ဗီယက်နမ် စက်ရုံများ ဥရောပနှင့် အမေရိကန်မှ အမှာစာများ လျော့ကျ


15 September, 2022

ဗီယက်နမ် စက်ရုံများ ဥရောပနှင့် အမေရိကန်မှ အမှာစာများ လျော့ကျ


သစ်အချောထည် ထုတ်လုပ်သူ Lam Viet သည် မကြာသေးမီက ၀ယ်လိုအား ကျဆင်းမှုကြောင့် စက်ရုံ အပြည့်မလည်နိုင်တော့သဖြင့် ဝင်ငွေ လျော့ကျနေသော လုပ်သားများကို တစ်လစာ ဆန်နှင့် တစ်လခကို ဆုကြေးအဖြစ် အပိုဆောင်းပြီး  ထောက်ပံ့ပေးကမ်းခဲ့သည်။
Binh Duong အခြေစိုက် ၎င်းကုမ္ပဏီ၏ အမှာစာများသည် ယခုနှစ်အစပိုင်းတွင် ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။ 
 သို့ဖြစ်ရာ အချိန်ပိုမဆင်းရခြင်းကြောင့် အလုပ်သမားများ၏ လုပ်ခလစာသည် တစ်လလျှင် ဗီယက်နမ်ဒေါင် ၁၀ သန်း ($425) မှ ၇ သန်းသို့ ကျဆင်းသွားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Nguyen Liem က VnExpress မီဒီယာသို့ ပြောကြားခဲ့သည်။
Liem သည် Binh Duong Furniture Association ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
အချို့ကုမ္ပဏီများ အမှာစာ ၆၀% ကျဆင်းခဲ့သည်။ သစ်အချောထည်ကုမ္ပဏီများသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင်လည်း အလားတူ ကြုံတွေ့ကြရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

ဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတွက် အလုပ်မရှိ အလုပ်ရှာပြီး အလုပ်ပေးထားရသည်။ စက်ရုံနှင့်  စက်ယန္တရားတွေကို သန့်ရှင်းရေးလုပ်ကြရန် စေခိုင်းထားရကြောင်း ၎င်းက ဆက်ပြောပြသည်။

"ဒါပေမဲ့ အလုပ်သမား တော်တော်များများ အလုပ်ထွက် သွားကြပါပြီ။ အမှာစာတွေ ပြန်ရတဲ့အခါ အလုပ်သမား ရှားပါးမှုက ရှောင်လွှဲလို့မရပါဘူး" ဟု ၎င်းက ပြောကြားသည်။

အလားတူ ဖြစ်ရပ်မျိုးတို့ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည်။

ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှင့် အဓိကစျေးကွက်များတွင် သုံးစွဲမှုကျဆင်းခြင်းကြောင့် ဝယ်လက်များက အမှာစာများကို ပယ်ဖျက်နေကြသည်။ သို့ဖြစ်ရာ စက်ရုံများ အလုပ်လျော့နည်းသွားပြီး လုပ်သားများ ဝင်ငွေ လျော့ကျကုန်သည်။

Thanh Cong Textile Garment Investment မှ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာ Nguyen Huu Tuan က ယခုနှစ်၏နောက်ဆုံးလအနည်းငယ်တွင် ကုမ္ပဏီများ၏ ခံနိုင်ရည်ကို စမ်းသပ်မည်၊ မတောင့်တင်းသော ကုမ္ပဏီများသည် လုပ်ငန်း အရွယ်အစား လျှော့ချခြင်း ပြုကြရလိမ့်မည်၊ အချို့လုပ်ငန်းများ ပိတ်သိမ်းကြရလိမ့်မည်ဟု ပြောကြားသည်။

ခိုင်မာသောကုမ္ပဏီများသည် ဝန်ထမ်းများကို ထိန်းသိမ်းထားဖို့ ကြိုးပမ်းရင်း အခြေအနေ ပြန်လည်ကောင်းမွန်လာစေရန် စောင့်ဆိုင်းနေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇူလိုင်လတွင် Thanh Cong သည် အလုပ်သမားများ၏ လစာကို ၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီး ၎င်းတို့၏ နေ့စဉ် လောင်စာဆီ ထောက်ပံ့ကြေးကို ၅၀ ရာခိုင်နှုန်းတိုးပေးခဲ့ရာ  ဗီယက်နမ်ဒေါင် ၁၅,၀၀၀ သို့ တိုးမြှင့်ခဲ့သည်။

