ရန်ကုန်မြို့ကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်
ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့အဖြစ် စီးပွားရေးအရ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်သည့် မြို့ကြီးတစ်ခုဖြစ်လာစေရန် ပင်လယ်ဝဘက်သို့ ဆိပ်ကမ်းသစ်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် လေ့လာမှုများပြုလုပ်ကာ မကြာမီစတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၂ ရက်က ရန်ကုန်ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင်ကျင်းပသည့် ဒုတိယသမ္မတ-၁ နှင့် လုပ်ငန်းရှင်များ ၁၆ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသ ဆိပ်ကမ်းပေါင်း ကိုးခုရှိသည့်အနက် ရန်ကုန်ဆိပ်ကမ်းမှာ ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ကုန်စည် ၉၀ ရာခိုင်နှုန်းခန့်မှာ ရန်ကုန်ဆိပ်ကမ်းကိုသာ အသုံးပြုနေရခြင်းဖြစ်ကြောင်း၊ လက်ရှိတည်ဆောက်နေသည့် ဆိပ်ကမ်းများထဲတွင် သီလဝါဆိပ်ကမ်းမှာ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ရလာနေပြီဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါသည်။
သို့သော်ရန်ကုန်မြို့တွင်း ဆိပ်ကမ်းတော်တော်များများမှာ တဖြည်းဖြည်း မြစ်တွင်းဆိပ်ကမ်းများ ဖြစ်လာသည့်အတွက် ပင်လယ်ဝဘက်ကို ဆိပ်ကမ်းများတိုးချဲ့ဆောက်ရွက်သွားရန် အခြေအနေရှိကြောင်း သိရပါသည်။
နိုင်ငံတကာတွင်လည်း ဆယ်စုနှစ်နှစ်ခုလောက်ရောက်ရှိချိန်တွင် ဆိပ်ကမ်းများပိုမို ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ မြန်မာနိုင်ငံတွင်မူ အင်္ဂလိပ်ကိုလိုနီခေတ်က ဆိပ်ကမ်းကို ယခုချိန်အထိ ဆိပ်ကမ်းအဖြစ်ရပ်တည်သုံးစွဲနေရသော အခြေအနေတွင်ရှိကြောင်း၊ ယခုကဲ့သို့အခြေအနေမျိုးတွင် Traffic ပြဿနာများလည်း အများကြီးရှိနေသေးကြောင်း၊ ထို့ကြောင့် ရန်ကုန်ဟာ ဆိပ်ကမ်းမြို့အဖြစ် စီးပွားရေးအရ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်သော မြို့ကြီးတစ်ခုအဖြစ် ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း၊ ကုန်စည်များကို ရန်ကုန်ကိုအခြေပြုပြီး မြန်မာနိုင်ငံအတွက်သာမက မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအားလုံးအတွက် ကုန်းတွင်း၊ ပင်လယ်ရေကြောင်းထွက်ပေါက် အထိအသုံးပြုဖို့ မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါသည်။
တရုတ်ပြည်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေးစင်္ကတြစ်ခုတည်ဆောက်ရာမှာ စီးပွားရေးစင်္ကမြှာ ကုန်စည်စီးဆင်းမှုကို စန်စတကျတည်ဆောက်နိုင်မယ်ဆိုပါက မြန်မာနိုင်ငံဟာ ကုန်စည်စီးဆင်းမှုမှ အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံသည် ထုတ်လုပ်နိုင်မှုအခြေအနေ အများကြီးမရှိသော်လည်း ကုန်စည်စီးဆင်းမှုမှာ အချက်အချာကျသော နေရာတွင်ရှိသည့်အတွက် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရန်ကုန်မြို့သည် ယခုကဲ့သို့အခြေအနေတွင်ရှိသောကြောင့် ပင်လယ်ဝဘက်တွင် ဆိပ်ကမ်းအသစ် တည်ဆောက်နိုင်ရန်အတွက် ကျွမ်းကျင်သော နိုင်ငံတကာပညာရှင်များနှင့် လေ့လာပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Source: Eleven