မြန်မာ့စီးပွားရေး ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေ


21 July, 2022

မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေး မျှော်မှန်းချက်မှာ အားနည်းလျက်ရှိ

ကမ္ဘာဘဏ်က ၂၁ ဇူလိုင် ၊ ၂၀၂ ၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် ကို ဖော်ပြအပ်ပါသည်။


မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်း ပြန်လှည့်နေသည့်အတွက် စီးပွားရေး မျှော်မှန်းချက်မှာ အားနည်းလျက်ရှိသည်

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းနှင့် ပြည်ပ ဖိအားများကြောင့် ယခင်နှစ်တွင် သိသိသာသာ ကျုံ့သွားခဲ့ပြီးနောက် ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိသည်။ စီးပွားရေး ပြန်လည်ဦးမော့လာမှု သိသိသာသာ မရှိသောကြောင့် ၂၀၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက်လက် နိမ့်ကျနေမည် ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေးဆောင်ရွက်ချက်များအား သိသိသာသာ အနှောင့်အယှက် ဖြစ်စေသည်။ 

ယနေ့ ( ၂၁ ဇူလိုင်)ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ ၂၀၂ ခုနှစ်တွင် လူဦးရေ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရောက်ရှိနေကာ ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းမှုဖြစ်သည့် ဆင်းရဲမှု လျော့ကျရေး ဆောင်ရွက်ချက်များ နောက်ပြန်လှည့်လျက်ရှိသည်။

မြန်မာ့စီးပွားရေးသည် မနှစ်က ၁၈ ရာခိုင်နှုန်း ကျုံသွားပြီးနောက် ၂၀၂ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ်တွင် ၃ ရာခိုင်နှုန်းခန့်သို့ ရောက်လာမည်ဟု ခန့်မှန်းသည်။ အားနည်းသော စီးပွားရေး လုပ်ဆောင်မှုများက မြန်မာ့စီးပွားရေးအနေဖြင့် ကျယ်ပြန့်လှသော အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရကြောင်း ဖော်ပြနေသည်။ 

ယင်းတို့တွင် ယူကရိန်းစစ်ပွဲ၏ ရိုက်ခတ်မှုတစ်စိတ်တပိုင်းဖြစ်သော ပြည်ပသွင်းကုန် သွင်းအားစုများ နှင့် အသုံးအဆောင်ပစ္စည်းများ ဈေးမြင့်တက်လာခြင်း၊ ပြည်တွင်း ပဋိပက္ခ ပိုမိုဆိုးရွား ပြင်းထန်လာခြင်း၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိနေခြင်းတို့ ပါဝင်သည်။ လတ်တလောအတွင်း ထုတ်ပြန်သည့် မူဝါဒအပြောင်းအလဲများကလည်း စီးပွားရေးလုပ်ငန်းများအား စိန်ခေါ်မှုများ ပိုမို ဖြစ်ပေါ်စေသည်။

 ဝန်ပိစေသော ကုန်သွယ်လိုင်စင် ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း ကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်း နှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်း သတ်မှတ်လိုက်ခြင်းတို့ကြောင့် အဓိက ပြည်ပသွင်းကုန် သွင်းအားစုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန်သမားများအား အခက်အခဲတွေ့စေခဲ့သည်။ လတ်တလော ထုတ်ပြန်သော ကန့်သတ်ချက်များအား ဖြေလျော့ပေးခြင်း၊ ဖြေလျော့ပေးမှုများအား တဖန် ပြန်လည် ရုပ်သိမ်းခြင်း စသဖြင့် မူဝါဒ ညွှန်ကြားချက် အသစ် အသစ်များ အလျှင်အမြန် ချမှတ်နေခြင်း တို့ကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် မရေရာမှုများမြင့်တက်လာနေသည်။

“မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေး ကျုံမှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည် နာလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်။” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် ကပြောကြားခဲ့သည်။” အိမ်ထောင်စုဝင်ငွေ လျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေး အတွက် ခုသာခံသာစေမယ့် နည်းလမ်းတွေ နည်းလာခြင်း၊ ပြည်တွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပိုမို ဆင်းရဲလာခြင်း ဆိုတဲ့ အကြောင်းအချက်တွေက မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှုစွမ်းအားကို ဆက်လက် စိန်ခေါ်နေပါလိမ့်မယ်။ "