ဖိနပ်ထုတ်လုပ်သည့် Changshin မှ ဗီယက်နမ် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ Dang Tuan Tu က ကုမ္ပဏီသည် အမှာစာများ အလုံအလောက်မရရှိကြောင်း၊  ဤအခြေအနေသည် လာမည့်နှစ် ပထမသုံးလပတ်အထိ ကြာရှည်နိုင်သည်ဟု ခန့်မှန်းသည်။
ထုတ်လုပ်မှုလိုင်းအများအပြားကို ပိတ်ခဲ့ပြီး အလုပ်သမားဦးရေ ၁,၀၀၀ ကို အခြားလိုင်းများသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
"ဝန်ထမ်းတွေကို ထိန်းထားနိုင်ဖို့ ကျွန်တော်တို့က သူတို့အားလုံးကို အလုပ်တွေ မျှပြီး ခွဲဝေပေးပါတယ်" ဟု ၎င်းက ပြောကြားသည်။
ယခုအခါ ကုမ္ပဏီမှ ဝန်ထမ်းများအား အလုပ်ပမာဏနည်းပါးမှုကြောင့် တစ်လလျှင် အပိုနှစ်ရက် အနားယူခွင့်ပေးခဲ့သော်လည်း အချို့မှာ အလုပ်ထွက်ခဲ့ကြသည်။

အမေရိကန်နှင့် ဥရောပ ဈေးကွက် နှစ်ခုသည် ဗီယက်နမ်အတွက် အဓိကကျသည်။ ၎င်းဈေးကွက် နှစ်ခုတွင် စားသုံးသူတို့၏ ဝယ်လိုအား ကျဆင်းနေသည်။ ‌၎င်း ဈေးကွက်များထဲသို့ ဗီယက်နမ်မှ လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်းနစ်ပစ္စည်း၊ အထည်ချုပ်၊ သစ်အချောထည်၊ သံမဏိ တင်ပို့သူများ အမှာစာများ လျော့ကျနေသည်ဟု HCMC Union of Business Associations ၏ လက်ထောက်ဥက္ကဋ္ဌ Tran Viet Anh  က ပြောကြားသည်။
"ဝယ်လိုအားမရှိခြင်းကြောင့် ကုမ္ပဏီအများအပြားတွင် ကုန်ချောလက်ကျန်များ မြင့်မား‌နေပါတယ်" ဟု ၎င်းက ပြောကြားသည်။

Covid-19 ကြောင့် နှစ်နှစ်ကြာ ရပ်နားထားရပြီး ကုန်သွယ်မှု၊ စားသုံးမှုနှင့် ခရီးသွားလာမှု ပြန်လည်စတင်နိုင်သောကြောင့် ယခုနှစ် ပထမခြောက်လအတွင်း စီးပွားရေး ကိန်းဂဏန်းများသည် ကဏ္ဍများစွာမှ ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေသော်လည်း ဒုတိယနှစ်ဝက်တွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆက်လက်ကျဆင်းနေခြင်းကြောင့် ဝန်ထမ်းများသည် အလုပ်ချိန်နည်းပါးလာခြင်းကြောင့် ဝင်ငွေ လျော့ကျသည်။ အလုပ်သမား အများအပြား အလုပ်ထွက်ပြီး ၎င်းတို့၏ မူလဇာတိရပ်မြေသို့ ပြန်ကုန်ကြသည်။


အသက် ၄၀ အရွယ် Huynh Van Toan သည် Binh Duong ပြည်နယ်ရှိ Hoang Thong Wood စက်ရုံတွင် အမှာစာ ရရှိမှု ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် မကြာသေးမီက အလုပ်မှ နုတ်ထွက်ခဲ့သည်။ အချိန်ပို အလုပ်မဆင်းရသဖြင့် ဝင်ငွေ သုံးပုံတစ်ပုံ လျော့ကျသွားခဲ့သည်။ 
စက်ရုံဝန်ထမ်းအဖြစ် အနှစ် ၂၀ ကြာ လုပ်ကိုင်ခဲ့ပြီးနောက် တံငါသည်အဖြစ် လုပ်ကိုင်ရန် ၎င်း၏ ဇာတိရပ်ရွာ တည်ရှိသည့် ကမောခရိုင်သို့ ပြန်လာခဲ့သည်။
"ကျွန်တော်ဆက်နေမယ်ဆိုရင် ကျွန်တော့်မိသားစု ငွေရေးကြေးရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်" ဟု သူက ပြောသည်။
Toan သည် ကုမ္ပဏီမှ နုတ်ထွက်သည့် ဝန်ထမ်း ဦးရေ ၈၀၀ ကျော်ထဲမှ တစ်ဦးဖြစ်သည်။

