ကမ္ဘာ့ဘဏ် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာ ဇန်နဝါရီ ၂၀၂၂ အနှစ်ချုပ်


27 January, 2022

ကမ္ဘာ့ဘဏ် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာ ဇန်နဝါရီ ၂၀၂၂ အနှစ်ချုပ်

အတားအဆီး အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ 

မြန်မာ့စီးပွားရေးသည် တပ်မတော် အာဏာသိမ်းမှု နှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုများ တဟုန်တိုးမြင့်တက်ခဲ့ခြင်းကြောင့် အပြင်းအထန် အစမ်းသပ်ခံနေရဆဲ ဖြစ်သည်။ လက်တလောရရှိထားသော ညွှန်းကိန်းအချို့အရ လွန်ခဲ့သောလများအတွင်း အနည်းငယ်မျှ တိုးတက်မှု ပြသနေခဲ့သော်လည်း ဖေဖော်ဝါရီလ အာဏာသိမ်းမှု မဖြစ်ခင် စီးပွားရေး အခြေအနေထက် နိမ့်နေသေးကြောင်း တွေ့ရှိရသည်။ ကိုဗစ် -၁၉ ကူးစ အရေအတွက် လျော့ကျလာသည်နှင့်အမျှ ( ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် အိုမီခရွန်ဗီဇပြောင်း ပိုးကူးစက်ခံရမှု အနည်းငယ်ရှိကြောင်း ထုတ်ပြန်မှုများရှိခဲ့) ရွေ့လျားသွားလာမှုဆိုင်ရာ ကုန်ထုတ်လုပ်မှုဆိုင်ရာ နှင့် ပြည်ပတင်ပို့မှုဆိုင်ရာ ညွှန်းကိန်းများက စီးပွားရေးပြန်လည် လှုပ်ရှားလာသည့် အရိပ် လက္ခဏာများ ဖော်ပြနေသည်။ တစ်ဖက်တွင်မူ ယခင်က အတော်အတန် ငြိမ်းချမ်းခဲ့သည့် တိုင်းနှင့် ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံ နေရာများစွာတွင် လုံခြုံရေး အခြေအနေ ပျက်ပြားလာကြောင်း တွေ့ရှိရသည်။ အဆိုပါမတည်ငြိမ်မှုများက စီးပွားရေးလုပ်ငန်းများ၏ ဆက်သွယ်လုပ်ဆောင်မှုများ ၊ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ယုံကြည်မှုနှင့် စိတ်ပါဝင်စားမှုတို့ကို ထိခိုက်စေသည်။ ဝင်ငွေလျော့ပါးလာခြင်း နှင့် အလုပ်လက်မဲ့ များပြားလာခြင်းကြောင့် ပြည်တွင်းဝယ်လိုအား အလွန်နည်းပါးနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။ သွင်းအားစုအပိုင်းတွင်လည်း အခက်အခဲများရှိနေပြီး အချို့မှာ လွန်ခဲ့သောလများအတွင်း ပိုမိုဆိုးရွားလာသည်။ ငွေသားစီးဆင်းမှုချေးငွေ နှင့် နိုင်ငံခြားငွေကြေး ရရှိနိုင်မှုများတွင် အကျပ်အတည်းများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာကျပ်ငွေ တန်ဖိုး ဆိုးရွားစွာ ကျဆင်းလာခြင်းကြောင့် လောင်စာဆီ နှင့် အခြားသော ကုန်ထုတ်လုပ်ရေးအတွက် အရေးပါသည့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များလည်း တိုးမြင့်လာသည်။ လျှပ်စစ်ဓါတ်အားနှင့် အင်တာနက် ပြတ်တောက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာခဲ့ပြီး လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ သတင်းစီးဆင်းမှု နှင့် ဈေးကွက် ချိတ်ဆက်နိုင်မှုတို့ အပေါ် ယုံကြည်အားထားနိုင်မှု လျော့ကျလာခဲ့သည်။

