(၁၆) ကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင်ဆန်စပါးကဏ္ဍ၊ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်း ကဏ္ဍ၊ မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ နှင့် ပင်လယ်ကူးသဘောင်္သားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆန်စပါးကဏ္ဍအတွက် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင် တင်ပြခဲ့သည့်အချက်များမှာ -
(၁) မြို့နယ် (၃၃) မြို့နယ်တွင် ဒေသအခြေပြု လယ်ယာစီးပွားရေး ဝန်ဆောင်မှုလုပ်ငန်း စင်တာ Agribusiness Services Center (ASC) များ ထူထောင်ရန် China EXIM Bank မှ ချေးငွေရယူနိုင်ရေးအတွက် အကြောင်းကြားစာထုတ်ပေးပါရန်
(၂) စပါးဈေးကောင်းရချိန်စောင့်၍ ရောင်းချနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်စေရန် သိုလှောင်ရုံ တည်ဆောက်ရေး Drying & Storage Centre – DSC Project အား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ဆောက်ရန်အတွက် ဆန်စပါးကဏ္ဍ အတွက် SME ချေးငွေလျာထားပေးသော (၆၀) ဘီလီယံအနက်မှ ၂၀၁၈ ခုနှစ်တွင် (၁၅) ဘီလီယံကျပ်ငွေ လျာထားပေးပါရန်
(၃) ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်မှ လက်ခံသော ရှည်၍သွယ်သည့် (Long & Slender) ရက် (၉၀)၊ ရက် (၁၀၀) စသော ရက်တိုစပါးမျိုးများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ Breeder Seed, Foundation Seed များ တိုးမြှင့် ထုတ်ပေးနိုင်ရန်။ စပါးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ငန်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရန်
(၄) လယ်ယာမြေ မှတ်ပုံတင်လက်မှတ် (ပုံစံ ၇) ကို အာမခံထား၍ ဘဏ်များ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဘဏ်ချေးငွေရယူနိုင်ရန် စသည့်အချက်များ ဖြစ်ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးကတော့ တရုတ်ပြည်ဈေးကွက်အပါအဝင် တရားမဝင်နယ်စပ်မှ စပါးများအမြောက်အမြား ကုန်သွယ်နေမှုအပေါ် ထိရောက်စွာ တားဆီးပေးရန်ဆိုသောအချက်ကို တင်ပြခဲ့ပါသည်။
မတ်ပဲနှင့် ပဲစဉ်းငုံ ကုန်သွယ်မှုကဏ္ဍအတွက်ကိုတော့ ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန် တင်ပြခဲ့သည့်အချက်များမှာ -
(၁) အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့်ပဲစဉ်းငုံတို့အား တင်သွင်းရန် တန်ချိန်ကန့်သတ်ခဲ့ပြီးနောက် ယခုနှစ်စိုက်ပျိုး ထွက်ရှိသည့် မတ်ပဲနှင့် ပဲစဉ်းငုံတို့မှာ စိုက်ပျိုးစရိတ်ပင် မကာမိအောင် ဈေးနှုန်းကျဆင်းလျက်ရှိသောကြောင့် စိုက်ပျိုးသည့် တောင်သူများ ထိခိုက်နစ်နာသဖြင့် နောင်စိုက်ပျိုးရေးရာသီတွင် ၎င်းပဲများကို ဆက်လက် စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း
(၂) ပဲစိုက်တောင်သူများအနေဖြင့် ပဲဈေးကျဆင်းမှုကြောင့် လာမည့်နှစ်များတွင် မည်သည့်သီးနှံ စိုက်ပျိုးရမည်ကို သီးနှံရွေးချယ်နိုင်ရန်လိုအပ်နေသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းများဖြင့် တောင်သူများကို အမြန်ဆုံးထိထိရောက်ရောက် ပညာပေး ညွှန်ကြားမှုပြုပေးပါရန်
(၃) အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု ပေါ်လစီကို ယခုအချိန်အထိ မသိရှိရသေးခြင်းကြောင့် လက်ရှိ ထွက်ပေါ်နေသော မတ်ပဲနှင့် ပဲစဉ်းငုံတို့ကို အိန္ဒိယနိုင်ငံတင်မဟုတ်ပဲ အခြားလက်ခံဝယ်ယူနိုင်မည့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး အတွက် နိုင်ငံတော်မှ ဈေးကွက်ရှာဖွေပေး၍ စီမံဆောင်ရွက်ပေးရန်
(၄) အိန္ဒိယသို့ မတ်ပဲနှင့် ပဲစဉ်းငုံမတင်ပို့နိုင်ပါက ပဲဈေးကျဆင်းမှုကြောင့် စိုက်ပျိုးသည့်တောင်သူများ ထိခိုက် နစ်နာဆုံးရှုံးမှု ဖြစ်နေသဖြင့် လက်ရှိပဲဈေးကို ထိုက်သင့်သော ဈေးနှုန်းရရှိစေရန် အစိုးရမှ စီမံဆောင်ရွက်ပေးရန် စသည့်အချက်များ ဖြစ်သည်။
UMFCCI