Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ


12 October, 2021

ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ၏ ရန်ကုန်မြို့ သီလဝါ နှင့် သာကေတမြို့နယ်ရှိ သဘာဝ ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ပြောင်းလဲထုတ်လုပ်မည့် (LNG to Power) စီမံကိန်းများသည် တွက်ချေမကိုက်၍ ပြီးခဲ့သည့် ဇူလိုင်လဝန်းကျင်မှ စတင်ကာ ရပ်နားထားရကြောင်း သိရသည်။

ကမ္ဘာ့ LNG ဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေခြင်း၊ လျှပ်စစ်ဝယ်လိုအားကျဆင်းခြင်း နှင့် ဝန်ကြီးဌာနဘက်က လျှပ်စစ်ဓာတ်အားခများကို ပေးချေရန် အခက်အခဲရှိလာခြင်းတို့ကြောင့် အဆိုပါ စီမံကိန်းများကို ရပ်နားထားရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်များနှင့် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း များ လုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

Vpower ကုမ္ပဏီ၏ လျှပ်စစ်မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်သော သာကေတစီမံကိန်းသည် လုံးဝရပ်နားထားပြီး မဂ္ဂါဝပ် ၃၅၀ သီလဝါစီမံကိန်းသည်လည်း တင်သွင်းထားသော LNG များကို ထိန်းသိမ်းရန် လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် ၅၀ မဂ္ဂါဝပ်သာ ထုတ်လုပ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိအခြေအနေအရ ကုမ္ပဏီဘက်က ပုံမှန်အတိုင်းလည်ပတ်နိုင်သော်လည်း ယခင်က လျှပ်စစ်ဓာတ် အားဝယ်ယူရာတွင် ကျသင့်သည့် တန်ဖိုး၏ ရာခိုင်နှုန်းတခုကို အမေရိကန်ဒေါ်လာနှင့် ပေးချေရန် သဘောတူညီထားမှု ရှိပြီး ယခုတွင် ဝန်ကြီးဌာနဘက်မှ မြန်မာကျပ်ငွေဖြင့်သာ ငွေပေးချေနိုင်တော့ ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကက ငွေရေးကြေးရေးကြောင့်ပဲ ကုမ္ပဏီက LNG ကို ဒေါ်လာနဲ့ ပြန်ဝယ်ရတယ် ဒီဘက်မှာ ပိုက်ဆံပြန်ရတာကျတော့ မြန်မာကျပ်ငွေနဲ့ဆိုတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ ဒီအခြေအနေကြောင့်ပဲ ဝန်ကြီးဌာနနဲ့ နားလည်မှုယူပြီး ရပ်ထားတာ ” ဟု ဆိုသည်။

မဂ္ဂါဝပ် ၃၅၀ သီလဝါစီမံကိန်း( LNG) ကို ဟောင်ကောင်ကုမ္ပဏီ Vpower အုပ်စုက လုပ်ကိုင်ခြင်း ဖြစ်ပြီး မဂ္ဂါဝပ် ၄၀၀ သာကေတ(LNG) စီမံကိန်းကိုမူ တရုတ် ကုမ္ပဏီ Consortium China National Import and Export Corporation နှင့် ဟောင်ကောင် အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

အဆိုပါ LNG စီမံကိန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် တိုးလာမည့် စက်မှုဇုန်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်သည်။

“ ကုမ္ပဏီကလည်း LNG ဈေးကတက်၊ ဒေါ်လာဈေးကတက် ဆိုတော့ တွက်ချေမကိုက်တော့ နားထားချင်တယ်။ အဲဒီတော့ LNG သွင်းရတာ မလွယ်ဘူးဆိုပြီး အကြောင်းပြတယ်၊ ဒီဘက်ကလည်း ပိုက်ဆံမပေးချင်ဘူးဆိုတော့ နှစ်ဘက်လုံးပေါင်းရိုက်တဲ့ အခြေအနေပေါ့” ဟု လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ယခုလို Vpower ကုမ္ပဏီ၏ LNG စီမံကိန်း ၂ ခု ရပ်ဆိုင်းထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အကြီးတန်းအရာရှိများကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြား၍ မရကြောင်း ပြောကြသည်။

Vpower ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ စီးပွားရေး မတည်ငြိမ်မှုများကြောင့် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက လုပ်ငန်းလည် ပတ်နေဆဲဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မန္တလေးတိုင်း မြင်းခြံရှိ လျှပ်စစ်စီမံကိန်း ၂ ခုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုစီမံကိန်းများ ရပ်နားထားကြောင့် လာမည့် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ချေရှိကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိသည်။

Local News Read 6348 times