ကမ္ဘာ့အများဆုံး ရေနံစိမ်း ထုတ်လုပ်သည့် ရင်းမြစ်များ


31 July, 2022

ကမ္ဘာ့အများဆုံး ရေနံစိမ်း ထုတ်လုပ်သည့် ရင်းမြစ်များ


 

 BP မှ ထုတ်ပြန်တဲ့  Statistical Review of World Energy မှ အချက်အလက်များအရ ၂၀၂၁ မှာ ရေနံစိမ်း အများဆုံး ထုတ်လုပ်တဲ့ အဖွဲ့အစည်းများ ၊ နိုင်ငံများကို ဖော်ပြပေးထားပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ အဆုံးအဖြတ်ပေးနေတဲ့ အိုပက်  Organization of Petroleum Exporting Countries (OPEC) ရဲ့ ရေနံစိမ်း ထုတ်လုပ်မှုပမာဏနှင့် အခြားအဖွဲ့အစည်းများ၊ ဒေသများရဲ့ ရေနံစိမ်း ထုတ်လုပ်မှုတို့ကို နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

အိုပက်နိုင်ငံများနှင့် ကျန်နိင်ငံများ နှိုင်းယှဉ်ချက် 


OPEC နိုင်ငံများ စုစုပေါင်း ထုတ်လုပ်မှုဟာ ပမာဏ အများဆုံးဖြစ်ပါတယ်။
OPEC အဖွဲ့ဝင် ဖြစ်ပြီး OPEC ကို ဦးဆောင်နေတဲ့ ဆော်ဒီအာရေဗျက OPEC ထုတ်လုပ်မှု ပမာဏ စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံ ကို ထုတ်လုပ်ပါတယ်။

၂၀၂၀ မှာ OPEC က ထုတ်လုပ်မှု စုစုပေါင်းပမာဏကို တစ်ရက် စည်သန်း ၁၀ လျော့ချခဲ့ပါတယ်။ မကြံစဖူး များပြားစွာ လျှော့ချခဲ့တာဖြစ်ပါတယ်။ 
အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို တို့က ၂၀၂၁ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ လေးပုံတစ်ပုံကို ထုတ်လုပ်ပါတယ်။

မြောက်အမေရိက ရေနံထုတ်လုပ်မှုရဲ့ ၇၀% ကို အမေရိကန်က ထုတ်လုပ်ပေးပါတယ်။ အမေရိကန်က ရေနံစိမ်း ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

Commonwealth of Independent States CIS အဖွဲ့အစည်းထဲမှာ ရုရှားက အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး CIS ထုတ်လုပ်မှုရဲ့ ၈၀% ကို ရုရှားက ထုတ်လုပ်ပါတယ်။
CIS အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမှာ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ မော်လ်ဒိုဗာ၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ယူကရိန်း တို့ ဖြစ်ပါတယ်။


 Organization of the Petroleum Exporting Countries (OPEC)  ကို အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ ၁၉၆၀ မှာ နိုင်ငံ ၅ ခုဖြင့် စတင် ထူထောင်ခဲ့ပါတယ်။အီရန်၊ အီရတ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားတို့ ဖြစ်ပြီး ၎င်း ၅ နိုင်ငံဟာ အိုပက်ထူထောင်သူများ ဖြစ်ပါတယ်။
 
အိုပက်မှာ ထပ်မံပါဝင်လာတဲ့ နိုင်ငံများနှင့် စတင်ပါဝင်တဲ့ခုနှစ်များမှာ ကာတာ (၁၉၆၁)၊ အင်ဒိုနီးရှား (၁၉၆၂)၊ လစ်ဗျား (၁၉၆၂)၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၁၉၆၇)၊ အယ်လ်ဂျီးရီးယား (၁၉၆၉)၊ နိုင်ဂျီးရီးယား (၁၉၇၁)၊ အီကွေဒေါ (၁၉၇၃)၊ ဂါဘွန် (၁၉၇၅)၊ အန်ဂိုလာ (၂၀၀၇)၊ အီကွေတိုရီရယ်ဂီနီ၊  (၂၀၁၇) နှင့် Congo (၂၀၁၈) တို့ ဖြစ်ပါတယ်။

အိုပက်အဖွဲ့ဝင်တွေထဲမှာ နုတ်ထွက်တဲ့ နိုင်ငံတွေ ရှိပါတယ်။

အီကွေဒေါက  ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် OPEC သို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း ၂၀၂၀  ခုနှစ် ဇန်နဝါရီလ  တွင် OPEC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားက အဖွဲ့ဝင်အဖြစ်မှ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရပ်ဆိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ပြန်လည်အသက်သွင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင်  အဖွဲ့ဝင်အဖြစ်မှ ထပ်မံရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ 
 ဂါဘွန်သည် ၁၉၉၅ ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် အိုပက်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ကာတာက ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခဲ့ပါတယ်။

