ကပ်ဘေးကြောင့် ဝင်ငွေနည်းနိုင်ငံတွေ ကြွေးမြီဝန်ထုပ် ၁၂% တိုး


13 October, 2021

ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာပေါ်က ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေရဲ့ ကြွေးမြီ ဝန်ထုတ်ဝန်ပိုး ၁၂ % သိသိသာသာ ပိုတိုးလာတဲ့အကြောင်း ကမ္ဘာ့ဘဏ်က မနေ့က သတိပေးပါတယ်။ ဒီလိုနိုင်ငံတွေရဲ့ ကြွေးမြီပမာဏဟာ ဒီနှစ်အတွင်း ဒေါ်လာ ဘီလျံ ၈၆၀ အထိ ရှိလာတဲ့အကြောင်း နဲ့ ကြွေးမြီ လျော့ချနိုင်ရေး အရေးပေါ်ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း သတိပေးလိုက်တာပါ။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ နိုင်ငံတကာအကြွေးစာရင်း အစီရင်ခံစာအရ ဝင်ငွေနည်းပါးတဲ့တိုင်းပြည်တွေနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေဟာ ကြွေးမြီပိပြီး အကျပ်အတည်း ပိုတွေ့ရနိုင်ခြေ ရှိနေကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ David Malpass က ပြောဆိုပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတဝက်လောက်ဟာ ကြွေး အန္တရာယ် မြင့်မြင့်မားမား ကြုံနေကြရပါတယ်လို့ အစီရင် ခံစာက ပြောပါတယ်။ တရုတ်ပြည်ကလွဲပြီး ဝင်ငွေနည်းနဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့တိုင်းပြည်တွေရဲ့ နိုင်ငံလုံးဆိုင်ရာ ဝင်ငွေနဲ့ အကြွေးအချိုး၊ ပို့ကုန်နဲ့ အကြွေးအချိုးတွေကို ကြည့်လိုက်တဲ့အခါ ၄၂ % နဲ့ ၁၅၄ % အထိ မြင့်တက်သွားကြတာကိုလည်းအစီရင်ခံစာက တင်ပြထားပါတယ်။

G 20 နိုင်ငံတွေနဲ့ ပါရီကလပ်လို့ခေါ်တဲ့ ကြွေးရှင်များအဖွဲ့က ကြွေးမြီဆိုင်ရာ မူဘောင်တရပ်ကို မနှစ်ကချမှတ် ခဲ့ပြီး ကြွေးပေးဆပ်ရေးအစီအစဉ် ပြန်လည်ရေးဆွဲဖို့နဲ့ ကြွေးဆိုင်းငံ့ကာလ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီ အစီအစဉ်ကို လျှောက်ထားခဲ့တာ Ethiopia ၊ Chad နဲ့ Zambia သုံးနိုင်ငံပဲ ရှိတာပါ။

ဗီအိုအေ

Global News Industry Reviews Read 382 times