စီးပွားရေးကဏ္ဍတစ်ခုလုံးတွင် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကဏ္ဍအချို့တွင် လွန်ခဲ့သည့် ၂ လအတွင်း တည်ငြိမ်မှု လမ်းစပေါ် ရောက်ရှိ သို့မဟုတ် ပြန်လည်သက်ဝင်မှုရှိလာသည်ကို မြင်တွေ့ရသည့်အတွက် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် မပြောပလောက်သည့် အနည်းငယ်သောနှုန်းဖြင့် သွားနေသည်ဟု ခန့်မှန်းသည်။ စစ်တမ်းကောက်ယူရာတွင် ၂၀၂၁ ခုနှစ်ကထက် ယခု ၂၀၂ ခုနှစ်တွင် ၎င်းတို့ ပိုမို လုပ်ဆောင်နေကြရကြောင်း အစီရင်ခံသည့် စီးပွားရေးလုပ်ငန်းအချို့ရှိသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍ နှင့် ပြည်ပပို့ကုန်ထုတ်ကုန်များ ပြန်လည် လှုပ်ရှားမှု ရှိလာသည်။ ကာလကြာရှည် ရပ်ဆိုင်းခဲ့ရသည့် စီမံကိန်းများ ပြန်လည် စတင်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် ထူထောင်လာခဲ့သည်။ လုပ်ငန်းခွင် လှုပ်ရှားသွားလာမှု မြင့်တက်လာခြင်း၊ လက်လီဆိုင်ကြီးများ နှင့် သယ်ယူပို့ဆောင်ရေးဂိတ်များကြောင့် လုပ်ငန်းများ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ သော်လည်း ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာ ညွှန်းကိန်းများမှာမူ အားနည်းနေဆဲဖြစ်သည်။

"အခက်အခဲ အတားအဆီးတွေ ကြီးမားနေတာကို တွေ့ရှိရပေမယ့် လွန်ခဲ့တဲ့ ၁၂ လအတွင်း နေရာအချို့မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် စတင် အသက်ဝင်လာတာကို ကြည့်မယ်ဆိုရင် မြန်မာ့စီးပွားရေး လုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခံ ရှင်သန်ကျော်ဖြတ်နိုင်စွမ်းကို မြင်နိုင်ပါတယ်။” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အဒ်ဝဒ်က ပြောသည်။ “ဒါပေမယ့် စက်မှုလုပ်ငန်းတွေက ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ်ထောင်စုဝင်ငွေ လျော့ကျလာခြင်းနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အပြင် စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း သွင်းအားစုဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ နဲ့ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတို့ရဲ့ ဒဏ်ကို ခါးစည်းခံနေရဆဲဖြစ်ပါတယ်”။

ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းက စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေခဲ့သည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ မတ်လတွင် CPI ငွေကြေးဖောင်းပွနှုန်း ၁၇.၃ ရာခိုင်နှုန်း (yoy) ရှိခဲ့သည်။ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုက ပြည်တွင်း လောင်စာဆီဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာစေသကဲ့သို့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများကြောင့် ဒီဇယ် မီးစက်များ အသုံးပြုရသည့် ကုန်ကျစရိတ်က ထပ်လောင်းဖိအားဖြစ်စေခဲ့သည်။ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်း၊ သွင်းအားစုကွင်းဆက် ပြတ်တောက်ခြင်း နှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်းတို့ကြောင့် ပြည်ပသွင်းကုန်သွင်းအားစု အမျိုးအစားအားလုံး ဈေးမြင့်တက်သွားကာ ပင်ကိုကပင်အမြတ်အစွန်းနည်းပါးမှုကို ထပ်မံဖိစီးနေခဲ့သည်။ ၂၀၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း အဆိုပါမျှော်မှန်းချက်မှာ အားနည်းနေဆဲဖြစ်ပြီး ကြီးမားသော ထိခိုက်နိုင်ခြေ ဘေးအန္တရာယ်များ ရှိနေသေးသည်။ ကာလတို့မှ ကာလလတ်အထိ ပြည်တွင်းအစားအစာ၊ လောင်စာဆီ နှင့်အခြားသော ပြည်ပသွင်းကုန် သွင်းအားစု ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေ ရှိသောကြောင့် ကုန်ထုတ်လုပ်မှု နှင့် သုံးစွဲနိုင်မှုကို အဟန့်အတားဖြစ်စေလိမ့်မည်။ လက်ကျန်ငွေပေးချေမှု အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဆက်လက် ကြီးထွားနေပြီး အမေရိကန်ဒေါ်လာ ပြတ်တောက်မှုကြောင့် လောင်စာဆီအပါအဝင် များစွာသော သွင်းကုန်အမျိုးအစားများကို အကန့်အသတ် ဖြစ်စေသည်။ နိုင်ငံ၏ နေရာအတော်များများတွင် ပဋိပက္ခများ ပြန့်နှံ့ကြီးထွားလာခြင်းက ကုန်ထုတ်လုပ်ငန်းများကို ဆက်လက် အတားအဆီးဖြစ်စေမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကာလတိုတွင် ကိုဗစ်-၁၉ မတိုင်ခင် စီးပွားရေး အခြေအနေသို့ ပြန်လည်ရောက်ရှိရန် လတ်တလောအခြေအနေတွင် အလှမ်းဝေးနေဆဲဖြစ်သည် ။ ယင်းအချက်သည် ကျန် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်။ ဒေသတွင်းနိုင်ငံကြီးများ အားလုံးတွင် GDP သည် ၂၀၁၉ ခုနှစ်အဆင့်ထက် ကျော်လွန်ရောက်ရှိပြီး သို့မဟုတ် ၂၀၂၃ တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

လတ်တလော မူဝါဒ အပြောင်းအလဲများကြောင့် တိုးတက်မှု အလားအလာနှောင့်နှေးစေခြင်း၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ဆိုးရွားစေခြင်း နှင့် ရင်းမြစ်များ ထိရောက်စွာခွဲဝေအသုံးပြုမှုကို အားနည်းစေခြင်းတို့ဖြစ်စေကာ ကာလရှည် ထိခိုက်မှု ဖြစ်နိုင်ဖွယ်ရှိသည်။ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေကြေးလဲလှယ်မှု ဆိုင်ရာ ကန့်သတ်ချက်များက ယခင် ကုန်သွယ်မှု ဖြေလျော့ပေးခဲ့ခြင်း နှင့် နိုင်ငံခြားငွေလဲလှယ်မှု စနစ်များကို ပြန်လည် တင်းကျပ်လိုက်ခြင်းဖြစ်သည်။ သွင်းကုန်အစားထိုးခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းသွပ်သွင်းအားပေးခြင်းကြောင့် ဆယ်စုနှစ်တစ်ခုစာ မြန်မာ့စီးပွားရေး တိုးတက်မှု၏ အားကောင်းမောင်းသန် တွန်းအားများဖြစ်ခဲ့သော ပွင့်လင်းမှု ၊ ဖြေလျော့မှုတို့ကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းသာဖြစ်သည်။ အဆိုပါ မူဝါဒ အပြောင်းအလဲများသည် အာဏာပိုင်များအနေဖြင့် စီးပွားရေးတွင် ရင်းမြစ်များ နေရာချထားမှုကို ကြီးစွာထိန်းချုပ်ခွင့် ရနေစေကာ ယင်းကြောင့် အချို့အတွက် အကျိုးကျေးဇူးရှိနိုင်မည် ဖြစ်သော်လည်း စီးပွားရေး ရင်းမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်မည့် နေရာများမှ လုံးဝသွေဖည်သွားစေနိုင်သည်။ မြန်မာ့စီးပွားရေး သမိုင်းကြောင်း သင်ခန်းစာများအရ အဆိုပါပုံစံအတိုင်း ဆက်လက်သွားနေဦးမည်ဆိုပါက ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်စိတ်ချမှု အားနည်းနေဦးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို ဆက်လက်ထိခိုက်စေမည်ဖြစ်ကာ မြန်မာ့စီးပွားရေး တိုးတက်မှု အလားအလာများအား ကာလရှည်ကြာ အတားအဆီးဖြစ်စေတော့မည်ဖြစ်သည်။


ပိုမိုသိရှိလိုပါက : https://www.worldbank.org/en/country/myanmar/brief/monitoring   သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Industry Reviews Read 1509 times