ဗီယက်နမ် သစ်သီးများ တရုတ်တင်ပို့ရန် အခက်ကြုံနေ


19 January, 2022

ဗီယက်နမ် သစ်သီးများ တရုတ်တင်ပို့ရန် အခက်ကြုံနေ

ဗီယက်နမ်မှ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ တရုတ်ပြည်သို့ ရေကြောင်းဖြင့် တင်ပို့ရာတွင် အလွန်နှေးကွေး နေကြောင်း ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်း Vietnam Fruit and Vegetable Association က ပြောကြားသည်။

ဗီယက်နမ်ပို့ကုန် လုပ်ငန်းရှင်များနှင့် ချိတ်တက်လုပ်ကိုင်နေသော တရုတ်သွင်းကုန် လုပ်ငန်းရှင်များက ရေကြောင်းမှ ကွန်တိန်နာများဖြင့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ တင်ပို့ခြင်းကို ထပ်မံအကြောင်းမကြားမချင်း ရပ်ထားရန် ဗီယက်နမ်ပို့ကုန် လုပ်ငန်းရှင်များကို ညွှန်ကြားထားသည်။

ကစွန်းဥများ ထုတ်လုပ်တင်ပို့သူ ဗိယက်နမ် လုပ်ငန်းရှင် Nhat Thanh သည် ထိုင်းပိန္နဲသီးများနှင် ကန်စွန်းဉများကို တရုတ်ပြည်သို့ ကွန်တိန်နာ အလုံး ၅၀ စာ တင်ပို့ရန် တရုတ်ဝယ်လက်နှင့် သဘောတူထားသည်။ ကွန်တိန်နာ ၁၀ လုံးစာကို အရင်ဦးစွာ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် သဘောတူထားကြသည်။

သို့သော် တင်ပို့ရန် စီစဉ်နေစဉ် တရုတ်ဝယ်လက်က တင်သွင်းမှု ဆိုင်းငံ့ကြောင်း အကြောင်းကြားသည်။ ရှောင်လွှဲကျော်လွှား၍ မရနိုင်သော အကြောင်းတရား အများအပြားကြောင့် ဆိုင်းငံ့ ထားမှ ဖြစ်မည်ဟု ဆိုသည်။

၂၀၂၂ မှစ၍ သွင်းကုန်များအတွက် လုပ်ကိုင်မှုများ တင်းကျပ်မှုများ ထပ်တိုးလိုက်သည်။ တရုတ်ပင်လယ်ဆိပ်ကမ်းများတွင် စုပြုံကျပ်နေပြီး ဆိပ်ကမ်းရှင်းလင်းရေးကို အစိုးရက တစ်နိုင်ငံလုံးအတွက် ပြဌာန်းထားသော Covid-19 ကာကွယ်ရေး မူဝါဒများနှင့်အညီ လုပ်ဆောင်ကြရသဖြင့် နှေးကွေးနေကြောင်း တရုတ်ဝယ်လက်က အသိပေးသည်။

"ကျွန်တော်တို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး ဖြစ်ကုန်တယ်။ ကံကောင်းတာက ကုန်စည်တွေကို ဖြတ်တောက်ထုပ်ပိုးတာ မလုပ်ရသေးခင်မှာ ရပ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီတော့ တခြားမှာ ပြန်ရောင်းဖို့ ရနိုင်သေးတယ်" ဟု သူက ပြောပြသည်။

ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်း Vietnam Fruit and Vegetable Association က ပြောကြားသည်မှာ အမှာစာများအတိုင်း ရေကြောင်းမှ ပေးပို့ထားသည့် ကွန်တိန်နာများတွင် အများစုသည် ဆိပ်ကမ်းသို့ မရောက်ကြသေးချေ။ ဆိပ်ကမ်းတွင် ဆက်လက်ကြန့်ကြာနေပါက အကုန်လုံး ပုပ်သိုးပျက်စီးနိုင်ဖွယ် ရှိသည်။
တရုတ်ဘက်မှ ပြောကြားသည်မှာ ဗီယက်နမ်မှ လာသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ကွန်တိန်နာများကို တစ်ရက်လျှင် ကွန်တိန်နာ ၅ လုံးအထိသာ အများဆုံး စစ်ဆေးပေးနိုင်မည်။ Covid-19 စစ်ဆေးရေး စည်းကမ်းများ အလွန်တင်းကျပ်ထားသည်။

