ဗဟိုဘဏ်က ဒေါ်လာဈေး နှုန်းထားတစ်ခုမှာ တည်ငြိမ်အောင် ထိန်းကျောင်းသွားမည်ဟုဆို


18 August, 2021

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက ပြင်ပငွေလဲဈေးကွက်မှာ တဒေါ်လာကို ၁၈၀၀ နီးပါးအထိ အမြင့်ဆုံးနှုန်းကို တကျော့ပြန် ရောက်လာပါတယ်။ ဒီရက်ပိုင်းမှာ ပြည်တွင်းဘဏ်တွေ ပိတ်ထားတာကြောင့် အခုလို တက်လာလို့ ပြောနေကြပေမဲ့ ဗဟိုဘဏ်ကတော့ နှုန်းတားတစ်ခုမှာ တည်ငြိမ်အောင် ထိန်းကျောင်းသွားမယ်လို့ ဗီအိုအေကို ပြောပါတယ်။ 

ဩဂုတ်လအစာပိုင်းကစလို့ တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်းဟာ ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ၁၇၄၀ ကျပ်နဲ့ အမြင့်ဆုံးကို ပြန်ရောက်လာပါတယ်။ ဗဟိုဘဏ်ကတော့ ငွေလဲနှုန်း ဒီထက်တက်မလာဖို့ နည်းလမ်းတချို့နဲ့ ထိန်းကြောင်းသွားမယ်လို့ ပြောပါတယ်။

သွင်းကုန်ဖြစ်တဲ့ ဆေးဝါး၊ လောင်စာဆီ၊ စားသုံးဆီ၊ စားသောက်ကုန် ဒါတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို လိုအပ်ချက်ပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနဲ့နည်းနဲ့ နောက်တနည်းကတော့ လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေ ငွေကြေးရောင်းဝယ်တာမှာ ဖြစ်သင့်တဲ့ အတိုင်းအတာထက် မကျော်အောင် ညှိနှိုင်းလုပ်ဆောင်ပေးတဲ့နည်း စတဲ့နည်းလမ်း ၂ ခုကို အသုံးပြုသွားမယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ထိန်းချုပ်မယ်ဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ ဒေါ်လာဈေးဆိုတာကတော့ ကိုယ်လိုချင်သလို ဈေးကိုထိန်းချုပ်လို့တော့ မရဘူးပေါ့။ သို့သော် ထိုက်သင့်တဲ့ ဈေးတခုအပေါ်မှာပဲ အရောင်းအဝယ်ဖြစ်အောင်ရယ်၊ မလိုအပ်ဘဲနဲ့ ဒေါ်လာဈေး မြင့်မားမှုနဲ့အတူ ကျန်တဲ့ကုန်စည်ဈေးနှုန်းတွေ မမြင့်မားအောင်တော့ ကျနော်တို့ ထိန်းရမှာပေါ့။ ဆိုတော့ အကြမ်းဖျင်းအားဖြင့် ၁,၇၀၀ အတွင်းမှာပဲရှိအောင် ကျနော်တို့ထိန်းဖို့ လျာထားပါတယ်။”

လတ်တလော ဒေါ်လာဈေးနှုန်း ထိန်းချုပ်ဖို့အတွက်တော့ ဒီရက်ပိုင်းမှာ ဘဏ်တွေပိတ်ထားတဲ့အတွက် မစီစဉ်ရသေးကြောင်း သူကပြောပါတယ်။

ပုဂ္ဂလိက ဘဏ်တွေကို ဩဂုတ်လ ၁၄ ရက်ကနေ ၂၂ ရက်အထိ ပိတ်ထားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။ ပြည်တွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲနဲ့ ဘဏ်ပိတ်ရက်ကြောင့် ဒေါ်လာဈေးပြန်တက်လာတယ်လို့ ခန့်မှန်းတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ဒေါ်လာဈေးက ၁,၈၀၀ ကျပ်ဝန်းကျင် ကို ရောက်သွားနိုင်တယ်လို့ ဒေါ်လာနဲ့ ရွှေအရောင်းအဝယ် လုပ်ငန်းတခုက ဒေါ်တင့်တင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“တက်လာတယ်ဆိုတာ ဘဏ်ပိတ်လိုက်လို့ဆိုတဲ့ သဘောအနေနဲ့ သူတို့ (ဒေါ်လာရောင်းသူတွေ) က အလယ်မှာ ငွေကြေးကို ကစားနေတာ။ ၆၀၊ ၇၀ လောက် အထိ တက်ဦးမလားမသိဘူး။ ၁,၈၀၀ လောက်ကတော့ ခန့်မှန်းကြည့်တာ မကျော်လောက်ဘူးရှင့်။ ရာခိုင်နှုန်းအားဖြင့်တော့ နည်းနည်းလေး ပြန်ဆွဲတင်နိုင်သေးတယ်ရှင့်။ နောက်တပတ်လောက်ဆိုရင်တော့ ပုံမှန်လေးတော့ ပြန်ဆင်းသွားလိမ့်မယ်။ ဘဏ်က တော်ရုံတန်ရုံဆို ပိတ်လေ့မရှိဘူးလေ။ အဲဒီဂယက်လေးကြောင့်လည်း ပါမယ်ထင်တယ်။"

မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဒေါ်လာ ၃ သန်း ဒါမှမဟုတ် ၂.၅ သန်းဝန်းကျင် ပမာဏကို ဩဂုတ်လအတွင်း ခန့်မှန်းခြေ ၁၀ ကြိမ်နီပါးလောက် ရောင်းချခဲ့ပါတယ်။ ဒါကတော့ ဒေါ်လာဈေးနှုန်း ထိန်းညှိဖို့ နည်းလမ်းတခုအနေနဲ့ အသုံးပြုတာလည်း ဖြစ်ပါတယ်။

ဒေါ်လာဈေးနဲ့အတူ မြန်မာ့ရွှေဈေးကလည်း ပြန်တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၁,၆၈၈,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ဆယ်နှစ်တာအတွင်း အမြင့်ပိုင်းကို တကျော့ ပြန်ရောက်လာပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၇၄ ရှိနေပါတယ်။

ဗီအိုအေ
 

Local News Banking & Loan Read 13736 times