ဒုတိယအကြိမ်မြောက် Yangon Investment Forum 2019 ကျင်းပမည်


03 May, 2019

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ( Yangon Investment Forum 2019 ) ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ Myanmar Investors Development Association (MIDA) တို့က ပူးပေါင်း ကျင်းပခြင်းဖြစ်ပါတယ်။

Yangon Investment Forum 2019 ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒုတိယအကြိမ်ကျင်းပြခြင်းဖြစ်ပြီး Yangon Investment Forum 2018 ကိုတော့ ပထမအကြိမ်အဖြစ် မေလ ၉ ရက်နေ့က Novotel Hotel မှာကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီဖိုရမ်ကို မေလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Lotte ဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအားကောင်းတဲ့ နိုင်ငံတွေအပြင် အားနည်းတဲ့နိုင်ငံတွေကိုပါ ဖိုရမ်မှာ ဖိတ်ခေါ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုအားကောင်းတဲ့ ဟောင်ကောင်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအပြင် တခြားရင်းနှီးမြှုပ်နှံမှုအားနည်းတဲ့ နိုင်ငံတွေကိုလည်း ဖိတ်ခေါ်ကာ လက်ရှိဌာနဆိုင်ရာတွေမှာ လုပ်ဆောင်နေတဲ့အရာများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခြေအနေနဲ့ ဆောင်ရွက်ပြီးအခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လာနိုင်စေရန် ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေကို ပြန်လည်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါဖိုရမ်ရဲ့ ကျင်းပချိန်ဟာ နှစ်ရက်ကြာမြင့်မှာ ဖြစ်ပြီး ပထမတစ်ရက်မှာ အစိုးရအဖွဲ့မှ အရာရှိများရဲ့ မိန့်ခွန်းစကားများ၊ သက်ဆိုင်ရာ အာဏာပိုင်များရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်တဲ့ တင်ပြချက်များ ပါဝင်ပါတယ်။ ဒါ့ပြင် ဆွေးနွေးချက်တွေကိုလည်း အပိုင်းနှစ်ပိုင်း ပိုင်းပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပထမတစ်ပိုင်းမှာ စက်မှုလုပ်ငန်း၊ ဘဏ္ဍာရေး၊ စက်မှုဇုန်များ၊ ထောက်ပံ့ပို့ဆောင်ရေး ( Logistics ) နဲ့ ပတ်သက်ပြီးဆွေးနွေးမှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အထည်ချုပ်နဲ့ အထည်အလိပ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဖိုရမ်ရဲ့ ဒုတိယနေ့မှာတော့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ လှိုင်သာယာစက်မှုဇုန်တွေကို သွားရောက်လေ့လာ လည်ပတ်မှာ ဖြစ်ပါတယ်။

Yangon Investment Forum 2019 ကို ရင်းနှီးမြှုပ်နှံမှုအသစ်တွေအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ထောက်ပံ့ဖို့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ များပြားလာစေဖို့၊ ရင်းနှီးမြှုပ်နှံမှုများလုပ်တဲ့အခါ ပွင့်လင်းမြင်သာပြီး လျှင်မြန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။

Ref: Yangon Investment Forum 

Events & Exhibition Read 416 times