လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြင့်ဦးဆောင်


09 April, 2018

၂၀၁၈ ခုနှစ် နွေကာလတွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအဖြစ် မဂ္ဂါဝပ် ၃၂၉၀ အထိရောက်ရှိခဲ့ပြီး ရန်ကုန်တွင်မဂ္ဂါဝပ် ၁၃၇၀၊ မန္တလေးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်အထိသုံးစွဲမှုရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ သုံးနှစ်အတွင်း မတ်လ၌အသုံးပြုခဲ့သော အမြင့်ဆုံးလျှပ်စစ်ပမာဏမှာ ၂၀၁၆ ခုနှစ်တွင် ၂၆၇၃ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၂၈၈၉ မဂ္ဂွဝပ်အထိ ဖြစ်ကြောင်းသိရပါသည်။

မတ်လ ကာလတူချင်းနှိုင်းယှဉ်ပါက ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ထက် ၂၁၆ မဂ္ဂါဝပ်၊ ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ထက်၄၀၁ မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်တွင် ၆၁၇ မဂ္ဂါဝပ် တိုးမြင့်လာကြောင်း သိရပါသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ၃၁၈၉ မဂ္ဂါဝပ်အထိရှိခဲ့သော်လည်း ဒီဇင်ဘာလမှ ဖေဖော်ဝါရီလဆန်းအထိ မဂ္ဂါဝပ် ၂၇၀၀-၂၈၀၀ ဝန်းကျင်သာထုတ်လုပ်မှု ရှိခဲ့ပါသည်။

ဖေဖော်ဝါရီ ဒုတိယအပတ်မှစတင်ကာ ဒေသအချို့တွင် ရာသီဥတုပူပြင်းလာခဲ့ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုများလည်း မြင့်တက်ခဲ့ကာ အမြင့်ဆုံးဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ ကျော် ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

လက်ရှိဓာတ်အားထုတ်လုပ်မှုမဂ္ဂါဝပ် ၃၂၀၀ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၁၃၇၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်၊ အခြားဒေသများတွင် မဂ္ဂါဝပ် ၁၂၀၀ ကျော် သုံးစွဲလျက်ရှိပြီး ရန်ကုန်၊မန္တလေးသုံးစွဲမှု၏ ၃၅-၄၀ ရာခိုင်နှုန်း၊ အခြားဒေသများသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းများဖြစ်သည်။

မြနမာနိုင်ငံတွင် မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်။

မြို့အနေဖြင့် ၄၈၂ မြို့အနက် လျှပ်စစ်ဓာတ်အားစနစ်မှ မြို့ပေါင်း ၃၅၀ မီးရရှိပြီး အခြားနည်းလမ်းဖြင့် ကျန် ၁၃၂ မြို့ မီးရရှိထားသည်။ ကျေးရွာများအနေဖြင့် ၆၃၇၃၇ ရွာရှိသည့်အနက် ၃၂၂၂၈ ရွာမီးရရှိခဲ့ပြီး ၃၁၅၀၉ ရွာ ကျန်ရှိနေသေးကြောင်း သိရပါသည်။

မီးသုံးစွဲမှုအများဆုံး တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲသူအိမ်ထောင်စုပေါင်း ၁ ဒသမ ၅၈ သန်းမီးရရှိပြီး ၀ ဒသမ ၂၈ သန်း မီးရရှိရန်ကျန်သေးကြောင်း သိရပါသည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း မီးသုံးစွဲသူ အိမ်ထောင်စုပေါင်း ၁ ဒသမ ၃၂ သန်းအနက် ၀ ဒသမ ၇ သန်းမီးရရှိပြီး ၀ ဒသမ ၆၂ သန်းမီးရရှိရန် ကျန်ရှိနေသေးကြောင်းသိရပါသည်။

Eleven

Local News Read 448 times