 လက်ရှိမှာ အိုပက်အဖွဲ့ဝင် ၁၃ နိုင်ငံရှိပြီး အိုပက်မှာ ရေနံအများဆုံး ထုတ်လုပ်တဲ့ ဆော်ဒီအာရေဗျက ဦးဆောင်ဦးရွက် ပြုပါတယ်။

 OPEC+( OPEC Plus) မှာ ရုရှား၊ မက္ကဆီကိုနှင့် ကာဇက်စတန် တို့ အဓိကအားဖြင့် မူလ OPEC မှာ ထပ်မံ ပါဝင်ထားပါတယ်။ 

ဦးဆောင်မှုအနေအထားမှာ ရေနံစိမ်း အများဆုံးထုတ်လုပ်တဲ့  အမေရိကန်က တသီးတခြား ရပ်တည်ပါတယ်။  OPEC ကို ဆော်ဒီအာရေဗျက ဦးဆောင်ပါတယ်။ OPEC နှင့် လက်တွဲတဲ့ နိုင်ငံများပါတဲ့ OPEC+ မှ အိုပက်အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံများကို ရုရှားက ဦးဆောင်ပါတယ်။


၂၀၂၁ ရေနံစိမ်း ထုတ်လုပ်မှုမှာ အကြမ်းအားဖြင့် ၄၃% ကို အမေရိကန်၊ ဆော်ဒီအာရေးဗီးယား၊ ရုရှား နိုင်ငံ ၃ ခုက ထုတ်လုပ်ပါတယ်။ 

အမေရိကန် ရေနံထုတ်လုပ်မှုက အတက်အကျ ရှိခဲ့ပါတယ်။ ၁၉၇၀ မှာ တစ်ရက် စည်ပေါင်း ၁၁.၃ သန်းအထိ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ မှာ တစ်ရက်စည်ပေါင်း ၆.၈ သန်းသို့ ကျဆင်းနေခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း ပြန်မြင့်တက်လာခဲ့ပြီး ဆော်ဒီအာရေဗျထက် ပိုများသွားပြီး ရေနံစိမ်း ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ရဲ့ အနေအထားက ရေနံစိမ်း တင်သွင်းတာက တင်ပို့တာထင် ပိုများပါတယ်။ ရေနံချက်လုပ်သန့်စင်ပြီး ရေနံထွက်ပစ္စည်းများကို တင်ပို့နေတာကြောင့် ၂၀၂၁ မှာ ရေနံစိမ်း တင်ပို့တဲ့ ပမာဏထက် တင်သွင်းတဲ့ ပမာဏက ပိုများပါတယ်။

၂၀၂၁ မှာ အကြမ်းအားဖြင့် ဆော်ဒီအာရေဗျက တစ်ရက် စည်ပေါင်း ၁၁ သန်း၊ ရုရှားကလည်း တစ်ရက်စည်ပေါင်း ၁၁ သန်း ထုတ်လုပ်ပါတယ်။ နှစ်နိုင်ငံစလုံး  ရေနံစိမ်း တင်ပို့မှုမှာ ကမ္ဘာ့အများဆုံး နိုင်ငံများ ဖြစ်ကြပါတယ်။ 
နှစ်နိုင်ငံစလုံးမှာ နိုင်ငံပိုင်လုပ်ငန်းကြီးက စိုးမိုးထားပါတယ်။ ဆော်ဒီအာရေဗျ ရေနံစိမ်းကို Aramco ကလည်းကောင်း၊ ရုရှားရေနံစိမ်းကို Gazprom ကလည်းကောင်း လုပ်ကိုင်ပါတယ်။

ဉရောပမှာ ရုရှားကို ထည့်မစဉ်းစားရင် နော်ဝေး နိုင်ငံ တစ်ခုတည်းသာ ရေနံစိမ်း အများဆုံး ထုန်လုပ်တဲ့ ထိပ်တန်း (၁၅) နိုင်ငံစာရင်းထဲ ပါဝင်ပါတယ်။ ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂.၃% ကို ထုတ်လုပ်ပေမဲ့ ဥရောပဒေသတွင်း သုံးစွဲမှုကို မလုံလောက်တဲ့အတွက် ဥရောပဒေသက ရုရှားရေနံစိမ်း၊ ရုရှားသဘာဝဓာတ်ငွေ့အပေါ် အကြီးအကျယ် အားထားပါတယ်။ 

 #MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U

 

 

Energy News Read 2165 times