လက်လီ၊ လက်ကားရောင်းချခွင့်ကို အွန်လိုင်းဖြင့် မှတ်ပုံတင်နိုင်


03 August, 2018

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လက်လီ၊လက်ကားရောင်းချခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကို အွန်လိုင်းစနစ် ဖြင့်မှတ်ပုံတင်နိုင်ရန်စီစဉ်နေကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ဇူလိုင် ၃၀ ရက်က ကျင်းပခဲ့သည့် လက်လီလက်ကားရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်(SOP) သတ်မှတ်ချက် နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲ၌ ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှုးချုပ် ဦးရန်နိုင်ထွန်းက ပြောဆိုခဲ့ခြင်းလဲ ဖြစ်ပါတယ်။

"အခုမှ working group ဖွဲ့ဖို့လုပ်နေတယ်။အဲ့ဒီအဖွဲ့ဖွဲ့ပြီးလို့ရှိရင် work shop တစ်ခုလုပ်မယ်။ဒါပြီးရင်လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်သွားမယ်။စတင်မယ့်အချိန်ကိုတော့ မပြောနိုင်သေးပါဘူး။

e-commerce အတွက် ဆောင်ရွက်နေပါတယ်။အဲဒါနဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲတဲ့အပိုင်းကို သက်ဆိုင်ရာတွေက ဆောင်ရွက်နေပါတယ်။အဲဒီအပေါ် မှာ မူတည်ပြီးတော့ လုပ်ထုံး၊ လုပ်နည်းနဲ့ လုပ်လို့ရမလား၊မရဘူးလားဆိုတာ working group ကလုပ်မယ့်ကိစ္စတွေ၊ workshop ကလုပ်မယ့် ကိစ္စတွေကနေ အဖြေထွက်လာလိမ့်မယ်"ဟု ဦးရန်နိုင်ထွန်းက ဆက်လက်ရှင်းပြချိက်အရ သိခဲ့ရပါတယ်။

● ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး

*********************

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၁ ခုနှစ်မှစ၍ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့ရေး၊ ကုန်သွယ်မှု ဖြေလျှော့ရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး ပညာပေးရေး၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို စနစ်တကျ အကောင်ထည်ဖော်လျက်ရှိကြောင်း သိရပါတယ်။

"မြန်မာနိုင်ငံရဲ့ လက်လီရောင်းချနေသူများအနေနဲ့လည်း လက်ကားရောင်းချသူများကို ပိုမိုရွေးချယ်လာနိုင်တဲ့အတွက် အကျိုးရှိမယ့် ရောင်းဝယ်မှု အခွင့်အရေးများတိုးပွားလာမှာ ဖြစ်ပါတယ်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပေါများပြီးတော့ နိုင်ငံခြားငွေကြေးရရှိနိုင်တဲ့ အခွင့်အရေးကို ထိန်းသိမ်းနိုင်မှာလဲ ဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင် တွေကြားမှာ တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ တိုးတက်လာစေမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားရောနိုင်ငံသားပါ မှတ်ပုံတင်တဲ့အခါမှာ ရိုးရှင်းလွယ်ကူစွာ အထောက်အထားနည်းနည်း နဲ့ တင်ပြနိုင်ဖို့ရယ်၊ လူကိုယ်တိုင်လာရောက် စရာမလိုဘဲနဲ့ အွန်လိုင်းကနေမှတ်ပုံတင်နိုင်ဖို့ရယ် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဦးရန်နိုင်ထွန်းက ပြောခဲ့ပါတယ်။

●ထုတ်ပြန်ကြေညာ

************

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများကို လက်လီလက်ကား ရောင်းချခွင့်ပြုသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းထုတ်ပြန် ကြေညာထားခဲ့ပါတယ်။

ထိုကုန်ပစ္စည်းများမှာ အဝတ်အထည်၊နာရီ၊အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ (နိုင်ငံ၏လိုအပ်ချက်အရ တင်သွင်းရောင်းချခွင့်မပြုသော ပစ္စည်းများမှအပ)၊ ရေထွက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန် ထွက်ကုန်ပစ္စည်းများ၊ အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၊ အချိုရည်အမျိုးမျိုး၊ ပြည်တွင်း၌ ထုတ်လုပ်သောယမကာများ ပါဝင်ပါတယ်။

Local News Tips Read 494 times