အထက်ပါ အခက်အခဲများရှိနေဆဲဖြစ်သော်လည်း လတ်တလောအားဖြင့် စီးပွားရေးတည်ငြိမ်လာမှု လက္ခဏာအချို့ တွေ့ရှိရသည်။ လှုပ်ရှားသွားလာခြင်းဆိုင်ရာညွှန်းကိန်းများအရ ဇူလိုင်လတွင် ကိုဗစ်ကူးစက်ရောဂါ မဖြစ်ပွားခင် အခြေအနေ၏ ၇၀ ရာခိုင်နှုန်းအောက် သို့ကျဆင်းသွားခဲ့ပြီးနောက်ပိုင်းတွင် အာဏာသိမ်းမှုမတိုင်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်သို့ရာတွင် လက်လီကုန်သွယ်မှု၊ အပန်းဖြေခြင်းနှင့် သယ်ယူပို့ဆောင်ရေး နေရာတို့တွင် ကိုဗစ်ကူးစက်ရောဂါ မဖြစ်ပွားခင်က အဆင့်ထက် ၃၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေဆဲဖြစ်သည်။ မကြာသေးခင်က ကောက်ယူခဲ့သည့် စက်မှုထုတ်ကုန် စစ်တမ်းအရ ဇူလိုင်လနောက်ပိုင်းတွင် အဆိုပါကဏ္ဍ၏ ကျုံ့ဝင်သွားနှုန်းမှာ နှေးကွေးလာနေခဲ့ပြီး ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များ တည်ငြိမ်စပြုလာသော်လည်း ပမာဏအားဖြင့် နည်းပါးနေသေးသည်။ စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်များ ပြည်ပတင်ပို့မှုမှာ ပြီးခဲ့သည့် လများအတွင်း ပြန်လည် အသက်ဝင်လာသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအချို့ ပြန်လည် ဖွင့်လှစ်လာခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုတွင် အတားအဆီးများ ရှိနေဆဲဖြစ်သည်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု (FDI) ကတိကဝတ်များ နှင့် မှတ်ပုံတင်သည့် ကုမ္ပဏီ အရေအတွက် အတော်အသင့် ရှိလာသည်။

သွင်းအားစုအပိုင်းနှင့် ဝယ်လိုအားတို့တွင် အားနည်းချက်များ ရှိနေခြင်းက လုပ်ငန်းများလည်ပတ်နိုင်မှုကို အတားအဆီး ဖြစ်နေဆဲဖြစ်သည်။ လုပ်ငန်းများအနေဖြင့် အရောင်းပမာဏ နှင့် အကျိုးအမြတ်တို့ သိသိသာသာ ကျဆင်းလာမှု ငွေသားစီးဆင်းမှု အကျပ်အတဉ်းကုန်ကြမ်းရရှိနိုင်မှုဘဏ်ဝန်ဆောင်မှု နှင့် အင်တာနက် အသုံးပြုမှု စသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလကပြုလုပ်ခဲ့သည့် စစ်တမ်းအရ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အရောင်းကျဆင်းလာသည် ဟုဆိုသည်။ ပျမ်းမျှအားဖြင့် အရောင်းပမာဏ ၅၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဆိုးရွားလာသော ပြည်တွင်း မငြိမ်သက်မှုအခြေအနေအာဏာသိမ်းမှုနှင့် ကိုဗစ် - ၁၉ ရောဂါကူးစက် ပြန့်ပွားမှုတို့ကြောင့် ဝင်ငွေနှင့် အလုပ်အကိုင်များကို ထိခိုက်ခဲ့သဖြင့် ပြည်တွင်းစားသုံးမှုမှာ ဆက်လက်လျော့ကျနိုင်ခြေရှိသည်။ စက်တင်ဘာလတွင် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားခြင်းကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ ပေါ်ပေါက်လာခြင်းကြောင့် လုပ်ငန်းထက်ဝက်ခန့်မှာ သွင်းအားစု/ကုန်ကြမ်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ အကျပ်အတဉ်း များကြောင့် လုပ်ငန်းများသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ၎င်းတို့ လုပ်နိုင်စွမ်း၏ ၆၃ ရာခိုင်နှုန်းခန့် လည်ပတ်နေခဲ့ရာမှ ၅၇ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်းလာခဲ့ကြောင်း တင်ပြခဲ့ကြသည်။ အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ လုပ်ငန်းများ၏ ထက်ဝက်ခန့်သည် ယခင်စီစဉ်ထားခဲ့သည့် ရင်းနှီးမြုပ်နှံမှုများနှင့် စီးပွားရေး တိုးချဲ့မှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းခဲ့ကြသည်။

ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း လများတွင် ကျပ်ငွေတန်ဖိုး ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ရာမှ စက်တင်ဘာတွင် ကျပ်ငွေတန်ဖိုး ထိုးကျသွားခဲ့ကာ နောက်ပိုင်းတည်ငြိမ်နေခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလလယ်မှ စတင်၍ အမေရိကန်ဒေါ်လာ ရည်ညွှန်းလဲလှယ်တန်ဖိုးမှာ ဩဂုတ်လနှင့် နှိုင်းယှဉ်လျှင် ၅ ရာခိုင်နှုန်း လျော့ကျနေခဲ့ပြီး ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း လျော့ကျသည်။ ရည်ညွှန်း နိုင်ငံခြားငွေ လှဲလှယ်နှုန်းနှင့် ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ကွာခြားချက် ကြီးမားနေခြင်းက နိုင်ငံခြားငွေလဲလှယ်ခြင်းဆိုင်ရာ အကျပ်အတဉ်း ဆက်လက် ရှိနေကြောင်း ဖော်ပြနေသည်။ အချို့ဘဏ်များက ငွေသားထုတ်ယူမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပေးခဲ့သော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ ငွေသား နှစ်ခုလုံး လိုအပ်ချက် ကြီးမားနေဆဲဖြစ်သည်။ ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဘဏ္ဍာနှစ်အဆုံး (၂၀၂၁ ခုနှစ် စက်တင်ဘာလ) ငွေကြေးဖောင်းပွနှုန်း ၇.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဇန်နဝါရီလမှ စတင်၍ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာရာ အောက်တိုဘာလတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး အနည်းငယ်ပြန်လည် ကျဆင်းလာခဲ့သည်။ ဓါတ်မြေဩဇာဈေးနှုန်းများနှင့် အခြားသော စိုက်ပျိုးရေးသွင်းအားစုများ ဈေးမြင့်တက်လာသဖြင့် အဆိုပါ သွင်းကုန်များ သုံးစွဲနိုင်မှု ကျဆင်းသွားသကဲ့သို့ စိုက်ပျိုးနိုင်သည့် မြေဧက ပမာဏလည်းကျဆင်းသွားသည်။