၎င်းကုမ္ပဏီ၏ လူ့စွမ်းအားအရင်းအမြစ်ဒါရိုက်တာ Duong Quang Hiep က ဧပြီလတွင် ဝယ်ယူသူများသည် အမှာစာများအတွက် ကုန်ချောများ ရယူရန် ထရပ်ကားများ စေလွှတ်ပေးခဲ့ကြောင်း၊ သို့သော် မေလမှစတင်၍ ဝယ်လိုအားရုတ်တရက်ကျဆင်းလာပြီး ပို့ကုန်များ နည်းပါးသွားခဲ့ကြောင်း ပြောကြားသည်။

"အလုပ်သမား ၁,၅၀၀ ကို စုဆောင်းဖို့ ဒီနှစ်အစောပိုင်းက ဗီယက်နမ်ဒေါင် ၃ ဘီလီယံ သုံးစွဲခဲ့ပေမယ့် အခု တစ်ဝက်လောက်က ထွက်သွားတာကို တွေ့ရတယ်" ဟု ၎င်းက ပြောကြားသည်။

လုပ်ငန်းများ ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိရန် လာမည့်နှစ်လယ်အထိ ကြာလိမ့်မည်ဟု ၎င်းက ခန့်မှန်းထားသည်။
အလားတူ ဖြစ်စဉ်ကို အလုပ်သမား ၁.၂ သန်းရှိသော စက်မှုပြည်နယ် Binh Duong တွင်လည်း ကြုံနေရသည်။

ဒုတိယသုံးလပတ်မှစ၍ ကုမ္ပဏီပေါင်း ၃၃၀ ကျော်သည် အခက်အခဲများ ကြုံနေရပြီး ထုတ်လုပ်မှုကို လျှော့ချဖြတ်တောက်ခဲ့ကြောင်း၊ ဝန်ထမ်းများကို လစာမပေးဘဲ အိမ်မှာ နေခိုင်းခဲ့ကြောင်း ပြည်နယ် အလုပ်သမားသမဂ္ဂက ပြောကြားသည်။ အလုပ်သမားဦးရေ ၄၁,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ပြောကြားသည်။

အားလုံးနီးပါး ကော်လာပြာ အလုပ်သမားများကုိသာ ငှားရမ်းထားသော အခန်းပေါင်း ၁,၃၀၀ ကျော်ရှိသည့် Hung Loi 2 အဆောင်သည် ပြီးခဲ့သောလအနည်းငယ်အတွင်း ထောင်နှင့်ချီသော အိမ်ငှားများ စွန့်ခွာသွားခဲ့သည်ကို ကြုံရသည်။

တစ်ချိန်က အခန်းငှားသူ ဦးရေ ၄,၀၀၀ ရှိခဲ့သော်လည်း ယခုအခါ ထက်ဝက်ခန့် ကျဆင်းသွားခဲ့ပြီး အများစုမှာ ပြန်လာမည်ဟု ကတိမပေးဘဲ ထွက်ခွာသွားခဲ့ကြောင်း ၎င်း၏မန်နေဂျာ Nguyen Van Hung က ပြောကြားခဲ့သည်။
"အခုအခြေအနေက Covid-19 ဖြစ်ပွားနေချိန်ထက်တောင် ပိုခက်ခဲနေပြီ"ဟု သူက ပြောကြားသည်။ ကိုဗစ်ကာလတွင် စားစရာအတွက် အရေးပေါ် ထောက်ပံ့မှုများ ရခဲ့ကြပြီး ယခုအခါ "ဘာစားစရာမှ မရဘူး" ဟု သူက ပြောကြားသည်။

"သူတို့က တစ်လကို ဗီယက်နမ်ဒေါင် ၅ သန်းသာ ၀င်ငွေရပြီး သူတို့ရဲ့ အသုံးစရိတ်ကို မကာမိဘူး။ ဒီတော့ သူတို့ ထွက်သွားရတယ်" ဟု သူက ပြောပြသည်။

