စားအုန်းဆီ ထုတ်လုပ်မှု ပိုများမည်ဟု USDA ခန့်မှန်း


14 April, 2022

စားအုန်းဆီ ထုတ်လုပ်မှု ပိုများမည်ဟု USDA ခန့်မှန်း


အမေရိကန် စိုက်ပျိုးရေးဌာန USDA မှ ထုတ်ပြန်သော ဧပြီလ ထုတ်ပြန်ချက်တွင် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု ပိုများမယ် လို့ ခန့်မှန်းထားပါတယ်

ဧပြီလ ၁၂ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန် စိုက်ပျိုးရေးဌာန US Department of Agriculture (USDA) ရဲ့ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် လက်ကျန်သိုလှောင်မှု ကြိုတင်ခန့်မှန်းချက်မှာ အောက်တိုဘာလ ၂၀၂၁ မှ စက်တင်ဘာလ ၂၀၂၂ အထိ ဈေးကွက်နှစ်အတွင်း စားအုန်းဆီ တန်ချိန် ၇၅.၅၉ သန်း ထုတ်လုပ်မယ်လို့ ခန့်မှန်းခဲ့ပြီး ယခု ဧပြီလ ခန့်မှန်းချက်မှာ တန်ချိန် ၇၇.၀၅ သန်းလို့ တိုးမြှင့်ထားပါတယ်။

ယခင် ဈေးကွက်နှစ် ၂၀၂၀-၂၁ ဈေးကွက်နှစ်အတွင်း စားအုန်းဆီ အမျိုးမျိုး ထုတ်လုပ်မှုပမာဏ တန်ချိန် ၇၃.၁၁ သန်းအထိ ရှိခဲ့ပါတယ်။

 

စိုက်ခင်းနှင့် ထုတ်လုပ်မှု

USDA က ရွှေ့ပြောင်းလုပ်သားများ ဆီအုန်းစိုက်ခင်းများသို့ ပြန်လည်ရောက်ရှိလာကြမယ်လို့ မျှော်လင့်ပါတယ်။ မလေးရှား ဆီအုန်းစိုက်ခင်းများမှာ လုပ်သားမလုံလောက်တဲ့ ပြဿနာ လျော့ကျသွားပြီး ထုတ်လုပ်မှု ပိုများလာမယ်လို့ မျှော်မှန်းထားပါတယ်။ မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု ၂၀၂၁-၂၂ မှာ တန်ချိန် ၁၉ သန်း ရှိမယ်လို့ ဧပြီလ ခန့်မှန်းချက်မှာ တိုးမြှင့်ထားပါတယ်။ မတ်လ ခန့်မှန်းချက်မှာ တန်ချိန် ၁၈.၇ သန်း လို့ ခန့်မှန်းခဲ့ပြီး ယခု ဧပြီလမှာ တန်ချိန် ၃ သိန်း တိုးလိုက်တာ ဖြစ်ပါတယ်။


အင်ဒိုနီးရှားနိုင်ငံ ထုတ်လုပ်မှု ပမာဏ ၂၀၂၁-၂၂ ဈေးကွက်နှစ်မှာ တန်ချိန် ၄၅.၅ သန်းလို့ ယခုဧပြီလမှာ ခန့်မှန်းထားပါတယ်။ ယခင်မတ်လမှာ တန်ချိန် ၄၄.၅ သန်းလို့ ခန့်မှန်းခဲ့ပါတယ်။
အင်ဒိုနီးရှား ဆီအုန်းစိုက်ခင်း အဓိက စိုက်ပျိုးရာဒေသ ဖြစ်တဲ့ ကာလီမန်တန်နှင့် ဆုမတြာတောင်ပိုင်းတို့မှာ ရာသီဥတု သင့်တင့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ဝယ်လက်များ

စားအုန်းဆီ ကုန်သွယ်မှုမှာ တရုတ်နိုင်ငံ ဝယ်လိုအား ပိုများလာတယ်လို့ USDA က ရှုမြင်ပါတယ်။

၂၀၂၁-၂၂ မှာ တရုတ်ပြည်က စားအုန်းဆီ တန်ချိန် ၆.၇ သန်း တင်သွင်းလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး ယခု ဧပြီလ ခန့်မှန်းချက်မှာ တန်ချိန် ၇.၁ သန်းလို့ တိုးမြှင့်ထားပါတယ်။
ယခင်‌ေဈးကွက်နှစ်ကာလ ၂၀၂၀-၂၁ မှာ တရုတ်နိုင်ငံက စားအုန်းဆီ တန်ချိန် ၆.၈၂ သန်း တင်သွင်းခဲ့ပါတယ်။ ယခုနှစ်ကာလမှာ ပဲပုပ်ဆီ ကြိတ်တာ လျော့နည်းနေတဲ့အတွက် စားအုန်းဆီ တင်သွင်းမှု ပိုများမယ်လို့ ခန့်မှန်းပါတယ်။

ရောင်းဈေးနှုန်းများ ပိုမြင့်ခြင်း၊ အစိုးရက စည်ူကြပ်တဲ့ ပို့ကုန်ခွန် မြင့်မားထားခြင်းတို့ကြောင့် အင်ဒိုနီးရှား စားအုန်းဆီကုိ အိန္ဒိယက တင်သွင်းမှု ပမာဏ ယခုနှစ်မှာ ယခင်နှစ်ထက် လျော့နည်းလိမ့်မယ်လြို ခန့်မှန်းပါတယ်။ USDA က အိန္ဒိယက ၂၀၂၁-၂၂ မှာ စားအုန်းဆီ တန်ချိန် ၇.၇၅ သန်း တင်သွင်းလိမ့်မယ်လို့ မတ်နှင့် ဧပြီ ၂ လစလုံးမှာ ပနာဏအတူတူ ခန့်မှန်းထားပါတယ်။
ယခင်နှစ် ၂၀၂၀-၂၁ မှာ တန်ချိန် ၈.၄၁ သန်း တင်သွင်းခဲ့ပါတယ်။


လက်ကျန် သိုလှောင်မှု

အင်ဒိုနီးရှားမှာ ၂၀၂၁-၂၂ ဈေးကွက်နှစ်အကုန်မှာ စားအုန်းဆီ လက်ကျန် သိုလှောင်မှု တန်ချိန် ၆.၅ သန်း ရှိလိမ့်မယ်လို့ မတ်လမှာ ခန့်မှန်းထားပြီး ဧပြီလမှာ တန်ချိန် ၇ သန်းလို့ ပြင်ဆင်ခန့်မှန်း ပါတယ်။
ယခင်နှစ် ၂၀၂၀-၂၁ မှာ လက်ကျန်သိုလှောင်မှု တန်ချိန် ၅.၉၈ သန်း ရှိခဲ့ပါတယ်။


၂၀၂၁-၂၂ ဈေးကွက်နှစ်အကုန်မှာ မလေးရှား စားအုန်းဆီ လက်ကျန်သိုလှောင်မှုကို မတ်လတုန်းက တန်ချိန် ၁.၆၂ သန်းလို့ USDA က ခန့်မှန်းခဲ့ပြီး ဧပြီလမှာ ၁.၈၂ သန်းလို့ တိုးမြှင့် ခန့်မှန်းပါတယ်။
ယခင်နှစ် ၂၀၂၀-၂၁ မှာ လက်ကျန်သိုလှောင်မှု တန်ချိန် ၁.၆၂ သန်း ရှိခဲ့ပါတယ်။

Agriculture & Livestock Read 1373 times