အဆိုပါ အကျပ်အတဉ်းနှစ်ခုပေါင်း ရိုက်ခတ်ခြင်းကြောင့် ဘဏ္ဏာငွေရရှိမှု သိသိသာသာ ထိုးကျသွားသည့်အတွက် ဘက်ဂျက်သုံးစွဲနိုင်မှုကို အကန့်အသတ်ဖြစ်စေခဲ့သည်။ ဘဏ္ဏာငွေ ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ် အနည်းငယ်ရှိသော်လည်း ဘဏ္ဏာငွေ လိုအပ်ချက် မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လအထိ ၉ လတာ ကာလအတွင်း ဘဏ္ဏာငွေ ရရှိမှု နှင့် သုံးစွဲနိုင်မှု တို့မှာ တစ်နှစ်စာ ဘဏ္ဏာငွေ လျာထားချက်၏ ထက်ဝက်သာ ရှိသည်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ငွေကောက်ခံရရှိမှုမှာ ယခင်နှစ်က GDP ၏ ၆.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄.၅ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဟု ခန့်မှန်းသည်။ ဘက်ဂျက်သုံးစွဲနိုင်မှု လျော့နည်းလာသော်လည်း ဘဏ္ဏာငွေ ရရှိနိုင်မှု အလွန်နည်းပါးနိုင်သည့်အတွက် ၂၀၂၁ ဘဏ္ဍာနှစ် တွင် ဘဏ္ဍာရေးလိုငွေသည် GDP ၏ ၈.၈ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟု ခန့်မှန်းသည်။ ၂၀၂၀ ခုနှစ် ဘဏ္ဏာနှစ်တွင် ဘဏ္ဏာရေးလိုငွေမှာ GDP ၏ ၆.၆ ရာခိုင်နှုန်းရှိခဲ့သည်။ ယင်းတို့မှာ ဘဏ္ဍာရေးအခြေပြနှုန်း (the fiscal anchor ) ဖြစ်သည့် GDP ၏ ၅.၀ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်မားသည်။

စီးပွားရေးနှင့် ဘဏ္ဍာရေး ကျဆင်းလာမှုတို့ကြောင့် ၂၀၂၀ ခုနှစ်အစောပိုင်းကပင် များစွာထိခိုက်နေခဲ့သည့် သက်မွေးဝမ်းကျောင်းမှုကို ကြီးစွာ ထိခိုက်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အလုပ်အကိုင်ရှိသူ အရေအတွက် ၁ သန်းခန့် လျော့ကျသွားမည်ဟု မျှော်မှန်းပြီး ယင်းပမာဏထက်ပိုမိုသော လူဦးရေသည် အရည်အသွေး နိမ့်ကျသော ပိုမို ဝင်ငွေနည်းပါးသော အလုပ်အကိုင်များသို့ ပြောင်းလဲလုပ်ကိုင်သွားရမည်ဟု ခန့်မှန်းရသည်။ အခြားသော အလုပ်သမားများမှာ မူလအလုပ်အကိုင်များ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော်လည်း အလုပ်ချိန် သို့မဟုတ် လစာ လျော့နည်းသွားသည့်အတွက် ဝင်ငွေလျော့နည်းသွားကြရသည်။ ယင်းတို့သည် ဆင်းရဲမွဲတေမှု၊ ထိခိုက်လွယ်မှု နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ကြီးစွာ သက်ရောက်မှုရှိသည်။ ဆင်းရဲမွဲတေသည့် ပမာဏမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ခိုက်မှု မခံစားရခင်အချိန်နှင့် နှိုင်းယှဉ်ပါက နှစ်ဆအထိ မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းသည်။ ငွေကြေးဖောင်းပွမှု နှင့် ချေးငွေ/ ငွေသားလည်ပတ် စီးဆင်းမှု အခက်အခဲများက စားနပ်ရိက္ခာဖူလုံမှု အပေါ် သက်ရောက်နိုင်ပြီး အထူးသဖြင့် စုဆောင်းငွေ မရှိသလောက် နည်းပါးသော အောက်ခြေလူတန်းစား ဆင်းရဲသားများကို ထိခိုက်စေလိမ့်မည်။ ဘဏ္ဍာငွေ ထောက်ပံ့နိုင်မှု နည်းပါးခြင်း၊ (ပြည်သူ့အာခံမှုလှုပ်ရှားမှုတွင် ပါဝင်ကြခြင်း၏ တစ်စိတ်တပိုင်းဖြစ်သော) ဝန်ထမ်းအင်အား မလုံလောက်ခြင်း စသည်လိုအပ်ချက်များ မြင့်တက်လာခြင်းကြောင့် အခြေခံပြည်သူ့ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲလာပြီး ပြည်သူလူထုအနေဖြင့် အဆိုပါဝန်ဆောင်မှုများအပေါ် အားထားယုံကြည်မှု ကျဆင်းလာခဲ့သည်။ နိုဝင်ဘာလတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းသား/သူများနှင့် ဆရာ/မများ တက်ရောက်မှု အလွန်နည်းပါးနေဆဲ ဖြစ်ကြောင်း အစီရင်ခံစာများက ညွှန်ပြနေသည်။

စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာနှစ် (စက်တင်ဘာလတွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်) တွင် ၁၈ ရာခိုင်နှုန်းကျုံ့သွားမည်ဟု ခန့်မှန်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်အဆုံးတွင် GDP သည် အချို့သော တည်ငြိမ်လာမှုများနှင့် အတူ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းသည်။ ယခုမျှော်မှန်းချက်သည် လတ်တလောကာလ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လှိုင်းသစ် (များ)၊ ပဋိပက္ခများ၏ ကျယ်ပြန့်မှုနှင့် သက်ရောက်မှု၊ နိုင်ငံခြားငွေကြေး လဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိမှု အနိမ့်အမြင့် ဒီဂရီအနေအထားတို့နှင့်အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေး နှင့် အင်တာနက် ဝန်ဆောင်မှုကဲ့သို့သော အတားအဆီးအခက်အခဲများအပေါ် မူတည်ပါလိမ့်မည်။ ဤခန့်မှန်းချက်သည် နောင်လာမည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် တည်ငြိမ်လာသည့် လက္ခဏာများ ဆက်လက်တည်ရှိနေမည်ဟူ၍ လည်းကောင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ပဋိပက္ခများ
ထပ်မံမြင့်တက်လာခြင်း မရှိဟူ၍ လည်းကောင်း စသည့် ယူဆချက်များအပေါ် အခြေခံ တွက်ဆခြင်းဖြစ်ပါသည်။ အထည်ချုပ်နှင့် သဘာဝဓါတ်ငွေ့ တင်ပို့မှု ဆက်လက်ရှိနေပြီး ဆောက်လုပ်ရေးကဏ္ဍတွင် ပြန်လည်သက်ဝင်လှုပ်ရှားမှု အချို့ကြောင့် စက်မှုကဏ္ဍမှာ ၃ ရာခိုင်နှုန်းခန့် တိုးတက်မည် ဟု မျှော်မှန်းသည်။ ဝန်ဆောင်မှု ကဏ္ဍမှာမူ ပြည်တွင်း ဝယ်လိုအား နည်းပါးနေခြင်း နှင့် ငွေရေးကြေးရေး အခက်အခဲများ ဆက်လက်တည်ရှိနေမှုကြောင့် အနည်းငယ်မျှသာ တိုးတက်မည်ဟု မျှော်မှန်းသည်။ စိုက်ပျိုးရေးကဏ္ဍမှာမူ ၂၀၂၁ ခုနှစ်က စိုက်ပျိုးလုပ်ကိုင်မှု လျော့ကျသွားခဲ့သည့်အတွက် ထွက်ကုန် လျော့နည်းကာ ဆက်လက်ကျုံ့သွားမည်ဟု မျှော်မှန်းသည်။ ခြုံငုံရမည်ဆိုလျှင် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟူသော ခန့်မှန်းချက်နှင့် ၂ဝ၂၂ ခုနှစ်တွင် တိုးတက်မှု ၁ ရာခိုင်နှုန်းရှိမည်တို့ကို ပေါင်းစုလိုက်ပါက စီးပွားရေးသည် ၂၀၁၉ ခုနှစ်အဆင့်အတန်းထက် ၁၅ ရာခိုင်နှုန်းခန့် သေးငယ်သွားမည်ဖြစ်ပြီး အကယ်၍ အာဏာသိမ်းမှုနှင့် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုသာ မဖြစ်ပေါ်ခဲ့ပါက ရှိရမည့် ပမာဏထက် ၃၀ ရာခိုင်နှုန်း ကျုံ့ဝင်သွားသည်ဟု ဆိုလိုသည်။ 