ဆက်လက်တည်းခိုနေထိုင်ကြသူများအနက် အချို့မှာ အသက်ရှင်သန်ရန် အနီးနား ရှာဖွေ၍ ရတတ်သမျှ  ဟင်းသီးဟင်းရွက်များကို စားသုံးနေကြရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

စက်ရုံများသို့ အလုပ်သမားများ ပြန်လည်ရောက်ရှိနိုင်ခြေသည် ကမ္ဘာ့ဝယ်လိုအား ပြန်လည်ကောင်းမွန်လာမှုအပေါ် မူတည်သော်လည်း မည်သည့်အချိန်တွင် ဖြစ်လာမည်ကို လေ့လာသုံးသပ်သူများက အသေအချာ မပြောနိုင်ကြချေ။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ မှ 'အုံ့မှိုင်းပြီး မသေချာမရေရာမှုများ' ဟု အမည်ပေးထားသည့် ၎င်း၏ ဇူလိုင်လ ထုတ်ပြန်ခဲ့သည် ကမ္ဘာ့စီးပွားရေးအလားအလာတွင် ကမ္ဘာလုံးဆိုင်ရာ GDP တိုးတက်မှုနှုန်းသည် ယမန်နှစ်က ၆.၁% မှ ယခုနှစ်တွင် ထက်ဝက်နီးပါး ၃.၂% ရှိမည်ဟု ခန့်မှန်းထားသည်။

အမေရိကန်တွင် ၀ယ်လိုအား လျော့ကျခြင်း၊ တရုတ်နိုင်ငံတွင် ပိုမိုနက်ရှိုင်းလာနေသော အိမ်ခြံမြေအကျပ်အတည်းနှင့် ရုရှား-ယူကရိန်းအကျပ်အတည်းမှ ဥရောပတွင် ကျရောက်နေသော ဂယက်များသည် အုံ့မှိုင်းသော အလားအလာများအတွက် အကြောင်းရင်းအချို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ပြောကြားထားသည်။
ထိုအခြေအနေများကြောင့် ဖိနပ်ထုတ်လုပ်သည့်  Nguyen Phuoc ကဲ့သို့သော ကုမ္ပဏီများအတွက် ကြီးမားသည့် အခက်အခဲ ဖြစ်စေသည်။ စက်တင်ဘာလနှင့် အောက်တိုဘာလအတွက် အမှာစာများ သိသိသာသာ လျော့နည်းစေခဲ့သည်။

ယခင်က ကုမ္ပဏီသည် ခြောက်လခန့် ကြိုတင်မှာကြားသော အမှာစာများ ရရှိခဲ့သည်။ ယခု နှစ်လကြိုတင်မှာသည့်  အမှာစာများကိုသာ ရရှိသည်ဟု စီအီးအို Nguyen Huu Phuoc က ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ စာချုပ်အများစုကို ယခုနှစ်အစောပိုင်းမှာ ချုပ်ဆိုခဲ့သော်လည်း ယခုအခါ ပို့ကုန်အမှာစာများ ကုန်သွားပါပြီ။ ဖျက်သိမ်းလိုက်သော အမှာစာများလည်း ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
နောက်ဆုံးတွင် အလုပ်သမားများ ထိခိုက်မှု အဆိုးဆုံး ဖြစ်လိမ့်မည်။

အသက် ၂၅ နှစ်အရွယ် Le Van Vu သည် ဟိုချီမင်းစီတီး၏ Thu Duc City ရှိ အီလက်ထရွန်နစ်ပစ္စည်းစက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ပြီး အလုပ်မှ ထုတ်ပယ်ခြင်း ခံရသည်။
သူ့ထုတ်လုပ်မှုလိုင်းမှာ အလုပ်သမား ၄၀၀ ဦး ရှိသည်။ ၂၀% ကို အလုပ်မှ ထုတ်ပယ်လိုက်သည်။
"အခြားသူတွေ အချိန်ပို ဆင်းလို့ရအောင် ငါတို့ကို  အလုပ်က ထုတ်ပစ်မှရမယ်"ဟု သူက ပြောသည်။

အလုပ်မှ ထုတ်ပယ်ခံရပြီးကတည်းက အလုပ်အကိုင် ရလို့ရငြား အခြားစက်ရုံအများအပြားတွင် မေးမြန်းခဲ့သော်လည်း ယခုအထိ အလုပ်မရသေးချေ။
Source vnexpress
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Export, Import Labour Affairs Read 2913 times