ကမ္ဘာ့ဘဏ်က ငွေကြေးဖောင်းပွစီးပွားတန့်မည့်အရေး သတိပေး၊ ကြီးထွားနှုန်း ၂.၉%သို့ လျှော့ချ


08 June, 2022

ကမ္ဘာ့ဘဏ်က ကမ္ဘာ့ကြီးထွားတိုးတက်မှု ကြိုတင်ခန့်မှန်းချက်ကို ၂.၉% သို့ လျှော့ချ၊ ငွေကြေးဖောင်းပွစီးပွားတန့်မည့်အရေး သတိပေး

 

 

ကမ္ဘာ့စီးပွားရေး တိုးတက်ကြီးထွားနှုန်း ကြိုတင်ခန့်မှန်းချက်ကို ကမ္ဘာဘဏ်က ၂.၉% သို့ ၂၀၂၂ ဇွန်လ ၈ ရက်တွင် လျှော့ချလိုက်ပြီး COVID-19 ကပ်ရောဂါဘေးကြောင့် ထိခိုက်မှုတွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ထိခိုက်မှုများက တစ်ပူပေါ် နှစ်ပူဆင့် ဘူးလေးရာ  ဖရုံဆင့်သဖြင့် နိုင်ငံအများအပြားတို့တွင် ယခုအခါ စီးပွားဆုတ်ယုတ်မှုကို ရင်ဆိုင်နေရကြောင်း သတိပေးပါတယ်။

 ယူကရိန်း ကျူးကျော်စစ်က ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်း ကြီးမားစေတယ်။ "အားချည့်နဲ့သော ကြီးထွားခြင်းနှင့် မြင့်မားသော ငွေကြေးဖောင်းပွခြင်းတို့ ရှည်ကြာသည့် ကာလတစ်ရပ်" ထဲသို့ ယခုအခါ စတင်ဝင်ရောက်နေပြီလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့  Global Economic Prospects မှာ ဆိုထားပါတယ်။ ရှေ့အလားအလာ ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass က ကမ္ဘာ့စီးပွား‌ရေးကြီးထွားနှုန်း ၂၀၂၂ မှာ ၂.၁% သို့ လျော့ကျနိုင်ကြောင်း ပြောကြားပါတယ်။ ၂၀၂၃ မှာ ၁.၅% သို့ ဆက်လက်လျော့ကျနိုင်တယ်။ တကယ်လို့ ဆိုးဝါးစေမယ့် အရေးများ တကယ်ဖြစ်လာခဲ့ရင် တစ်ဦးချင်းအရ ကြီးထွားနှုန်း သုညနား ကပ်နေမယ်လို့ ဆိုပါတယ်။
ယူကရိန်း ကျူးကျော် စစ်ပွဲကြောင့်လည်းကောင်း၊ လောလောလတ်လတ်တွင် တရုတ်ပြည် ကိုဗစ်လော့ဒေါင်းကြောင့် လည်းကောင်း၊ ပစ္စည်းပေးသွင်းကွင်းဆက်များ ပြတ်တောက်ခြင်းကြောင့် လည်းကောင်း၊ ကမ္ဘာ့စီးပွားကြီးထွားမှု ထိခိုက်နေပြီး ငွေကြေးဖောင်းပွစီးပွားတန့်သည့်အရေး မြင့်တက်လာနေကြောင်း Malpass က ပြောကြားပါတယ်။

စီး​ပွား​ရေး​တိုး​တိုးတက်မှုနှုန်းချည့်နဲ့နေပြီး အလုပ်လက်မဲ့​နှင့်​ ​ငွေ​ဖေါင်း​ပွနှုန်း​ ပြိုင်တူမြင့်​မားနေခြင်း ရှည်ကြာနေမည့်ကာလထဲသို့ စတင်ဝင်ရောက်နေပြီဖြစ်ရာ ၁၉၇၆-၇၉ ခုနှစ်များတွင် ကြုံခဲ့ဖူးသည်ကို တစ်ဖန်ပြန်ကြုံကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

 

ငွေကြေးဖောင်းပွစီးပွားတန့်သည့်အရေး ယခုအခါ အတော်အတန်များပြားနေပြီလို့  Malpass က အစီရင်ခံစာရဲ့  ဥ‌ယျောဇဉ်မှာ ရေးသားပါတယ်။

“ကမ္ဘာ့စီးပွား ‌နေရာအားလုံးနီးပါးတို့တွင် ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းကြောင့် ဆယ်စုနှစ်တစ်လျှောက် တိုးတက်မှုနှုန်း ကျဆင်းသွားဖွယ်ရှိသည်။ ယခုအခါ နိုင်ငံအများအပြားတွင် ဆယ်စုနှစ်များစွာအတွင်း ငွေကြေးဖောင်းပွမှု မြင့်မားသည့်‌ရေချိန်သို့ ရောက်ရှိနေပြီး ထုတ်လုပ်ပေးသွင်းမှုများ နှေးကွေးစွာဖြင့်သာ ကြီးထွားလာရန် မျှော်လင့်ထားသောကြောင့် ငွေကြေးဖောင်းပွမှုမှာ ကြာရှည်စွာ ဆက်လက်မြင့်မားနေမည့်အရေး ရှိနေသည်" လို့ ၎င်းက ရေးသားထားပါတယ်။

၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားကြီးထွားနှုန်း ၂.၇% သာရှိတော့သည်အထိ နှေးကွေးသွားလိမ့်မယ်လို့ Malpass က ပြောကြားပါတယ်။ ၁၉၇၆-၁၉၇၉ ခုနှစ်မှာ ကြုံခဲ့ရတာထက် အရှိန်သေတာ ၂ ဆကျော် ပိုပြင်းထန်မယ်လို့ ဆိုပါတယ်။

၁၉၇၆-၁၉၇၉ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဘဏ်အတိုးနှုန်း တိုးမြှင့်တဲ့အတွက် ကမ္ဘာ့စီးပွားရေး ထိခိုက်ပြီး ၁၉၈၂ မှာ ကမ္ဘာ့စီးပွားရေး ကျဆင်းပြီး ဘဏ္ဍာရေးအကျပ်အတည်းများကို ပေါ်ထွန်းစ ဈေးကွက်များနှက့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ကြုံခဲ့ကြတာကို သတိမူကြဖို့  အစီရင်ခံစာမှာ သတိပေးထားပါတယ်။ 

 

 

ကြိုတင်ခန့်မှန်းချက် အစီရင်ခံစာကို တာဝန်ယူရတဲ့တဲ့ ကမ္ဘာ့ဘဏ်ဌာနခွဲမှ ဒါရိုက်တာ Ayhan Kose က သတင်းထောက်များကို ပြောကြားရာမှာ  မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ရောက်ရှိလာမယ့် “တကယ်ခြိမ်းခြောက်မှု” ရှိနေကြောင်း၊ ဘဏ္ဍာရေးအခြေအနေများကို  တင်းကျပ်လိုက်တဲ့အခါ နိုင်ငံအချို့တို့ကို ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကြုံတွေ့ရသည့် ကြွေးမြီအကျပ်အတည်းမျိုးဆီသို့ တွန်းပို့တာဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘာဘဏ်က ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း  ၂၀၂၁ ခုနှစ်တွင် ၅.၇ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၂.၉% အထိ ကျဆင်းသွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းပါတယ်။၂၀၂၂ ဇန်နဝါရီလတုန်းက ခန့်မှန်းချက်ကို ၁.၂ % လျှော့ချပြီး ပြင်ဆင်ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၃ နှင့် ၂၀၂၄ တို့မှာလည်း အလားတူပင် ဆက်ဖြစ်နေပြီး ၃% ဝန်းကျင်မှာ ဆက်ရှိနေဖို့ ဖြစ်နိုင်ခြေ များကြောင်း ပြောကြားပါတယ်။

ထွန်းသစ်စစျေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ၂၀၂၂ မှာ ကြီးထွားနှုန်း ၃.၄% မျှသာ ရရှိကြလိမ့်မယ်။ ၂၀၂၁ မှာ ၆.၆% ရှိခဲ့ရာမှာ ထပ်ဝက်နီးပါး ကျဆင်းမှာ ဖြစ်ပါတယ်။
၂၀၁၁-၂၀၁၉ ကာလအပိုင်းအခြားမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၄.၈% ရရှိခဲ့တာကို မီမှာ မဟုတ်ဘဲ ၎င်းရေချိန်အောက်မှာသာ ရှိနေလိမ့်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ၁၈% အထိ အကြီးအကျယ် ကျုံ့သွားခဲ့ပြီးနောက် တည်ငြိမ်နေဟန် ရှိပါတယ်။ ကာလတို ကြိုတင်မှန်းချက်မှာ သွင်းအားစုဈေးနှုန်းများ သိသိသာသာ မြင့်မားနေခြင်း၊လျှပ်စစ်မီး ပြတ်တောက်မှုများ ဆက်တိုက်ပြန်လည်ဖြစ်ပေါ်နေခြင်း။  ပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် မကြာသေးမီက ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေ လဲလှယ်မှု ကန့်သတ်ချက်များ စတင်ပြဋ္ဌာန်းလိုက်ခြင်းတို့ကြောင့် အချိန်မရွေး ထိခိုက်ပျက်စီးဖွယ် ဖြစ်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

#MyanmarIndustryGuide 
Global Economic Prospects အပြည့်အစုံကို ဖော်ပြအပ်ပါသည်။

 

 

 

 

 

 

Industry Reviews Read 2485 times