 

၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် ခန့်မှန်းချက်များတွင် (၂၀၂၁ ဘဏ္ဍာနှစ် ရလာဒ်မျှော်မှန်းချက်အပေါ် အရိပ်ထိုးနေသည့် မရေရာမှုများအပြင်) ထိခိုက်နိုင်ခြေ အန္တရာယ်များ သိသိသာသာ ရှိနေပေသေးသည်။ အထူးသဖြင့် သိသာထင်ရှားသည့် ထိခိုက်နိုင်ခြေအန္တရာယ်နှစ်ခုမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နှင့် ပဋိပက္ခ ဖြစ်ပွားမှု ပိုမိုဆိုးရွားလာနိုင်ခြေ တို့ဖြစ်သည်။

ဇန်နဝါရီလ အစောပိုင်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရမှု အရေအတွက် ကျဆင်းလာသော်လည်း မြန်မာနိုင်ငံသည် အိုမီခရွန် ဗီဇမျိုးကွဲ နှင့် ကိုဗစ် - ၁၉ ကူးစက်မှုလှိုင်းများကြောင့် ထိခိုက်နိုင်ခြေ မြင့်မားနေဆဲဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ကာကွယ်ဆေးထိုးနှံနိုင်မှု ပမာဏာ နည်းပါးနေသေးခြင်း နှင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်စဉ်တွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ပြည်သူ့ကျန်းမာရေးကဏ္ဍ အားနည်းနေဆဲဖြစ်ခြင်း တို့ကြောင့် ဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံမှုနှုန်း နည်းပါးနေဆဲဖြစ်ရခြင်းမှာ ကာကွယ်ဆေးရရှိနိုင်မှု နှင့် ဖြန့်ဖြူးပေးနိုင်မှု ဆိုင်ရာ အခက်အခဲများ ဆက်လက်တည်ရှိနေမှု ကြောင့်ဖြစ်သည်။ ယင်းတို့ကို ထည့်သွင်းစဉ်းစားပါက မည်သည့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမျိုးကြောင့်မဆို ကျန်းမာရေး ထိခိုက်မှု ဆိုးရွားနိုင်ပြီး ထိန်းချုပ်ရန် ခက်ခဲပါလိမ့်မည်။ တစ်ချိန်တည်းတွင်ပင် ဒေသတွင်းအတွေ့အကြုံများနှင့် လက်ရှိ မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်အရ အိုမီခရွန်ကူးစက်ခံရမှုများ လာမည့်လများအတွင်း မြင့်တက်လာနိုင်ဖွယ်ရှိသည်။ တွက်ဆချက်များအရ အိုမီခရွန် ကူးစက်ခံရမှုများသည် တတိယလှိုင်းထက် ပိုမိုမြင့်မားနိုင်ဖွယ်ရှိသော်လည်း (ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် အများဆုံးဖြစ်နိုင်) သေဆုံးနှုန်းနှင့် ဆေးရုံဆေးခန်းများအပေါ် ဝန်ပိစေမှုမှာမူ နည်းပါးနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်နိုင်ခြေမှာ ယခုအခြေခံ တွက်ဆချက်ထက် ပိုမိုဆိုးရွားနိုင်ပြီး အိုမီခရွန်ကူးစက်မှုက ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်အား နည်းပါးသည့်အခြေအနေကြောင့်မျှော်မှန်းသည်ထက် ပိုမိုဆိုးရွားပြင်းထန်ခဲ့လျှင်သော်လည်းကောင်း၊ ယခုနှစ်အတွင်း အခြားသော ကူးစက်ရောဂါလှိုင်းများ နှင့်/သို့မဟုတ် ဗီဇမျိုးကွဲသစ်များကြောင့် သော်လည်းကောင်း စီးပွားရေး ထိခိုက်နိုင်ခြေများ ရှိနေဆဲဖြစ်သည်။

