ကမ္ဘာ့စီးပွားရေး ၂၀၂၂ တွင် ဒေါ်လာ ၁၀၀ ထရီလီယံ ကျော်မည်ဟု လန်ဒန်အခြေစိုက် think tank CEBR ခန့်မှန်း


27 December, 2021

ကမ္ဘာ့စီးပွားရေး ၂၀၂၂ တွင် ဒေါ်လာ ၁၀၀ ထရီလီယံ ကျော်မည်ဟု လန်ဒန်အခြေစိုက် think tank CEBR ခန့်မှန်း

ကမ္ဘာ့စီးပွားရေး ၂၀၂၂ တွင် အမေရိကန်ဒေါ်လာ ၁၀၀ ထရီလီယံ ကျော်မည်ဟု လန်ဒန်အခြေစိုက် think tank ဖြစ်သော Centre for Economics and Business Research (CEBR) က ခန့်မှန်းထားသည်။ ယခင်က ၂၀၂၄ ခုနှစ်ကျမှ အမေရိကန်ဒေါ်လာ ၁၀၀ ထရီလီယံ ကျော်မည်ဟု ခန့်မှန်းခဲ့သည်ကို ၂ နှစ်စောပြီး ပြင်ဆင်ခန့်မှန်းခြင်း ဖြစ်ပါတယ်။


CEBR က ခန့်မှန်းထားတဲ့ အချက်အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါတယ်။

  • တရုတ်စီးပွား‌ေရးက အမေရိကန်ထက် ပိုကြီးမားတဲ့ အခြေအနေကို ၂၀၃၀ မှာ ရရှိမယ်။ ပြီးခဲ့တဲ့ တစ်နှစ်က ခန့်မှန်းခဲ့တာထက် ၂ နှစ်နောက်ကျပြီး ပြင်ဆင်ခန့်မှန်းတာ ဖြစ်ပါတယ်။
     
  • ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေးတွေမှာ ဆဌမနေရာမှာ ရှိတဲ့ ပြင်သစ်ရဲ့နေရာကို အိန္ဒိယက လာမယ့်နှစ်မှာ ရရှိမယ်။ ၂၀၃၁ မှာ ကမ္ဘာ့ တတိယအကြီးမားဆုံး စီးပွားရေး ဖြစ်လာမယ်။ ယခင်ခန့်မှန်းခဲ့တာထက် ၁ နှစ်နောက်ကျ ပြင်ဆင်ခန့်မှန်းတာ ဖြစ်ပါတယ်။
     
  • ဂျာမနီ စီးပွားရေးက ဂျပန်ထက် ၂၀၃၃ မှာ ပိုကြီးမားမယ်။
     
  • ယူကေစီးပွားရေးက ၂၀၃၆ မှာ ပြင်သစ်ထက် ၁၆% ပိုကြီးမားမယ်။
     
  • CEBR က ဆွေးနွေးတင်ပြထားတာမှာ ကမ္ဘာ့ စီးပွားရေးက ကပ်ရောဂါကြောင့် အထိနာထားရာမှ ဆက်လက် ပြန်နာလန်ထပြီး ဂျီဒီပီ မြင့်တက် လာမယ်။ ငွေဖောင်းပွမှု ဆက်ရှိနေရင် မူဝါဒရေးဆွဲသူတွေအတွက် စီးပွားရေးကျဆင်းတဲ့ဘက် ပြန်ကျမရောက်အောင် ရှောင်လွှဲဖို့ အခက်အခဲ ရှိလိမ့်မယ်။ ငွေဖောင်းပွမှုဟာ နိုင်ငံစီးပွားရေးများအဖို့ ဖြေရှင်းရမယ့် အရေးကြီးတဲ့ကိစ္စရပ် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။


ဝင်ငွေနည်းပါးနှင့် အလယ်အလတ် နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တစ်ဦးချင်းအရ ဂျီဒီပီဟာ ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၄,၄၂၆ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ မတိုင်ခင်က တစ်ဦးချင်းဝင်ငွေ အတက်ဘက်မှာ ရှိနေခဲ့ပါတယ်။
လူဦးရေ တိုးနှုန်း နည်းပါးခြင်း (၂၀၁၆ မှ ၂၀၂၁ အထိ တစ်နှစ် ၀.၇%)နဲ့အတူ ခိုင်မာသော စီးပွားရေးချဲ့ထွင်မှုနှုန်း ဒွန်တွဲနေခဲ့ပါတယ်။


ကပ်ရောဂါကြောင့် သေဆုံးနှုန်းက ၂၀၂၁ ဒီဇင်ဘာလလယ်အထိ လူ ၁၀၀,၀၀ ဦးမှာ ၃၅ ဦး ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ လူဦးရေ ရာခိုင်နှုန်းက ၁ ကြိမ်ထိုးပြီး ၃၀.၇% ၊ ၂ ကြိမ်ထိုးပြီး ၂၁.၆% ဖြစ်ပါတယ်။

အစိုးရကြွေးမြီပမာဏ ဂျီဒီပီအချိုးအစား ရာခိုင်နှုန်းက ယမန်နှစ်တွင် ၃၉.၃% ဖြစ်ပြီး ၂၀၂၁ မှာ ၅၈.၄% ဖြစ်လာပါတယ်။ ဂျီဒီပီ ကြွေးမြီ အချိုးအစား မြင့်တက်လာတာက COVID-19 ကြောင့် ပြည်သူ့ဘဏ္ဍာအပေါ် ဝန်ပိတာကို ထက်ဟပ်ပြသပါတယ်။

CEBR က ကြိုတင်ခန့်မှန်းသည်မှာ ဂျီဒီပီ နှစ်စဉ်ကြီးထွားနှုန်းက ၂၀၂၂ နှင့် ၂၀၃၆ ကြားမှာ ပျမ်းမျှ ၂% မြင့်တက်မယ်။ ပြီးရင် ထပ်ပြီးဦးမော့တဲ့အခါ ၂၀၂၇ မှ ၂၀၃၆ အတွင်း ပျမ်းမျှ ၂.၅% ဖြစ်မယ်။


World Economic League Table မှာ မြန်မာနိုင်ငံရဲ့အဆင့်က ၂၀၃၆ မှာ ၇၆ ကနေ ၈၇ သို့ အဆင့် ၁၁ ဆင့် ကျဆင်းမယ်လို့ CEBR က မှန်းဆထားပါတယ်။

 

Pdf

 

 

Industry Reviews Read 397 times