တိုင်ကွန်း ရောဘတ်ကွပ်နှင့် ရှန်ဂရီလာဟိုတယ်များ(2)


08 August, 2018

မလေးရှားနိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ တိုင်ကွန်းလည်း ဖြစ်သူ ရောဘတ်ကွပ်က သူ့ရဲ့ ဟိုတယ်စီမံကိန်းတွေမှာ အဆင်ပြေတာ ရှိသလို မပြေတာတွေ၊ မအောင်မြင်တာတွေလည်း ရှိကြောင်း ပြောပြခဲ့တယ်။

အောင်မြင်ခြင်း မအောင်မြင်ခြင်း

*******************

Shangri-La စီမံကိန်းတွေ အားလုံး ချောချောမွေ့မွေ့ လုပ်ကိုင်သွားခဲ့တယ်လို့ ခင်ဗျား ယုံအောင ်ကျွန်တော်ပြောရင် ကျွန်တော် လိမ်လည်လှည့်ဖျားတာပဲ ဖြစ်လိမ့်မယ်။

ကျွန်တော် နမူနာ လေးခုကို ပြောပြမယ်။ အဲဒီ လေးခုမှာ ပထမဆုံးဖြစ်တဲ့ ဘန်ကောက်မှာ လုပ်တဲ့ စီမံကိန်းတစ်ခုပဲ ကောင်ကောင်း အဆုံးသတ်ခဲ့တယ်။

ဒုတိယ လုပ်တဲ့ တိုကျိုမှာ ဘာမှ ဖြစ်မလာခဲ့ဘူး။

တတိယ လုပ်တဲ့ ဆိုးလ်မှာ စိတ်ပျက်ဖွယ်ရာဖြင့် အဆုံးသတ်တယ်။

စတုတ္ထ လုပ်တဲ့ စီမံကိန်းက မြန်မာပြည်မှာ။ အဲဒါက အချိန်လိုနေတယ်။

အရင်ဆုံး လုပ်ရမယ့်ကိစ္စ

****************

Shangri-La Singapore ရဲ့ ဘုတ်အဖွဲ့ အစောပိုင်း အစည်းအဝေးတွေမှာ ကျွန်တော် အမြဲ ထပ်ခါတလဲလဲ ပြောနေကျ စကား ရှိတယ်။ ကျွန်တော်က ပြောတယ်။

ကျွန်တော်တို့ စလုပ်စရာ ၃ ခု ရှိတယ်။ ဒီအစီအစဉ်အရ လုပ်ရမယ်။ ကျွန်တော်တို့ရဲ့ ဟိုတယ်ဝန်ထမ်းတွေကို ကြည့်ရှုစောင့်ရှောက်ရမယ်။ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို ကြည့်ရှုစောင့်ရှောက်ရမယ်။ ကျွန်တော်တို့ရဲ့ အစုရှယ်ယာရှင်တွေကို ကြည့်ရှုစောင့်ရှောက်ရမယ်။

ဝန်ထမ်းပထမ

*********

ဧည့်သည်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ကို ဘာလို့ ပထမနေရာမှာ မထားရတာလဲဆိုတာကို ကျွန်တော် မြန်မြန်ရှင်းပြခဲ့တယ်။

ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ကျကျနန ကြည့်ရှုစောင့်ရှောက်တာဟာ ပိုင်ရှင်တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားဖြစ်ပါတယ်။

သူတို့ စိတ်အားထက်သန်အောင် လုပ်ရမယ်။ ကျွန်တော်တို့က တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ၊ မလွတ်စတမ်း အသုံးချနေတဲ့သူတွေ မဟုတ်ဘူးဆိုတာ သူတို့ကို ပြသရမယ်။ နမူနာကောင်းတွေ ချမှတ်ပြီး လုပ်ငန်းက လုပ်ဖို့ ခွင့်ပြုသရွေ့ သူတို့ကို ကြင်ကြင်နာနာ သဘောကောင်းကောင်းဖြင့် ဆက်ဆံပြုမူရမယ်။ ကျွန်တော်တို့က သခင်တွေလို မာစတာတွေလို မပြုမူဘဲ သူတို့ကို ရောင်းရင်လူသားတွေအဖြစ် ဆက်ဆံပြုမူရမယ်။

သူတို့ကို စိတ်အားထက်သန်စေပြီး ဧည့်သည်တွေ၊ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးအောင် လုပ်ရမယ်။ ကျွန်တော်တို့က အရာတိုင်းကို အဓိပ္ပာယ်ရှိရှိဖြင့် လုပ်မယ်ဆိုရင် အစုရှယ်ယာရှင်တွေကို အမြတ်ကောင်းကောင်း ချီးမြှင့်တဲ့ အဖြစ်ဆီမှာ အဆုံးသတ်မယ်။ ကျွန်တော်တို့ အမြတ်ဝေစုတွေကို ကောင်းကောင်း ပေးနိုင်မယ်။

How To Read 6565 times