မကြာသေးခင်က ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခအခြေအနေများသည်လည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်အရ သော်လည်းကောင်း စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်နိုင်မှုသည်လည်းကောင်း စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေဆဲဖြစ်သည်။ အခြေခံခန့်မှန်းချက်များက ပဋိပက္ခဖြစ်ပွားမှုသည် ပိုမိုပြင်းထန်လာခြင်းမရှိဘဲ လက်ရှိအဆင့်အတိုင်း ဆက်လက်တည်ရှိနေမည်ဟု တွက်ဆထားခြင်းဖြစ်သော်လည်း မကြာသေးခင်က ပဋိပက္ခဆက်စပ်ဖြစ်စဉ်များ မြင့်တက်လာခြင်းက ရှေ့လာမည့် လများအတွင်း ပဋိပက္ခများ ပြင်းထန်လာပါက ပိုမိုဆိုးရွားသည့် ထိခိုက်နိုင်ခြေ အန္တရာယ်များ ပူးတွဲဖြစ်ပေါ်မည် ဟု ညွှန်ပြနေသည်။ စီးပွားရေး စစ်တမ်းအရ ဝယ်လိုအား၊ ကုန်စည် သယ်ယူ ပို့ဆောင်ရေးနှင့် သွင်းအားစုကွင်းဆက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် ပြည်နယ်နှင့် တိုင်းများတွင် ဆိုးရွားစွာ ထိခိုက်သည်ကို တွေ့ရသည်။ စီးပွားရေးလုပ်ငန်းများကုမ္ပဏီများအနေဖြင့် ရှားပါးလာသည့် ရင်းမြစ်များနှင့်အတူ လုံခြုံရေးကြောင့် လုပ်ငန်းလည်ပတ်နိုင်ရေး အခက်အခဲများကို ကိုင်တွယ်ဖြေရှင်း ရသည့်အပြင် ၎င်းတို့၏ ဝန်ထမ်းများစားသုံးသူများ၏ ဘေးကင်းလုံခြုံရေးကို အလေးပေးရသကဲ့သို့ ကြီးထွားလာသည့် မရေရာမှုများကြောင့် ဝန်ထမ်းသစ် ခန့်အပ်ရေး သို့မဟုတ် ရင်းနှီးမြုပ်နှံရေးတို့တွင် အခက်အခဲတွေ့ကြရသည်။

ရေရှည်တွင် မြန်မာ့ ကာလရှည် တိုးတက်နိုင်ခြေအပေါ် အဆိုပါ ဖြစ်စဉ်များက ဖိစီးလာပါလိမ့်မည်။ ညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု သိသိသာသာ ထိုးကျလာသည်ဟု ညွှန်ပြနေကြပြီး အချို့သော ယခင်က ဖြစ်ထွန်းနိုင်ခြေရှိသည့် (လျှပ်စစ်ကဏ္ဍအပါအဝင်) စီမံကိန်းများ သည်ပင်လျှင် ဝယ်လိုအား နည်းပါးမှုကြောင့် ရပ်တည်ရန် ခက်ခဲလာသည်။ သွင်းကုန်များတင်သွင်းရသည့် ကုန်ကျစရိတ်မြင့်တက်လာသကဲ့သို့ မြန်မာကျပ်ငွေနှင့် ကောက်ခံရရှိသည့် အခွန်ငွေများသည် နိုင်ငံခြားငွေကြေးဖြင့်ဆိုပါက တန်ဖိုးလျော့ကျသွားသည်။ ပညာရေး ပြတ်တောက်သွားသည့် လများသည် လူသားရင်းမြစ်နှင့် ကုန်ထုတ်နိုင်စွမ်းအားတို့အပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိပါလိမ့်မည်။ သယံဇာတထုတ်ယူမှုကဏ္ဍတွင် သစ်ထုတ်လုပ်ခြင်းကျောက်စိမ်း၊ ရွှေ နှင့် rare earths ထုတ်ယူမှု လုပ်ငန်းများ မြင့်တက်လာကြောင်း တွေ့ရှိရသဖြင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှု အန္တရာယ်နှင့် ဆိုးကျိုးများကြောင့် ကုန်ကျစရိတ် ကြီးမားလာနိုင်ခြေများ ဖန်တီးနေပေသည်။