တရုတ်ဝယ်လက်များက ဗိယက်နမ်မှ ရေကြောင်းဖြင့် တင်ပို့သူများကို အကန့်အသတ်ဖြင့်သာ တင်ပို့ရန် အကြောင်းကြားထားကြသည်ဟု ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အသင်း မှ အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။

များမကြာမီတွင် တရုတ်နှစ်သစ်ကူး အားလပ်ရက်ရှည် ရောက်လာတော့မည်။ ဆိပ်ကမ်းဝန်ထမ်းများ အားလပ်ရက် ရယူကြမည်။ သို့ဖြစ်ရာ စုပြုံကျပြီး ဆိပ်ကမ်းကျပ်နေခြင်း ဆက်လက်ဖြစ်ပေါ်နေဦးမည်။ အကောက်ခွန်ရှင်းလင်းရေး ပြိခက်ခဲမည်။

တရုတ်အာဏာပိုင်တို့က ကုန်လမ်းမှ နယ်ခြားဂိတ် ဖြတ်ကျော် တင်ပို့ရာတွင်လည်း တင်းကျပ်သော ကိုဗစ်လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးသည်။ ဗိယက်နမ် တရုတ်နယ်ခြားဂိတ်များတွင် ဗီယက်နမ်ကွန်တိန်နာထရပ်ကားများ စောင့်ဆိုင်းနေကြရသည်မှာ လအတန်ကြာကတည်းက ဖြစ်သည်။ ၂၀၂၁ ဒီဇင်ဘာလ ၄ ရက်တွင် Lang Son နယ်ခြားဂိတ်တွင် ကွန်တိန်နာ ထရပ်ကား ၂,၄၆၀ စီး ရောက်ရှိစောင့်ဆိုင်းနေကြသည်။ ၆၀% မှာ လတ်ဆတ်သစ်သီးများ တင်ဆောင်ထားသည်။

၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်တွင် ထရပ်ကား ၁,၅၂၁ စီး Lang Son နယ်ခြားဂိတ်များတွင် ရောက်ရှိစောင့်ဆိုင်းနေကြပြီး အစီး ၆၂၀ ကျော်သည် လတ်ဆတ်သစ်သီးများ တင်ဆောင်ထားကြသည်။
ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ထရပ်ကား အစီး ၁၀၀ အကောက်ခွန် ရှင်းလင်းရေး ပြီးစီးသည်။
Lang Son တွင် ဇန်နဝါရီလ ၁၇ ရက်မှစ၍ လတ်ဆတ်သစ်သီး တင်သွင်းမှု လက်ခံပေးခြင်း စတင်ရပ်ဆိုင်းမည်ဖြစ်ပြီး နှစ်သစ်ကူးာအားလပ်ရက် သီတင်းပတ်ကုန်ဆုံးရက် ဖေဖော်ဝါရီလ ၆ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။

တရုတ်ဈေးကွက်သည် ဗီယက်နမ်အတွက် ထိပ်တန်း ကုန်သွယ်ဖက် ဖြစ်သည်။
စိုက်ပျိုး ထုတ်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းများ နှစ်နိုင်ငံအကြား သွင်းကုန် ထုတ်ကုန် ကုန်သွယ်မှုဘပမာဏသည် လျင်မြန်စွာ ကြီးထွားခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလျံ ရှိခဲ့ပြီး ၂၀၂၀ တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိခဲ့ပါသည်။

ဗိယက်နမ် အကောက်ခွန်ဌာနမှ ထုတ်ပြန်ပေးသော စာရင်းဇယားများအရ ဗီယက်နမ်မှ တရုတ်သို့ ၂၀၂၁ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလျံဖိုး တင်ပို့နိုင်ခဲ့ပါသည်။


ဗီယက်နမ်အဖို့ စိုက်ပျိုး ထုတ်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် အမေရိကန်ဈေးကွက် သည် အများဆုံး ဖြစ်ပြီး တရုတ်ဈေးကွက်သည် ဒုတိယ အများဆုံး ဖြစ်ပါသည်။

Export, Import Agriculture & Livestock Read 857 times