ မန္တလေးဈေးကွက်မှာလည်း အဲဒီလိုပဲ။ ဆီကလည်း ပြတ်မှာပဲလေ။ အရန်ဆီလည်း မထုတ်ရတော့ဘူး၊ အဲဒီတော့ ပဲဆီတို့၊ နှမ်းဆီတို့ပဲ အားကိုးရမယ့်သဘော ဖြစ်သွားတာပေါ့။"

ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီတွေကတော့ ကုန်ကြမ်းဈေးကြီးတဲ့အတွက် တပိဿာကို ကျပ် ၁၀,၀၀၀ လောက်ရှိနေပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလဆန်း ( စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း) မှာ စားအုန်းဆီဈေးနှုန်းက တပိဿာကို ကျပ် ၁,၀၀၀ လောက်တက်သွားတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်ကို ကိုးကားပြီး စီးပွားကူးသန်းဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက စားအုန်းဆီတပိဿာကို ၆,၀၀၀ ကျပ်နဲ့ ရောင်းချခိုင်းထားပေမယ့် ဈေးကွက်ထဲမှာတော့ တပိဿာကို ကျပ် ၇,၀၀၀ အထက်မှာရှိပါတယ်။

ကမ္ဘာ့စားအုန်းဆီဈေးကွက်ရဲ့ ၃၅ ရာခိုင်နှုန်းကို ရယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းစားအုန်းဆီ ပြတ်လပ်လာတဲ့အတွက် ဧပြီလကုန်ပိုင်းကစပြီး နိုင် ငံတကာကို ဆီတင်ပို့တာ ရပ်လိုက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် စားအုန်းဆီကို အဓိကမှာယူ တင်သွင်းနေရတဲ့ နိုင်ငံအများအပြားလည်း ဆီရဖို့ အခက်အခဲကြုံနေပြီး ဈေးနှုန်းတွေလည်း အဆမတန် တက်လာတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဗွီအိုအေ

Agriculture & Livestock Export, Import Read 1470 times