စီးပွားရေး စီမံခန့်ခွဲမှုများ ပြုလုပ်ရာတွင် ယေဘူယျအားဖြင့် ကြားဝင် ထိန်းကျောင်းခြင်း (interventionist) နှင့် ပြည်တွင်းကို အားပြုနည်းလမ်းများ (inward-looking approach) ကို ပိုမိုအသုံးပြုလာကြောင်း အထောက်အထားများက ဖော်ပြနေသည်။ ယခင်က ဖြစ်ထွန်းနိုင်ခြေမရှိဟု ရှုမြင်ခဲ့ကြသည့် လုပ်ငန်းများ (နိုင်ငံပိုင် သံမဏိစက်ရုံများ ရေနံသန့်စင်စက်ရုံများ) ပြန်လည်စတင်ရန် အားပေးလာသည်။ လိုင်စင်လိုအပ်ချက် တိုးမြှင့်လိုက်ခြင်းနှင့် သွင်းကုန်အစားထိုး (ဥပမာ - စားအုန်းဆီ) အားပေးရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း အပါအဝင် သွင်းကုန် ကန့်သတ်ခြင်း ဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရသည်။ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ဖိအားများ ဖြေလျော့ရန် နှင့် ပြည်တွင်းလုပ်ငန်းများ မြင့်တက်လာစေရန် ချမှတ်ဆောင်ရွက်မှုများ ရှိသော်လည်း အဆိုပါနည်းလမ်းများမှာ ယခင်ကလည်း မအောင်မြင်ခဲ့သည့်အပြင် ရင်းမြစ်များကို အထိရောက်ဆုံး သုံးစွဲနိုင်ခြင်း မရှိဖြစ်စေသကဲ့သို့ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းက မြန်မာ့ တိုးတက်မှုကို အဓိကတွန်းအားပေးခဲ့သည့် ပွင့်လင်းလွတ်လပ်မှုကို ထိခိုက်ပျက်ပြား စေခဲ့သည်။

ထိုနည်းတူစွာပင် တပ်မတော်အာဏာသိမ်းမှု ဖြစ်ပွားပြီးပြီးခြင်း နောက်ပိုင်းကာလနှင့်နှိုင်းယှဉ်ပါက အင်တာနက် ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့သော်လည်း ပြီးခဲ့သည့် လများအတွင်း တယ်လီဖုန်းဆက်သွယ်မှုများအပေါ် အခွန်အခများ နှင့် ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်လိုက်ခြင်း၊ ချိတ်ဆက်အသုံးပြုနိုင်မှုကို ရှောင်တခင်ကန့်သတ်ခြင်း၊ အင်တာနက် အသုံးပြုမှုကို ကန့်သတ် သည့်နည်းလမ်းများ ပိုမိုအသုံးပြုလာကြောင်း တွေ့မြင်လာရသည်။ အဆိုပါ ကန့်သတ်ချက်များ တည်ရှိနေသရွေ့ ကာလပတ်လုံး ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများ ဖြစ်ထွန်းတိုးတက်မှု နှင့် မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ် နည်းပညာ ဝန်ဆောင်မှုများ တိုးတက်မှုအပေါ် သိသာထင်ရှားစွာ ကာလကြာရှည် ထိခိုက်နေဦးမည် ဖြစ်သည့်အပြင် ကုန်ထုတ်လုပ်မှုနှင့် ထုတ်ကုန် လျော့ကျလာသည့်အတွက်ကြောင့် စီးပွားရေးကုန်ကျစရိတ် သိသိသာသာ မြင့်တက်လာမည်ဖြစ်သည်။ ။
 

Industry Reviews Read 958 times